စစ်ကောင်စီတပ်က မကွေးတိုင်း ထီးလင်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့အတွက် အဲဒီဒေသက ပြည်သူ ၃၀၀ ကျော် ချင်းပြည်နယ် မင်းတပ်မြို့နယ်ထဲမှာ စစ်ဘေးတိမ်းရှောင်နေရပြီး လက်ရှိမှာ ချင်းတောင်ရဲ့ ရာသီဥတု အခြေအနေကြောင့် အဝတ်အထည်နဲ့ ခြုံစောင်တွေ လိုအပ်နေသလို စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေလည်း လိုအပ်နေတဲ့အတွက် ကူညီပေးဖို့ မင်းတပ်စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေး ကော်မတီက မေတ္တာရပ်ခံထားပါတယ်။
လက်ရှိ စစ်ဘေးတိမ်းရှောင်လာတာ တလကျော်ရှိပြီဖြစ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ဘေးတိမ်းရှောင်နေရတဲ့ မင်းတပ်မြို့နယ် ပလုံတွီကျေးရွာက ဒေသခံတွေကို ဖမ်းဆီးခဲ့သလို နိုဝင်ဘာ ၁၀ ရက်နေ့မှာတော့ သတ်ဖြတ်မီးရှို့ခံထားရတဲ့ အရပ်သားပြည်သူတွေကို တွေ့ရှိခဲ့ရပြီး အဲဒီအရေအတွက်ကိုတော့ အတည်ပြုနိုင်ဖို့ ကော်မတီက ကြိုးစားနေတယ်လို့လည်း ပြောပါတယ်။
မင်းတပ်မြို့နယ်ထဲမှာလည်း ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ မကြာခဏ တိုက်ပွဲဖြစ်ပွားနေပြီး မတူပီ-မင်းတပ် လမ်းမကြီးပေါ်က ကျေးရွာနေပြည်သူ ထောင်နဲ့ချီပြီးတော့လည်း တောတောင်တွေထဲမှာ စစ်ဘေးရှောင်နေရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေအရ သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီလက်ချက်ကြောင့် နိုင်ငံတဝန်း သေဆုံးသူ ၂,၄၀၀ ကျော်ရှိခဲ့ပြီး ဖမ်းဆီးခံရသူ ၁၆,၀၀၀ ကျော်ရှိခဲ့ကာ မြေပြင်မှာတော့ ထုတ်ပြန်ထားတဲ့ စာရင်းအချက်လက်တွေအရ ပိုများနိုင်တယ်လို့လည်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က နိုဝင်ဘာ ၁၁ ရက် နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာ မင်းတပ်-မတူပီ ကားလမ်းမှာ ဒီကနေ့ မွန်းတည့် ၁၂ နာရီခွဲလောက်က စစ်ကောင်စီတပ်တွေနဲ့ CDF-မင်းတပ်တို့ တိုက်ပွဲအပြင်းထန် ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ၁၅ ယောက်လောက်သေဆုံးပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ CDF-မင်းတပ်ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
စစ်ကောင်စီတပ်တွေကို CDF-မင်းတပ်က မိုင်းဆွဲတိုက်ခိုက်တာတွေအပြင် ပစ်ခတ်တိုက်ခိုက်ခဲ့တာ ကြောင့် သေဆုံးဒဏ်ရာရသူများတာလို့ ဆိုပါတယ်။
စစ်ကောင်စီဟာ မင်းတပ်မြို့နယ်ကို တယ်လီဖုန်းဆက်သွယ်ရေးလိုင်းတွေနဲ့ အင်တာနက်လိုင်းတွေ ကြိုတင် ကြံစည်ဖြတ်တောက်ကာ သတင်းအမှောင်ချထားတယ်လို့ ပြောပါတယ်။
မင်းတပ်-မတူပီကားလမ်း ၁၆ မိုင်နားမှာလည်း မတ်လ ၂၆ ရက်နေ့က စစ်ကောင်စီတပ်တွေနဲ့ CDF မင်းတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားကာ စစ်ကောင်စီတပ်သား ၅ ယောက်လောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ ချင်းတောင်ပေါ်ကို အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။