close

မင်းလှမြို့နယ်

close

March 27, 2023

မင်းလှမြို့နယ်၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက်နက်များယူထွက်ပြေး၊ ၁ ဦးပြန်မိပြီး သတ်ဖြတ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် အခြေစိုက် ခလရ(၁)တပ်ကနေ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးဟာ လက်နက်တွေယူကာ တပ်ကနေ ထွက်ပြေးသွားတယ်လို့   စစ်တပ်နဲ့နီးစပ်တဲ့သူတွေက ပြောပါတယ်။

မင်းလှမြို့နယ် စိန်ကန့်လန့်ရွာအခြေစိုက် ခလရ ၁ မှာ အချုပ်ကျနေတဲ့  သာယာဝတီမြို့နယ် အခြေစိုက် ခလရ(၃၅)တပ်မှ တပ်ကြပ်ကြီးတစ်ဦးကို မတ် ၂၃ ရက် မနက် ၃ နာရီလောက်မှာ ညကင်းတာဝန်ကျနေတဲ့ တပ်သားဖိုးလပြည့်နဲ့  တခြားတပ်သားတစ်ဦးတို့က အချုပ်ခန်း ဖောက် ကယ်ထုတ်ကာ ကျည်ဆန် ၂၀၀၀၊ သေနတ် ၃ လက်၊ ဗုံးအလုံး ၂၀ တို့ကို ယူဆောင်ထွက်ပြေး သွားခဲ့တာလို့ဆိုပါတယ်။

စစ်တပ်ကလည်း တောနင်းရှာဖွေခဲ့ရာမှာ  ရှားတောကွင်းရွာနားမှာ မတ် ၂၄ ရက်နေ့မနက်က ဖိုးလပြည့်ကို ပြန်ဖမ်းမိခဲ့လို့   ခလရ(၁) တပ်ထဲစစ်ကြောရေးလုပ်နေစဥ် အရာရှိက ဓာတ်ဆီလောင်း မီးရှို့သတ်လိုက်ပြီး အခုလို တပ်ကနေ ထွက်ပြေးရင် မိသားစုကိုပါ သတ်မယ်ဆိုပြီး ရဲဘော်တွေကိုလည်း ခြိမ်းခြောက်ပြောခဲ့တယ်လို့ တပ်တွင်းနဲ့နီးစပ်တဲ့သူတွေက ပြောပါတယ်။

ထွက်ပြေးလွတ်မြောက်နေတဲ့ တပ်ဖွဲ့ဝင် ၂ ဦးကို ပဲခူးရိုးမထဲရှိ ရှားတောကွင်းရွာနဲ့ ပျဉ်းကတိုးခင်းရွာ ဝန်းကျင်နေရာတွေကို စစ်ကောင်စီတပ်က ပိုက်စိပ်တိုက်ရှာဖွေနေပေမဲ့ ရှာမတွေ့ဘဲ လွတ်မြောက်နေဆဲဖြစ်ပါတယ်။ 

ပဲခူးရိုးမတလျှောက်မှာ စစ်ကောင်စီတပ်တွေဟာ ဆက်လက်ရှာဖွေနေသလို သစ်ဝါးခုတ် သမား ဒေသခံတွေဟာ ရိုက်နှက်မေးမြန်းခြင်းခံနေရတာကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ပဲခူးတိုင်းမှာ စစ်တပ်ကနေ ထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဒါဇင်နဲ့ချီရှိနေပြီး ဒီသတင်းတွေနဲ့ ပတ်သက်လို့  စစ်ကောင်စီကတော့ သတင်းထုတ်ပြန်တာမရှိပါဘူး။

9 mins Ago

March 19, 2023

မင်းလှမြို့နယ်၊ ရန်ကုန်-ပြည်လမ်းတွင် ဆိုင်းအဖွဲ့သားများ လိုက်ပါလာသည့်ကားမှောက်

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ရန်ကုန်-ပြည်လမ်းမကြီးပေါ် ဆိုင်းအဖွဲ့သားများ လိုက်ပါလာတဲ့  ၆ ဘီးကားတစီး မတ်လ ၁၉ ရက် ဒီမနက်က တိမ်းမှောက်ပြီး  ၁၄ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ဒေသခံ ပရဟိတ အသင်းထံက သိရပါတယ်။

ရန်ကုန်-ပြည်လမ်းမိုင်တိုင် (၁၀၁/၁၀၂)ကြား ကြားဂင်ဒိတ်ကျေးရွာမှာ ဆိုင်းအဖွဲ့သားတွေ လိုက်ပါလာတဲ့  ဒိုင်နာ ၆ ဘီးယာဉ်  ဒီနေ့မနက် ၆ နာရီလောက်မှာ နောက်ဘီးကျွတ်ပြီး လမ်းဘေး ရေမြောင်းထဲထိုးကျရာက ၂ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

သာကေတမြို့နယ်က ဇော်ဇော်ဗိုလ်ဆိုင်းအဖွဲ့သားတွေ ပေါင်းတည်မြို့နယ်၊ ဝက်ပုတ်မြို့အလှူပွဲမှာ ဆိုင်းတီးဖျော်ဖြေဖို့သွားရောက်ရာမှာ ကားနောက်ဘီးကျွတ်ပြီး မတော်တဆ ယာဉ်တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။

မင်းလှကယ်ဆယ်ရေး အသင်းတာဝန်ရှိတဦးက  "စိုးရိမ်ရတာက သတိလစ်သွားတဲ့ နှစ်ယောက် သူတို့လည်းသက်သာနေပါပြီ။ ခေါင်းပေါက်၊ ခန္ဓာကိုယ် ပွန်းပဲ့ဒဏ်ရာရရှိသူတွေကတော့များတယ်။ စိုးရိမ်စရာတော့မရှိပါဘူး။ ကားလမ်းဘေးထိုးကျတဲ့နေရာက မြေပျော့ဆိုတော့ ကံကောင်းသွားတာ ပစ္စည်းတွေကားပေါ်ချပြီး ကားကိုလည်း လမ်းပေါ်ပြန်တင်ထားပြီးပါပြီ”လို့ ပြောပါတယ်။

တိမ်းမှောက်ခဲ့တဲ့ ယာဉ်ပေါ်မှာ လူ ၃၅ ဦးလိုက်ပါစီးနင်းလာတာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေကို မင်းလှဆေးရုံကြီးသို့ မင်းလှ လူမှုကယ်‌ဆယ်ရေးအသင်းက ပို့ဆောင်ပေးခဲ့ပါတယ်။

မတ်လ ၁၁ ရက်ကလည်း ရန်ကုန်-ပြည်လမ်း မိုင်တိုင် ၉၈-၉၉ ကြားမှာ ဗုဒ္ဓထီးတော်ပင့်ဆောင်ဖို့ ပြည်မြို့ကိုသွားတဲ့ လိုက်ထရပ်ယာဉ်ရပ်ထားတဲ့ကားကို နောက်ကနေဝင်တိုက်မိရာက လူ ၂၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

Photo- မင်းလှလူမှုကယ်ဆယ်ရေး

1 week Ago
Up