မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့မှာ ဧပြီ ၈ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး ၆ ယောက်လောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်ပကဖကနေ သိရပါတယ်။
ကမ္မမြို့ လက်ပြစာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီး ၈ လုံးဖြုတ်ချပြီး တိုက်ခိုက်ခဲ့တာလို့ မြိုင်ပကဖ တပ်ရင်း(၁) တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။
“အဲဒီစာသင်ကျောင်းမှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ တပ်စွဲထားတာ ၄ လကျော်လောက်ကြာပြီဗျ။ သူတို့တပ်စွဲထားတဲ့ အင်အားကတော့ ၆၂ ယောက်လောက်ရှိတယ်။ အဲဒီတိုက်ခိုက်မှုအတွင်းမှာ သူတို့နေထိုင်တဲ့နေရာကို တည့်တည့် ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီဘက်က ၆ ယောက်လောက် ဒဏ်ရာရရှိခဲ့တယ်။ ကျနော်တို့ ဘက်က ရဲဘော်တွေကတော့ ထိခိုက်မှုမရှိခဲ့ဘူး။”
မြိုင်မြို့နယ်မှာလည်း ဧပြီ ၇ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၁ ယောက်သေဆုံးကာ ၃ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်ပကဖကနေ သိရပါတယ်။
မကွေးတိုင်း၊ မင်းလှမြို့နယ်မှာလည်း စစ်ကောင်စီရဲ့ ကပစ ၁၀ ကို ဧပြီ ၇ ရက်က တိုက်ခိုက်ခဲ့ရာမှာ ဗိုလ်မှူး၊ ဗိုလ်ကြီး အဆင့်အရာရှိတွေ အပါအဝင် ၁၂ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ မင်းလှမြို့နယ် ပကဖ ကနေသိရပါတယ်။
အထက်မင်းလှမြို့နယ် အခြေစိုက် စစ်ကောင်စီရဲ့ အဓိက လက်နက်ထုပ်လုပ်ရေးစက်ရုံတခုဖြစ်တဲ့ ကပစ(၁၀) စက်ရုံကို မင်းလှမြို့နယ်ပကဖ၊ SMPDF၊PRA(မကွေး)၊ACDF နဲ့ Key of Revolution တပ်ဖွဲ့တို့ပူးပေါင်းပြီး ဧပြီလ ၇ ရက် ညပိုင်းမှာ ရှော့တိုက် ဒုံး ၂ လုံးနဲ့ တိုက်ခိုက်ခဲ့ကြတာပါ။
အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ဗိုလ်မှူး ၊ဗိုလ်ကြီးအဆင့်ရှိသူ ၁၂ ဦးရဲ့ အလောင်းတွေကို မျက်မြင်တွေ့ရှိခဲ့ရပြီး သေဆုံးတဲ့သူ အရေအတွက် ဒီထက်များပြားနိုင်ကာ ဒဏ်ရာရတဲ့သူတွေလည်းအများအပြားရှိတယ်လို့ တပ်တွင်း ဖရဲသီးတွေရဲ့ သတင်းပေးပို့ချက်အရ သိရကြောင်း မင်းလှမြို့နယ် ပကဖ ခေါင်းဆောင် ဗိုလ်ရန်ကြီးအောင်က ပြောပါတယ်။
“သူတို့ဘက်က ထုတ်လုပ်ပြီးသား ဒုံးတွေကို အချိန်အပြောင်းလုပ်တဲ့ ယာယီ သိုလ်လှောင်ရုံပေါက်ကွဲခဲ့တာဗျ။ ကျနော်တို့ဘက်က ပစ်လိုက်တာက ရှော့တိုက်ဒုံး ၂ လုံးတည်း ဆိုပေမဲ့ အဲဒီသိုလ်လှောင်ရုံထဲက လက်နက်တွေပါ ထပ်မံပေါက်ကွဲခဲ့တာ။
အဲဒီပေါက်ကွဲမှုမှာ နိုင်ငံခြားပညာရှင်တွေပါ ထိခိုက်သေဆုံးတယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် အတိကျမသိရသေးလို့ ဆက်လက်စုံစမ်းနေတယ်လို့ ဗိုလ်ရန်ကြီးအောင်က ပြောပါတယ်။
အဲဒီဖြစ်စဥ်နဲ့ပတ်သက်လို့ ဆက်စပ်မှုရှိတယ်လို့ စွပ်စွဲပြီး ဧပြီလ ၈ ရက် မနက်ပိုင်းက ဒေသခံ အန်အယ်လ်ဒီပါတီမြို့နယ် အလုပ်အမှုဆောင် ၁ ယောက်အပါဝင် ၅ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဆိုပါတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
မကွေးတိုင်း၊ မြိုင်နဲ့ ပေါက်မြို့နယ်တွေမှာ ဇန်နဝါရီ ၂၇ ရက်က စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး အရာရှိတယောက်အပါအဝင် ၁၀ ယောက်သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မြိုင် ပ.က.ဖ ကနေ သိရပါတယ်။
