close

မင်းပြား

close

February 28, 2023

မင်းပြားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးက ဒုမြို့နယ်အုပ်ချုပ်ရေးမှူးကို ထိုးကြိတ်

ရခိုင်ပြည်နယ်၊ မင်းပြားမြို့မှာ မြို့နယ်အုပ်ချုပ်ရေးမှူးက မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူးကို ရုံးအတွင်း ထိုးကြိတ်ခဲ့တယ်လို့ ထိုးကြိတ်ခံခဲ့ရတဲ့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သာမောင်က ပြောပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက် ည ၈ နာရီလောက်က မြို့နယ်ထွေအုပ်ရုံးမှာ အိမ်ထောင်စုစာရင်း ကောက်ယူထားတဲ့ စာရင်းတွေကို ဝန်ထမ်းတွေနဲ့ ပြုလုပ်နေစဉ်မှာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးစိုးမိုးက ထိုးကြိတ်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

ဦးကျော်သာမောင်က “ဝန်ထမ်းတွေနဲ့အတူ ကျနော်က အိမ်ထောင်စုစာရင်း ကောက်ယူထားတဲ့ စာရင်းတွေကို လုပ်နေကြတာဖြစ်တယ်။ အဲဒီမှာ ကျနော်က ဝန်ထမ်းတွေ အလုပ်လုပ်နေကြတာကို ဗီဒီယိုမှတ်တမ်းတင်နေတုန်းမှာ မြို့နယ်အုပ်ချုပ်ရေးမှူးက လာပြီးတော့ မင်း သတိထား၊ ဒါ နိုင်ငံတော်အလုပ်၊ မင်း ငါ့ကို ဘာမှလည်း သတင်းမပို့ဘူး။ ကျနော်ကလည်း အစ်ကိုကြီးက ကျနော့်ကို နှုတ်မိန့်နဲ့ ညွှန်ကြားထားတာမရှိဘူး။ ဒါကြောင့် အဖွဲ့ဝင်တွေနဲ့ သတင်းပို့ခိုင်းလိုက်တာလို့ ပြန်ပြောလိုက်တော့ ကျနော့်ကို အပြင်ကို ဆွေးနွေးမယ်လို့ ခေါ်သွားပြီးတော့ အမှောင်ရိပ်ထဲရောက်တာနဲ့ ကျနော့်ရဲ့မျက်နှာနဲ့ မျက်ခုံးထောင့်ကို ၂ ချက် ၃ ချက် ဆွဲထိုးလိုက်တယ်။ ကျနော် လဲမလိုဖြစ်သွားတော့ သူလက်ထဲမှာပါလာတဲ့ စမတ်ဖုန်းနဲ့ ထပ်ပြီး ၂ ချက်လောက် ခေါင်းကို ရိုက်တယ်” လို့ ပြောပါတယ်။

ထိုးကြိတ်ခဲ့တဲ့ ဒဏ်ရာတွေကြောင့် ဦးကျော်သာမောင်ဟာ မျက်ခုံး၊ နားထင်နဲ့ ဒူးခေါင်းတွေမှာ ဒဏ်ရာတွေရသွားပြီး မြို့နယ်ဆရာဝန်ကြီးဆီ ဆေးခန်းသွားပြခဲ့ရတယ်လို့ ပြောပါတယ်။

မြို့နယ်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးမျိုးစိုးမိုးကိုတော့ ထိုးကြိတ်မှု‌၊ ကိုယ်ထိလက်ရောက် ကျူးလွန်မှု၊ ကိုယ်ကျင့်တရားကို ညှိုးနွမ်းအောင် ဆောင်ရွက်မှုနဲ့ မင်းပြားမြို့မရဲစခန်းမှာ အမှုဖွင့်ထားပြီး ဆေးစာမရသေးတာကြောင့် ပုဒ်မတော့ မတပ်ရသေးဘူးလို့ သိရပါတယ်။

