ဘာအပြစ်မှမရှိဘဲ ဖမ်းဆီးခံခဲ့ရတဲ့ ယခင်ဗကသများအဖွဲ့ချုပ် ကျောင်းသားခေါင်းဆောင်တယောက်ဖြစ်တဲ့ ကိုမင်းသွေးသစ်ဟာ ဖေဖော်ဝါရီ ၂၄ ရက် ဒီနေ့မနက်မှာ အင်းစိန်အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာပြီလို့ သူ့မိသားစုထံက သိရပါတယ်။
“သူက ၁ နှစ်အပြည့်နေလိုက်ရတာ။ စစ်ကြောရေးမှာက တလကြာအောင်စစ်ပြီးမှ ထောင်ကိုပို့လိုက်တာဆိုတော့ သူက ထောင်ရောက်တဲ့ ရက်ကစပြီး ယူရတော့ အခု တနှစ်ပြည့်တာပေါ့။ စစ်ကြောရေးမှာ နေခဲ့ရတဲ့ ရက်ကတော့ လျော့မပေးဘူးလေ။ အခု မနက် ၉ နာရီလောက်မှာလွတ်တာ။ အိမ်က လူကြီးတွေတော့ သွားကြပြီ။ အိမ်တော့ ပြန်မရောက်သေးတော့ တခြားအခြေနေတော့ ဘာမှမသိရသေးဘူး”လို့ မိသားစုဝင် တယောက်ကပြောပါတယ်။
ကိုမင်းသွေးသစ်ကို စစ်ကောင်စီအာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့တွေက ဖမ်းဆီးသွားတာဖြစ်ပြီး စစ်ကြောရေးမှာ တလ ကျော်အောင်စစ်ဆေးပြီးမှ အင်းစိန်ထောင်ကို ပို့လိုက်တာပါ။
အင်းစိန်ထောင်ထဲမှာပဲ အထူးတရားရုံးက သူ့ကို ယာဉ်အန္တရာယ်ကင်းရှင်းနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၉၅ နဲ့ တရားစွဲလိုက်ပြီး၊နောက် ထောင် ၁ နှစ်ချခံလိုက်ရပြီး ဒီနေ့မှာ လွတ်ရက်စေ့လို့ အင်းစိန်ထောင်ကနေပြန်လွတ်လာတာပါ။
အင်းစိန်ထောင်တွင်းတရားရုံးတွေကနေ ဒီကနေ့ ဒီဇင်ဘာ ၃၀ ရက်မှာ အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကို ထောင်ဒဏ် ၂ နှစ်၊ ကျောင်းသားခေါင်းဆောင် မင်းသွေးသစ်ကို ၁ နှစ်၊ ကိုအေးအောင်ကို ၃ နှစ်၊ သရုပ်ဆောင်လူမင်းနဲ့ သရုပ်ဆောင် ရဲတိုက်ကို ၃ နှစ်စီ ထောင်ဒဏ်အသီးသီး ချမှတ်လိုက်တယ်လို့ ရှေ့နေတွေက ပြောပါတယ်။
အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကိုတော့ စစ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၁ ရက်ကတည်းက ဖမ်းဆီးသွားတာ ဖြစ်ပြီး မတ်လမှာ အင်းစိန်ထောင်ကို ပို့ဆောင်လိုက်တာ ဖြစ်ပါတယ်။
မင်းသွေးသစ်ကို ဖေဖော်ဝါရီ ၁ ရက်ကတည်းက ဖမ်းဆီးသွားတာဖြစ်ပြီး မတ်လ ၁ ရက်နေ့မှာ အင်းစိန်ထောင်ကို ပို့ဆောင်လိုက်တာပါ။
သူ့ကို ကိုဗစ်ကာလ လိုင်စင်မဲ့မော်တော်ယာဉ်အသုံးပြုပြီး လူနာတင်ဆောင်မှုနဲ့ တရားစွဲဆိုခံခဲ့ရတာ ဖြစ်ပါတယ်။ ကိုအေးအောင်ကိုတော့ တာမွေက ဆိုင်တဆိုင်မှာ ဖမ်းဆီးခဲ့ပြီး CDM တွေကို ထောက်ပံ့တယ်ဆိုပြီး ဖမ်းဆီးခဲ့တာပါ။
တရားလွှတ်တော်ရှေ့နေက ဒေါ်ငြိမ်းငြိမ်းက “ကျမလိုက်ပေးတဲ့ အမှုတွေထဲမှာ ကိုအေးအောင်ကို ထောင်ဒဏ် ၃ နှစ်၊ အလုပ်မပါ အပြည့်ချတယ် ၅၀၅ (ဃ) နဲ့ပေါ့။ ကိုလူမင်းကိုလည်း ဒီကနေ့ အမိန့်ချတယ် ၅၀၅ (ဃ) နဲ့ပဲ၊ ကိုလူမင်းနဲ့ ကိုအေးအောင်ကို တာမွေတရားရုံးကနေ အမိန့်ချတယ်။ တာမွေတရားရုံးကနေပဲ ဒေါက်တာမျိုးညွန့်ကိုလည်း ၅၀၅ (ခ) နဲ့ ၂ နှစ်ချမှတ်လိုက်တယ်” လို့ ပြောပါတယ်။
ဒီကနေ့ ထောင်တွင်းတရားရုံးမှာ ကိုမင်းသွေးသစ်ကို ယာဉ်အန္တရာယ်ကင်းရှင်းရေးနဲ့ မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၉၅) နဲ့ ထောင်ဒဏ် ၁ နှစ် အမိန့်ချလိုက်တာလို့ မိသားစုဝင်တစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
ဖေဖော်ဝါရီ ၁ ရက်က စစ်အာဏာသိမ်းပြီးနောက် အင်းစိန်ထောင်တွင်း ဖမ်းဆီးခံထားရသူတွေ ထဲမှာ ထင်ရှားတဲ့ နိုင်ငံရေးသမားတွေ၊ စာရေးဆရာတွေ၊ သတင်းမီဒီယာသမားတွေနဲ့ ရုပ်ရှင်သရုပ်ဆောင်တွေ ပါဝင်ပြီး သူတို့တွေဟာ ထောင်တွင်းတရားရုံးမှာပဲ အမှုရင်ဆိုင်ခဲ့ရပြီး မိသားစုဝင်တွေနဲ့လည်း တွေ့ဆုံခွင့်မရခဲ့ကြပါဘူး။