မြိုင်မြို့နယ် တဲကြီးရွာမှာ ညအိပ်စခန်းချနေတဲ့ စစ်ကောင်စီတပ်သားတွေ မနေ့ မနက် ၇ နာရီ မိနစ် ၄၀ လောက်က နယ်သတ်ရွာဘက်ကို ထွက်လာစဉ် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက မိုင်းပွိုင့် ၃ ပွိုင့်၊ မိုင်း ၁၁ လုံးနဲ့ စတင်တိုက်ခိုက်ရာ ၂ ယောက် ဒဏ်ရာရပြီး ကားပေါ်တင်သွားတယ်လို့ မြိုင် ပ.က.ဖ တပ်ရင်း(၁)တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။
ဒါ့အပြင် စစ်ကြောင်းအတွက် မိုင်းရှင်းလင်းနေတဲ့ ခြေလျင် ရှေ့ကင်းထောက်အဖွဲ့ကိုလည်း မနက် ၁၁ နာရီ ကျော်လောက် နယ်သတ်ရွာ အရှေ့ဘက်မှာ ပဒေသာမိုင်း ၃၇ လုံးပါတဲ့ မိုင်းပွိုင့် ၂ ခုနဲ့ ထပ်မံတိုက်ခိုက်ခဲ့ရာ ၅ ယောက် ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။
အဲဒီစစ်ကြောင်းကို နယ်သတ်ရွာနဲ့ ကံသစ်ရွာကြားမှာ ညနေ ၃ နာရီလောက်မှာ မိုင်း ၁၇ လုံး၊ ညနေ ၅ နာရီခွဲလောက်က ကံသစ်ရွာအဝင်မှာ မိုင်း ၉ လုံးနဲ့ ထပ်မံတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၈ ယောက်သေဆုံးပြီး ၅ ယောက်ဒဏ်ရာရရှ်ခဲ့တယ်လို့လည်း ဗိုလ်လက်ယာကပြောပါတယ်။
ဒါ့အပြင် မနေ့ မွန်းလွဲ ၂ နာရီကျော်လောက်ကလည်း ပေါက်မြို့နယ်တောင်ပိုင်း ယာကြီးပြင်ပျူစောထီးရွာကနေ Mark-2 ကားအဖြူနဲ့ ပေါက်မြို့ဘက်ကို ထွက်လာတဲ့ စစ်ကောင်စီ ဗိုလ်ကြီးတယောက်အပါဝင် တပ်သား ၄ ယောက်ကို အုန်းတောရွာနားမှာ စစ်ဆေးရာမှ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
ပစ်ခတ်မှုအတွင်း စစ်ကောင်စီဗိုလ်ကြီးတယောက်နဲ့ အကြပ်တယောက် အခင်းဖြစ်နေရာမှာ သေဆုံးကာ ၂ ယောက်ကတော့ ဒဏ်ရာတွေနဲ့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။
အဲဒီကားပေါ်ကနေ MA3 သေနတ်တလက်၊ ကျည်ဘောက်တခု၊ ကျည် ၆၈ တောင့်၊ ကျည်ကာတထည်၊ အိုင်ကွန် စကားပြောစက်တလုံး သိမ်းဆည်းရရှိခဲ့ပြီး ကားကတော့ မောင်းမရတော့လို့ မီရှို့ဖို့ လုပ်တဲ့အချိန် စစ်ကူတွေလိုက်လာတာကြောင့် ပြန်လည် ဆုတ်ခွာခဲ့ကြတယ်လို့ ပြောပါတယ်။
အဲဒီတိုက်ပွဲကို ပေါက်ဗိုလ်တစ္ဆေအဖွဲ့၊ ပေါက်ကျေးရွာကာကွယ်ရေးတပ်ဖွဲ့နဲ့ YDF တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး PDF ရဲဘော်တယောက် ပေါင်နဲ့ ဖနောင့်မှာ သေနတ်ဒဏ်ရာရရှိခဲ့ပေမဲ့ အခြေနေ မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။
မကွေးတိုင်း မင်းလှမြို့နယ်မှာတော့ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၅ ယောက် သေဆုံးခဲ့တယ်လို့ ဇန်နဝါရီ ၂၈ ရက်မှာ မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-SMPDF က ထုတ်ပြန်ပါတယ်။
အထက်မင်းလှမြို့နယ် ရှမ်းတပ်နယ်မြေအတွင်းကို အင်အား ၁၂၀ လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၂၄ ရက်နေ့ မနက် ၁၀ နာရီခွဲလောက်မှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက မိုင်း ၂ လုံးဆွဲပြီးတိုက်ခိုက်ခဲ့တာလို့ SMPDF ရဲ့ တာဝန်ခံ နဂါးနီက ဒီဗွိဘီကိုပြောပါတယ်။
အထက်မင်းလှ-PDF၊ အရှိုချင်းကာကွယ်ရေးတပ်-ACDF၊ KEY OF REVOLUTION ပြောက်ကျားတပ်ဖွဲ့တို့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ၅ ယောက်သေဆုံး၊ ၃ ယောက် ဒဏ်ရာရရှိသွားပြီး ပူးပေါင်းတပ်ဖွဲ့ ရဲဘော်တွေ အထိခိုက်မရှိခဲ့ဘူးလို့ နဂါးနီက ပြောပါတယ်။
မကွေးတိုင်းအတွင်း တိုက်ခံရမှုဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ထိခိုက်သေဆုံးတဲ့အခြေနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။