ရန်ကုန်၊ မင်္ဂလာဒုံစက်မှုဇုန်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံတွေက အလုပ်သမားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ဧပြီ ၂၉ ရက် နောက်ဆုံးထားပြီး တပ်နယ်မှူးရုံးကို ပို့ရမယ်လို့ စာပေးပို့လာကြောင်း လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
ရန်ကုန်တိုင်းစစ်ဌာနချုပ်မှာ ဧပြီ ၁၈ ရက်က တိုင်းမှူးနဲ့ တပ်နယ်မှူးတွေ အစည်းအဝေးပြုလုပ်ခဲ့ပြီး ဧပြီ ၁၉ ရက်မှာ ခရိုင်အုပ်ချုပ်ရေးမှူးရုံးတွေကို ညွှန်ကြားခဲ့တာဖြစ်တယ်လို့ လုပ်ငန်းရှင်တဦးက ပြောပါတယ်။
“တိုင်းအစည်းအဝေးပြီးမှ ခရိုင်တွေကို ညွှန်ကြားတာ။ မြောက်ဥက္ကလာ မင်္ဂလာဒုံတဝိုက်မှာ ဖြစ်တဲ့ ဗုံးပေါက်မှု၊ ပစ်ခတ်မှုတွေကြောင့် ကိုယ်ရေးအချက်အလက်တောင်းတာ။”
ဇေကမ္ဘာစက်မှုဇုန်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံတွေက အလုပ်သမားတွေဟာ ကိုယ်ရေးအချက်အလက် ပေးရုံတင်မဟုတ်ဘဲ ရပ်ကွက်ရုံးတွေကိုပါ နေထိုင်တဲ့ လူဦးရေအလိုက် ဓာတ်ပုံရိုက်ပြီး ပေးရတယ်လို့ အထည်ချုပ်စက်ရုံ အလုပ်သမားတဦးက ပြောပါတယ်။
“ရွှေပေါက်ကံမှာ ဓာတ်ပုံရိုက်ပြီး ရုံးကိုပို့ပေးရတယ်။ သုံးယောက်နေရင် သုံးယောက်တွဲရိုက်၊ ငါးယောက်နေရင် ငါးယောက်တွဲပြီး ရိုက်ရတယ်။ ရိုက်မပို့ရင် ဧည့်စာရင်းမပေးဘူး။”
မဂ်လာဒုံလေတပ်စခန်းဌာနချုပ် မကြာခဏ ပစ်ခတ်ခံရပြီးနောက် စက်ရုံ၊ အလုပ်ရုံတွေက အလုပ်သမားတွေရဲ့ ကိုယ်ရေးအချက်အလက်ကို တောင်းခံတာဖြစ်တယ်လို့ တပ်နယ်မှူးရုံးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“ဗိုလ်ချုပ်ဇော်ဟိန်းက ဗိုလ်မှူးချုပ်အောင်မင်းဦးကို မှာတယ်၊ ညီလေးရေ လေတပ် ခဏခဏအပစ်ခံရတာ မကောင်းဘူးနော်၊ အသံတွေထွက်နေတယ်။ စက်ရုံ၊ အလုပ်ရုံတွေကိုလည်း ကြည့်ထိန်းထား၊ လိုအပ်ရင် အချက်အလက်တွေ ယူထားလို့ပြောတယ်၊ အဲ့လိုပြောပြီး အခုစာထွက်လာတာပဲ။”
အဆိုပါညွှန်ကြားစာမှာ အလုပ်သမားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ ပေးပို့ဖို့နဲ့ စစ်တပ်က တောင်းပါက CCTV record ပေးဖို့၊ ဧည့်စာရင်းပုံမှန်တိုင်ဖို့နဲ့ အရေးပေါ်အခြေအနေမှာ စက်ရုံက စစ်တပ်နဲ့ပူးပေါင်းဖို့ အချက်အလက်တွေ ပါဝင်ပါတယ်။
ရန်ကုန်တိုင်း မင်္ဂလာဒုံစက်မှုဇုန် အလုပ်သမား ၂၀၀၀ ကျော်ရှိတဲ့ အထည်ချုပ်စက်ရုံက ဝန်ထမ်းတွေဟာ မေ ၂၉ ရက်မှာ စစ်အာဏာရှင်ကို ဆန်ကျင့်တဲ့ အထည်ချုပ်သပိတ် ပြုလုပ်ခဲ့ ကြပါတယ်။
အခုလို ဆန္ဒပြတာကို အလုပ်ရှင်မသိအောင် ပိတ်စတွေပေါ်မှာ စစ်အာဏာရှင် အလိုမရှိကြောင်း ရေးသားပြီး လူမှုကွန်ရက်စာမျက်နှာပေါ် တင်ခဲ့ကြတာဖြစ်ပါတယ်။
အဲဒီအထည်ချုပ်စက်ရုံက ဝန်ထမ်းတစ်ယောက်က စားဝတ်နေရေးကြောင့် အလုပ်လုပ်နေရပေမဲ့ သွေးမအေးဘူးဆိုတာကို ပြသချင်တာကြောင့် အခုလို ပြုလုပ်တာဖြစ်ပြီး ကိုယ့်ကိုယ်ကိုလည်း အလုပ်လုပ်နေရတဲ့အတွက် ဒီတော်လှန်ရေးမှာ လိပ်ပြာမလုံသလို ခံစားရတယ်လို့ ပြောပါတယ်။