ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ အမှတ် ၈ ရပ်ကွက်၊ အောင်မင်္ဂလာ ၄ လမ်းထိပ်၊ ဓမ္မသုခမင်းကျောင်းအနီးက အကြမ်းဖက်စစ်ကောင်စီရဲ့ Mytel တာဝါတိုင်ကို နိုဝင်ဘာ ၇ ရက်နေ့ ည ၉ နာရီခွဲ ဝန်းကျင်မှာ ဗုံးဖောက်ခွဲဖျက်ဆီးခံရပြီး လာစစ်တဲ့ရဲကားလည်း ဗုံးခွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အမည်မဖော်လိုမြို့ခံတဦးက “Mytel တိုင်ဗုံးကွဲလို့ ရဲကား ၁ စီးသွားပြီး သိပ်မကြာဘူး။ ဗုံးကွဲသံ ထပ်ကြားရတာ။ ရဲကားတော့ ကားမှန်တွေကွဲကုန်တယ်လို့တော့သိရတယ်။ ရဲတွေ ထိ၊ မထိတော့ မသိရသေးဘူး။ စစ်ကားတွေနဲ့စစ်သားတွေတော့ ရောက်လာတယ်။ ဆူညံလို့ပဲ” လို့ ပြေပါတယ်။
အဆိုပါဖောက်ခွဲမှုကို မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (M-PDF) က လုပ်ဆောင်ခဲ့တာဖြစ်ပြီး မင်းလှမြို့နယ်မှာ Mytel တာဝါတိုင် ၃ တိုင်ကို ဖောက်ခွဲဖျက်ဆီးခဲ့ပြီးဖြစ်တယ်လို့ M-PDF တာဝန်ခံ ဗိုလ်ရာဇာတူးတူးက အတည်ပြုပြောဆိုပါတယ်။
ရဲကားဗုံးဖောက်ခွဲခံရတာနဲ့ပတ်သက်ပြီး ထိခိုက်မှုအသေးစိတ်သိရှိနိုင်ဖို့ မင်းလှမြို့နယ်၊ မြို့မရဲစခန်းကို ဒီဗွီဘီက ညတွင်းချင်းဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုခြင်းမရှိသေးတဲ့အတွက် စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်တွေ သေဆုံးထိခိုက်ဒဏ်ရာရရှိမှုကို ဆက်လက်စုံစမ်းနေပါတယ်။
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အခြေစိုက် DVB CJ သတင်းထောက် ကိုသက်နိုင်ဝင်းကို စစ်ကောင်စီအကြမ်းဖက်အဖွဲ့က ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲဆိုထားကာ သာယာဝတီထောင်တွင်းတရားရုံးကနေ ဇွန်လ ၁၆ ရက် နေ့လယ်ပိုင်းက ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်တယ်လို့ မိသားစုထံက သိရပါတယ်။
သတင်းထောက် ကိုသက်နိုင်ဝင်းဟာ DVB သတင်းဌာနရဲ့ CJ အဖြစ်လုပ်ကိုင်နေသူဖြစ်ပြီး၊ အရင်က Bago Weekly Journal နဲ့ မြေလတ်အသံ သတင်းဌာနတို့မှာ အလွတ်တန်းသတင်းထောက်အဖြစ် မင်းလှမြို့နယ်အတွင်း သတင်းတွေ ရေးသားပေးပို့နေသူလည်း ဖြစ်ပါတယ်။
ကိုသက်နိုင်ဝင်းကို ဧပြီ ၆ ရက်နေ့က မင်းလှမြို့ထဲက လက်ဖက်ရည်ဆိုင်တဆိုင်မှာ စစ်အုပ်စုက ဖမ်းဆီးသွားတာဖြစ်ပြီး၊ သာယာဝတီထောင်တွင်း ဖမ်းဆီးထိန်းသိမ်းထားကာ ဒီနေ့ ၇ ကြိမ်မြောက် ရုံးချိန်းမှာ ပုဒ်မ ၅၀၅ (က)နဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံရတာပါ။
ခုလို ထောင်ဒဏ်ချမှတ်ခံရတာနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ အယူခံဝင်သွားမှာမဟုတ်ဘူးလို့ လည်း မိသားစုဝင်တဦးက ဒီဗွီဘီကိုပြောပါတယ်။
ပဲခူးတိုင်းအတွင်း စစ်ကောင်စီအကြမ်းဖက်အဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ သတင်းထောက် ၄ ယောက်ရှိရာမှာ ပြည်မြို့အခြေစိုက် DVB သတင်းထောက်ကိုမင်းညိုနဲ့ မင်းလှမြို့ အခြေစိုက်ကို DVB CJ သတင်းထောက် သက်နိုင်ဝင်းတို့ ၂ ဦး ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခံရတာဖြစ်ပါတယ်။