ယူကရိန်းတောင်ဘက် မစ်ကိုလိုင် ဆိပ်ကမ်းမြို့ရဲ့ မြို့အုပ်ချုပ်ရေး အဆောက်အအုံကို ရုရှားဒုံးကျည်တခု ထိမှန်ခဲ့ပြီး အဆောက်အအုံအလယ်မှာ ဟောင်းလောင်းပေါက်ကြီး ဖြစ်သွားပါတယ်။
အပျက်အစီးတွေအောက်မှာ ပိတ်မိနေတဲ့ လူ ၁၁ ဦးကို ကယ်တင်ဖို့ ကယ်ဆယ်ရေးသမားတွေက မီးသတ်ကားတွေနဲ့ အရေးပေါ် လူနာတင်ကားတွေ ကြိုးပမ်းနေတယ်လို့ မြို့တော်ဝန်က ပြောလိုက်ပါတယ်။
မြို့တော်ဝန် ဗိုက်တာလီ ကင်မ်က သူ့ရဲ့ ရုံးအဆောက်အအုံ တဝက်ကျော် ပျက်စီးသွားပြီး မီးလိုင်းတွေ အကုန်ပြတ်ကုန်တယ်၊ အောက်မှာ ပိတ်မိနေသူတွေကို ဆွဲထုတ် ကယ်ဆယ်နေတယ်လို့ ပြောပါတယ်။
ရုရှားတပ်တွေက ယူကရိန်းတောင်ပိုင်း ဆိပ်ကမ်းမြို့တွေဖြစ်တဲ့ ခါဆန်၊ အိုဒါဆာ၊ မာရီယူပိုးလ်၊ မစ်ကိုလိုင်မြို့တွေကို အပြင်းအထန်တိုက်ခိုက်ပြီး Black Sea နဲ့ အဆက်ဖြတ်ဖို့ ကြိုးစားတာပါ။
ရုရှားတို့ ၂၀၁၄ က သိမ်းပိုက်ခဲ့တဲ့ ခရိုင်းမီးယားဒေသနဲ့ နယ်မြေဆက်စပ်နေတဲ့ ဒေသတွေ ဖြစ်တဲ့အတွက် သိမ်းပိုက်ဖို့ ရည်ရွယ်တာလည်း ဖြစ်ပါတယ်။