close

မစ်ရှီဂန်ပြည်နယ်အုပ်ချုပ်ရေးမှူး

close

August 24, 2022

မစ်ရှီဂန်ပြည်နယ် အုပ်ချုပ်‌ရေးမှူးကို ပြန်ပေးဆွဲခဲ့သူ ၂ ဦးအား ပြစ်ဒဏ်ချမှတ်

မစ်ရှီဂန်ပြည်နယ်အုပ်ချုပ်ရေးမှူး ဂရက်ချန်ဝှစ်တ်မာကို ပြန်ပေးဆွဲပြီး ဒုတိယမြောက် အမေရိကန်တော်လှန်ရေးကို စတင်ဖို့ ပူးပေါင်းကြံစည်ကြောင်း စွပ်စွဲခံထားရတဲ့ အမျိုးသားနှစ်ယောက်ကို ခုံသမာဓိအဖွဲ့က သြဂုတ် ၂၃ ရက်မှာ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

ဒါဟာ ဒီအမှုကို တရားစွဲဖို့ ဒုတိယအကြိမ် ကြိုးပမ်းမှုမှာ အမေရိကန်အစိုးရက အောင်ပွဲခံခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၉ နှစ်အရွယ် Adam Fox နဲ့ အသက် ၄၆ နှစ်အရွယ် Barry Croft Jr တို့ကို စီရင်ချက်ဟာ လွန်ခဲ့တဲ့ မီရှီဂန်ပြည်နယ် Grand Rapids မှာ ဖက်ဒရယ်တရားသူကြီး တယောက်ကနေ အလားတူအမှုကို တရားစွဲဆိုမှု မှားယွင်းကြောင်း ကြေညာပြီး ၄ လလောက် အကြာမှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ပထမရုံးချိန်းမှာ တခြားတရားခံနှစ်ယောက်မှာ အပြစ်မရှိကြောင်း တွေ့ရှိခဲ့ပါတယ်။

Croft ဟာ ဖောက်ခွဲရေးပစ္စည်းတွေ လက်ဝယ်ထားရှိမှု နောက်ထပ်စွဲချက်မှာလည်း အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပါတယ်။

ဒီလုပ်ကြံမှုဟာ ကပ်ရောဂါရဲ့ အစောပိုင်းကာလတွေမှာ ကိုရိုနာဗိုင်းရပ်ပျံ့နှံ့မှုကို ရပ်တန့်ဖို့ ဒီမိုကရက်တစ် အုပ်ချုပ်ရေးမှူးရဲ့ လုပ်ပိုင်ခွင့်တွေကို အဆုံးသတ်စေဖို့ ရည်ရွယ်တာ ဖြစ်ကြောင်း အစိုးရရှေ့နေတွေက အခိုင်အမာ ပြောဆိုထားပါတယ်။

Three Percenters ပြည်သူ့စစ်အဖွဲ့မှ အဖွဲ့ဝင်တွေဖြစ်ကြတဲ့ သူတို့နှစ်ယောက်ဟာ သူတို့စီစဉ်ထားတဲ့ ပြန်ပေးဆွဲမှုကို တရားဥပဒေစိုးမိုးရေးဘက်က တုံ့ပြန်လာရင် ဟန့်တားဖို့ ရည်ရွယ်ထားတဲ့ လူအစုလိုက်အပြုံလိုက် သေစေနိုင်တဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို အသုံးပြုဖို့အတွက် ပူးပေါင်းကြံစည်မှုမှာ အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရတာပါ။

သူတို့တွေဟာ အုပ်ချုပ်ရေးမှူးကို ပြန်ပေးဆွဲပြီး သူ့ကို ‘ရုံးတင်စစ်ဆေး’ ခြင်းအားဖြင့် ၂၀၂၀ ခုနှစ် နိုဝင်ဘာလမှာ အငြင်းပွားဖွယ်ရာ သမ္မတရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ နိုင်ငံကိုလည်း နက်ရှိုင်းမြင်သာနေတဲ့ ပဋိပက္ခထဲကို တွန်းပို့ဖို့ မျှော်လင့်ခဲ့ကြောင်း သူတို့က ပြောပါတယ်။ အခုတော့ ဒီလူတွေဟာ ထောင်တသက်တကျွန်း ကျခံရနိုင်ခြေနဲ့ ရင်ဆိုင်နေရပါတယ်။

13 mins Ago

October 10, 2020

မစ်ရှီဂန်ပြည်နယ်အုပ်ချုပ်ရေးမှူးအား ပြန်ပေးဆွဲရန်ကြံစည်မှုဖြင့် အဖမ်းခံရသူ ၉ ဦးဓာတ်ပုံ ထုတ်ပြန်

မစ်ရှီဂန်ပြည်နယ်အုပ်ချုပ်ရေးမှူးကို ပြန်ပေးဆွဲဖို့ ကြံစည်တဲ့ စွဲချက်တွေနဲ့ အဖမ်းခံရသူ ၉ ယောက်ရဲ့ ဓာတ်ပုံတွေကို ဒေသအာဏာပိုင်တွေက အောက်တိုဘာ ၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။  ဒါ့အပြင် တခြား ၄ ယောက်ကိုလည်း အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။ မကြာသေးခင်ကပဲ အမေရိကန်ပြည်တွင်းလုံခြုံရေးအဖွဲ့က ပြည်တွင်းအကြမ်းဖက် အစွန်း ရောက်တွေဟာ ရွေးကောက်ပွဲနဲ့ ဆက်နွှယ်တဲ့ ပစ်မှတ်တွေကို ခြိမ်းခြောက်နိုင်တယ်ဆိုပြီး သတိပေးထားတာပါ။   ပြီးခဲ့တဲ့လမှာပဲ အက်ဖ်ဘီအိုင်ညွှန်မှူး ခရစ္စတိုဖာရေးက အက်ဖ်ဘီအိုင်ဟာ လူဖြူကြီးစိုးရေး ဝါဒီတွေနဲ့ ဖက်ဆစ်ဆန့်ကျင်ရေးအုပ်စုတွေအပါအဝင် ပြည်တွင်းအစွန်းရောက်တွေကို စုံစမ်း ထောက်လှမ်းခဲ့တယ်လို့ ပြောပါတယ်။  အခုဖမ်းဆီးခံရတဲ့ထဲက ၆ ယောက်ဟာ ပြည်နယ်အုပ်ချုပ်ရေးကို ပြန်ပေးဆွဲဖို့ ကြံစည်တာ ပြစ်မှု ထင်ရှားရှင် ထောင်ဒဏ် တသက်တကျွန်းအထိ ကျခံရနိုင်ပါတယ်။   တခြား ၇ ယောက်ကိုလည်း  ပြည်နယ်အုပ်ချုပ်ရေးမှူးကို ပြန်ပေးဆွဲရာမှာ ပူးပေါင်း ကြံစည်ပြီး အကြမ်းဖက်ဆန့်ကျင်ရေးအက်ဥပဒေကို ချိုးဖောက်တဲ့ စွဲချက်တွေနဲ့  မစ်ရှီဂန်ပြည်နယ် ရှေ့နေချုပ်က စွဲချက်တင်ခဲ့ပါတယ်။
2 years Ago
Up