ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ ကျောင်းနေအရွယ်ကလေးတွေအတွက် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဦးစီး ဖွင့်လှစ်ထားတဲ့ အခြေခံပညာကျောင်းတွေမှာ တက်ရောက်ပညာသင်ကြားနေတဲ့ ကျောင်းသူ ကျောင်းသားပေါင်း ၆၀၀၀ ကျော်နေပြီဖြစ်ပါတယ်။
ကျေးရွာပေါင်း ၁၃၆ ရွာမှာရှိတဲ့ ကျောင်းနေအရွယ်ကလေး စုစုပေါင်း ၆၂၈၂ ယောက်ကို မင်းတပ်မြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းတွေက သင်ကြားပေးနေပြီး သင်ကြားရေးစတင်လာတာ ၃ လလောက်ရှိပြီလို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး-သတင်းအဖွဲ့က ထုတ်ပြန်ထားပါတယ်။
စေတနာ့ဝန်ထမ်းတွေ လုံလောက်စွာရရှိရေးအတွက်လည်း ပညာရေးဘုတ်အဖွဲ့က ဆရာအတတ်သင်သင်တန်းပေးနေပြီး စေတနာ့ဝန်ထမ်းဆရာ၊ ဆရာမ စုစုပေါင်း ၈၅၈ ဦးကို မွေးထုတ်ပေးနိုင်ခဲ့တယ်လို့လည်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး-သတင်းအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး-သတင်းအဖွဲ့က တာဝန်ရှိသူတစ်ဦးက “ကျနော်တို့က စနစ်သစ် သင်ရိုးညွှန်းတမ်းထဲမှာပါတဲ့ သင်္ချာ၊ အင်္ဂလိပ် အဲဒီလိုတွေ အဓိကထား သင်ပေးနေပါတယ်။ ဒါတွေအပြင် ဂီတအနုပညာတွေ၊ သီချင်းတွေလည်း ထည့်သွင်းသင်ကြားပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ချင်းပြည်နယ်မှာ နေထိုင်တဲ့ ဒေသခံပြည်သူတဦးက “ဒီလိုလေးတွေလုပ်တာ ကောင်းပါတယ်။ ဒီအချိန်မှာ ပညာသင်ခွင့်မရတဲ့ ကလေးတွေအတွက်လည်း ဝမ်းနည်းမိတယ်။ စစ်ကောင်စီက ဖွင့်တဲ့ကျောင်းမှာ ကလေးတွေကို သွားတက်ခိုင်းတဲ့ မိဘတွေကတော့ ကိုယ့်ကလေးရဲ့ လုံခြုံရေးကို တကယ်ဂရုမစိုက်တာလို့ပဲ မြင်တယ်” လို့ပြောပါတယ်။
လက်ရှိအချိန်မှာတော့ နိုင်ငံတစ်ဝန်းမှာ အစိုးရစာသင်ကျောင်းတွေ ဖွင့်လှစ်နေပြီး တက်ရောက်သူ ကလေးသူငယ်တွေလည်းရှိပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ-ပညာရေးဝန်ကြီးဌာနကလည်း အခုလက်ရှိမှာတော့ ကျောင်းသား၊ ကျောင်းသူ လူငယ်တွေ စဉ်ဆက်မပြတ်သင်ယူနိုင်ရေးအတွက် ကြားကာလ ပညာရေးအစီအစဉ်အရ အရေးပေါ်အခြေအနေမှာ အကောင်အထည်ဖော်ဆောင်တဲ့ ကာလတိုသင်ကြားရေး (Short Course) အစီအစဉ်ကို ပြည်တွင်း ပြည်ပ ပညာရှင်တွေနဲ့ပူးပေါင်း စီစဉ်နေတယ်လို့ ကြေညာထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှာ မီးနေသည် အမျိုးသမီးတယောက်ကို အဓမ္မပြုကျင့်တဲ့ဖြစ်စဉ်အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတယ်လို့ မင်းတပ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၁၁ ရက် ညက တီးတိန်မြို့နယ် အပ်လွယ်ရွာမှာ နေထိုင်တဲ့ မီးနေသည် အမျိုးသမီးတယောက်ကို စစ်ကောင်စီတပ်သားတွေက အကြိမ်ကြိမ် အဓမ္မပြုကျင့်ပြီး နေအိမ်က အဖိုးတန် လက်ဝတ်ရတနာတွေကိုလည်း ယူသွားခဲ့တယ်လို့ ဆိုပါတယ်။
အမျိုးသမီးရဲ့ ခင်ပွန်းကိုတော့ အဲဒီအချိန်မှာ ဝပ်ခိုင်းထားပြီး ရိုက်နှက်ကန်ကျောက် အနိုင်ကျင့်ခဲ့ကြတယ်လို့လည်း ဆိုပါတယ်။
ဒါဟာ တိုက်ပွဲနဲ့ မသက်ဆိုင်တဲ့ အမျိုးသမီးတွေရဲ့ လုံခြုံရေး အရှက်တရားနဲ့ အသက်၊ အခွင့်အရေးတို့ကို ချိုးဖောက်တာဖြစ်ပြီး ချင်းတမျိုးသားလုံးနဲ့ မြန်မာပြည်သူတွေကို စော်ကားတာပဲ ဖြစ်တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
အဓမ္မမှု ကျူးလွန်သူနဲ့ ကျူးလွန်မှုအတွက် တာဝန်ရှိသူအားလုံး အနေနဲ့ ဒီဖြစ်စဉ်အတွက် တာဝန်ယူရမှာဖြစ်ပြီး မင်းတပ်လူထုနဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတယ်လို့လည်း ထုတ်ပြန်ပါတယ်။