close

မင်းသားချားလ်စ်

close

September 9, 2022

ဗြိတိန်ထီးနန်းကို မင်းသားချားလ်စ်က ဘုရင်အဖြစ်ဆက်ခံ

ဗြိတိန်နိုင်ငံမှာ နှစ်ပေါင်း ၇၀ ကြာအောင် နန်းသက်အရှည်ဆုံး ထီးနန်းစိုးစံခဲ့တဲ့ အသက် ၉၆ နှစ်အရွယ် ဘုရင်မကြီး အဲလိဇဘက်ဟာ စက်တင်ဘာ ၈ ရက် ကြာသပတေးနေ့ က သူ့ရဲ့စကော့တလန်နေအိမ်မှာ ငြိမ်းချမ်းစွာ ကွယ်လွန်ခဲ့ပြီးနောက်  သားတော် မင်းသား ချားလ်စ် က ဘုရင်အဖြစ် ဆက်ခံခဲ့ပါတယ်။

ဘုရင်မကြီး အဲလိဇဘက်ရဲ့ အကြီးဆုံးသားတော် အသက် ၇၃ နှစ်အရွယ် ချားလ်စ်က ဗြိတိန်ရဲ့ ဘုရင်ဖြစ်လာပြီး သြစတြေးလျ၊ ကနေဒါနဲ့ နယူးဇီလန် အပါအဝင် ဓနသဟာယနိုင်ငံ ၁၄ နိုင်ငံရဲ့ အကြီးအကဲဖြစ်လာပါတယ်။သူ့ရဲ့ဇနီး ကမီလာလည်း ကြင်ယာတော် မိဖုရား ဖြစ်လာပါတယ်။

ကြာသပတေးနေ့ မွန်းတည့်ပြီး မကြာခင်မှာပဲ ဘုရင်မရဲ့ ကျန်းမာရေး ယိုယွင်းလာတဲ့သတင်းတွေ ထွက်ပေါ်လာပြီး သူ့ဆရာဝန်တွေက ဘုရင်မကြီးကို ဆေးဘက်ဆိုင်ရာ ကြီးကြပ်မှု အောက်မှာ ထားရှိကာ မိသားစုဝင်တွေကို စကော့တလန်ကို အပြေးအလွှား လိုက်လာဖို့ တိုက်တွန်းခဲ့ပါတယ်။

လန်ဒန်မြို့လယ်ရှိ ဘက်ကင်ဟမ်နန်းတော်အပြင်ဘက်မှာလည်း ထောင်နဲ့ချီတဲ့ လူတွေစုဝေးခဲ့ကြပြီး ဗြိတိသျှအလံကို တိုင်တစ်ဝက်အထိ လျှော့ချလိုက်ရာမှာ အံ့အားသင့်သွားကြပါတယ်။ ဘာကင်မ်ဟန်နန်းတော်အပြင်ဖက်တံခါးနဲ့ ဘုရင်မကြီးကွယ်လွန်ရာ စကော့တလန် ဘယ်လ်မိုရယ်လ်ရဲတိုက် အပြင်ဘက်မှာလည်း  ဘုရင်မကြီးအတွက် အမှတ်တရပန်းတွေ၊ ပန်းစည်းတွေကို လာရောက်ပေးပို့ထားကြပါတယ်။

1 min Ago
Up