မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲစခန်းကို ဩဂုတ် ၈ ရက် ညနေပိုင်းမှာ PDF-ဂန့်ဂေါ တောင်ပိုင်းအဖွဲ့နဲ့ YPDF တို့ ပူးပေါင်းပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ PDF-ဂန့်ဂေါ တောင်ပိုင်းတပ်ဖွဲ့က ပြောပါတယ်။
မင်းရွာရဲစခန်းကို ဩဂုတ်လ ၈ ရက်နေ့ ညနေ ၅ နာရီလောက်မှာ ၈၈၈၈ အရေးတော်ပုံ ၃၄ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ၁၂၀ မမ လက်နက်ကြီး ၈ လုံးလောက်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ PDF-ဂန့်ဂေါ တောင်ပိုင်းတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုတိုးကြီးက ပြောပါတယ်။
“မြစ်တဖက်ကနေ လှမ်းပစ်ရတာဆိုတော့ စစ်(…)၊ ရဲ(…)တွေဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို မသိရသေးဘဲ ကျနော်တို့ဘက်က ရဲဘော်တွေကတော့ အထိအခိုက် အကျအဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်။”
တော်လှန်ရေးရဲဘော်တွေနဲ့ ပြည်သူတွေ သွေးမအေးသွားစေဖို့နဲ့ ၈၈၈၈ အရေးတော်ပုံကို အမှတ်ရစေဖို့ ရည်ရွယ်ပြီး ဒီမစ်ရှင်ကို ပြုလုပ်ခဲ့တာဖြစ်ကြောင်း၊ စစ်ကောင်စီစစ်ကြောင်းကတော့ ဂန့်ဂေါမြို့နယ် အနောက်ဘက်ကနေ ချင်းပြည်နယ်ဘက်ကို တက်သွားတဲ့အတွက် PDF-ဂန့်ဂေါ တောင်ပိုင်းတပ်ဖွဲ့ဘက်ကလည်း စစ်ကူတွေ သွားကြကြောင်း၊ အခြေအနေကို နောက်ရက်လောက်မှ သိရမှာဖြစ်ကြောင်း ကိုတိုးကြီးက ဆိုပါတယ်။
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်နဲ့ ချင်းပြည်နယ်အစပ်က ဇိုတုန်နယ်မြေမှာ ဩဂုတ် ၆ ရက် မနက်ပိုင်းက စစ်ကောင်စီစစ်ကြောင်းကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ၂ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
မကွေးတိုင်းအတွင်းမှာ PDF စိုးမိုးနယ်မြေတွေ များပြားလာလို့ စစ်ကောင်စီတပ်တွေက အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ကာ နယ်မြေပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေသလို တော်လှန်ရေးတပ်ဖွဲ့တွေမှာလည်း လက်နက်ခဲယမ်း လိုအပ်ချက်တွေ နေ့စဥ် ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲစခန်းကနေ စျေးဝယ်ထွက်လာတဲ့ ရဲတပ်သား ၃ ယောက်ကို PDF-GANGAW- တောင်ပိုင်း ရဲဘော်တွေက ဇူလိုင် ၃၀ ရက်မှာ သွားရောက် ပစ်ခတ်ခဲ့ကြတယ်လို့ PDF ဂန့်ဂေါတောင်ပိုင်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။
“ကျနော်တပ်ဖွဲ့ဘက်က ချောင်းမြောင်းပစ်ခတ်ခဲ့တာ ရဲ နှစ် ဦး ကျသွားတယ်။ ရဲ တယောက်ကတော့ နံကြားကို သေနတ်မှန်ဒဏ်ရာနဲ့ ထွက်ပြေးသွားတယ်”
ပစ်ခတ်မှုအပြီး ရဲစခန်းအတွင်းက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ပေမဲ့ PDF-GANGAW-တောင်ပိုင်းရဲဘော်တွေ ထိခိုက်မှု မရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာလာ နိုင်ခဲ့တယ်လို့ဆိုပါတယ်။
လတ်တလောမှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေပြီး ဒေသခံတွေအနေနဲ့ ဘေးလွတ်ရာဒေသတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားဝတ်နေရေးအခက်အခဲတွေ ဖြစ်ပေါ်နေပါတယ်။
စစ်ကောင်စီကဂန့်ဂေါနယ်ကို အင်တာနက်လိုင်းများဖြတ်တောက်ထားပြီး သတင်းအမှောင်ချထားတာ ၁၁ လဝန်းကျင်ရှိပြီလည်းဖြစ်ပါတယ်။