ထိုးကြိတ်ခဲ့တဲ့ မင်းပြားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးစိုးမိုး (၅၄ နှစ်) ဟာ မင်းပြားမြို့နယ် အုပ်ချုပ်ရေးမှူးတာဝန်နဲ့ ၂၀၂၁ ခုနှစ်က ရောက်လာတာဖြစ်ပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သာမောင်ကတော့ မင်းပြားမြို့နယ်မှာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးတာဝန်နဲ့ ကျရောက်နေတာ ၄ ခန့်သာ ရှိသေးတယ်လို့ သိရပါတယ်။

အခုကိစ္စနဲ့ပတ်သတ်ပြီး မင်းပြားမြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ မင်းပြားမြို့မရဲစခန်းကို ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိသေးပါဘူး။

1 min Ago

January 27, 2023

မင်းပြားတွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသား ၁ ဦး သေဆုံး

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရာမောင်တံတားအရှေ့ဘက်ရှိ စစ်ကောင်စီတပ်စွဲထားတဲ့ စခန်းအနီးမှာ ဇန်နဝါရီ ၂၇ ရက် ဒီနေ့ နေ့လယ်ပိုင်းက မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ဖားပြိုကျေးရွာက အမျိုးသားတဦး သေဆုံးသွားတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

သေဆုံးသွားတဲ့ အမျိုးသားမှာ ဖားပြိုကျေးရွာက ဦးသန်းရွှေမောင် (၅၂ နှစ်) ဖြစ်ပြီး ရာမောင်တံတားအရှေ့ဘက်ရှိ တောင်တန်းမှာ ထင်းသွားခုတ်ရာက မိုင်းနင်းမိပြီး သေဆုံးသွားတာဖြစ်တယ်လို့ ကျေးရွာသား  ဦးကိုင်သာက ပြောပါတယ်။

“မိုင်းနင်းမိတာက နေ့လယ် ၁ နာရီလောက်မှာဖြစ်တာ။ ရာမောင်တံတားအရှေ့ဘက်က တောင်တန်းမှာ ထင်းသွားခုတ်တာ၊ အဲဒီမှာ မိုင်းနင်းမိတာဖြစ်တယ်။ အဲဒီအနီးမှာက တပ်စွဲထားတာတွေရှိတယ်။ လူက အဲဒီနေရာမှာတင် ဆုံးသွားတယ်။ ဝမ်းဗိုက်နားမှာ ဒဏ်ရာတော်တော်လေးကို ပြင်းပြင်းထန်ထန် ရသွားရတာ။ အခု‌တော့ ရွာကိုယူခဲ့ကြပြီ။”

အခုမိုင်းပေါက်ကွဲတဲ့ နေရာအနီးမှာ ခမရ ၃၇၉၊ ခမရ ၃၈၀၊ ခမရ ၅၄၁ တပ်ရင်းတွေ တပ်စွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၂၆ ရက်ကလည်း ဘူးသီးတောင်မြို့နယ်မှာ မိုင်းပေါက်ကွဲမှုကြောင့် ဖိုးခေါင်ချောင်း ကျေးရွာက ကလေးတဦး သေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၁၈ ရက်ကလည်း မြောက်ဦးမြို့နယ်က လူငယ်တဦး မိုင်းကွဲမှုကြောင့် ခြေတဖက် ဆုံးရှုံးခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ်အတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ၂ ဦးသေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ရခိုင်ပြည်နယ်က မြို့နယ်တချို့နဲ့ ပလက်ဝမြို့နယ်မှာ ဒေသခံတွေ မကြာခဏဆိုသလို မိုင်းနင်းမိတာကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးမှုတွ ရှိနေပြီး အသက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မှာ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသူ ၁၀ ဦးထက်မနည်းရှိခဲ့ပြီး ဒဏ်ရာရရှိသူ ၃၀ ကျော်အထိ ရှိခဲ့ပါတယ်။

1 month Ago
Up