close

မဇ္ဈိမတံခါး ပန်းချီပြပွဲ

close

December 25, 2021

စစ်တွေမှာကျင်းပတဲ့ ရခိုင်ပန်းချီဆရာ ၄၀ ၏ မဇ္ဈိမတံခါး ပန်းချီပြပွဲ (ဓာတ်ပုံ)

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ''မဇ္ဈိမတံခါးပန်းချီပြပွဲ''အမည်နဲ့ ရခိုင်ပန်းချီဆရာ ၄၀ ရဲ့ ပန်းချီပြပွဲကို  ဒီဇင်ဘာလ ၂၄ ရက်က စတင်ကာ ပြုလုပ်နေပါတယ်။

အဆိုပါ ပန်းချီပြပွဲကို  စစ်တွေမြို့  ခိုင်သဇင်ခန်းမမှာ  ဒီဇင်ဘာ ၂၄ ရက်မှ  ၂၆ ရက် အထိ ၃ ရက်ကြာ ခင်းကျင်းပြသနေတာပါ။

တောင်ကုတ်က ပန်းချီဆရာကိုရက္ခက ''ကလေးတွေကို ပန်းချီပညာနဲ့ ရင်းနှီးကျွမ်းဝင်စေဖို့ရယ်။ ဒီပြပွဲကနေတဆင့်နောက်ထပ်ပြပွဲတွေ ဆက်လုပ်နိုင်စေဖို့ရယ်။ ရခိုင်မှာ ပန်းချီပညာသင်တန်းကျောင်းတစ်ခုဖွင့်လှစ်နိုင်ဖို့ရယ် ရည် ရွယ်ပါတယ်။'' လို့ပြောပါတယ်။

ပန်းချီပြပွဲမှာ တင်ဝင်း(ကံ့ကော်ရွာ) ၊ထွန်းကျော်၊ စောတင်မောင်၊ စိုးဌေး၊ မင်းဇော်ဦး၊ ကျော်ဇောမောင်၊ ထွန်းဝင်း (မာလကာသီး)၊ ဘုန်းနိုင်၊ လင်းမာန်အောင်၊ ညိုသိန်းဦး၊ မြင့်နိုင်၊ လူငြိမ်းခိုင်၊လှပ (မင်းနိုင်)၊ အောင်စည်နေမျိုး၊ ညီပုချေ၊ မြင့်ဝေ၊ စန်းနိုင်၊ မောင်မောင်စော၊ ကျော်ငြိမ်း၊ ခင်အောင်ခန့်၊ သန်းကျော်ဌေး၊ ရွှေသိန်း၊ မောင်ခိုင်မာ၊ အမ္ဗုန်ကျော်၊ ဇွဲရန်နိုင်၊ ကောင်းကျော်ခိုင်၊ မင်းသူရိန်၊ ရက္ခ၊ အောင်နိုင်၊ တင်ဇော်ဝင်း၊ မင်းရန်နိုင်၊ မင်းဝိုင်း၊ ကျော်ကျော်ထွန်း၊ အောင်လင်းထွန်း၊ ဇာနည်ထွန်း၊ ရန်နိုင်ထွေး၊သူရကျော်၊ထွန်းစိန်၊ နှင်းသီရိနဲ့  ရဲရင့်မြင့်နိုင်စတဲ့ ပန်းချီဆရာတွေရဲ့ ပန်းချီလက်ရာပေါင်း ၁၅၀ ကျော် ပြသထားပါတယ်။

''ဒီပန်းချီကားတွေအားလုံးက တကယ့်လက်ရာမြောက်သလို အားလုံးကလည်း ရခိုင့်အငွေ့အသက်တွေကို အပြည့်အဝခံစားရစေပါတယ်။ ဒီလိုပန်းချီပြပွဲမျိုးကို ခုမှကြည့်ဖူး၊မြင်ဖူးတာပါ။'' လို့ ပန်းချီပြပွဲသို့ လာရောက်ကြည့်ရှုသူတစ်ဦးက MPA ကိုပြောပါတယ်။

အဆိုပါပန်းချီကားတွေဟာ ရခိုင်ပြည်မှ ရှုခင်း၊ မြင်ကွင်းတွေနဲ့ ရခိုင်သဘာဝအလှအပမြင်ကွင်းတွေအပါအဝင်  လက်ရာမျိုးစုံ၊ ခံစားမှုမျိုးစုံပါဝင်ပြီး ပန်းချီကားတချပ်ကို  ကျပ် ၂ သိန်းမှ အမေရိကန်ဒေါ်လာ ၃၅၀၀ အထိ အစားစား  ပေါက်စျေးရှိပါတယ်။

ပန်းချီပြပွဲသို့ စစ်တွေရှိ နိုင်ငံခြားသားတချို့အပါအဝင် ကျောင်းသားလူငယ်တွေနဲ့ စိတ်ပါဝင်စားသူ အများအပြား လာရောက်ကြည့်ရှု လေ့လာဝယ်ယူနေကြကာ မနေ့က ဈေးအဖွင့်မှာ ပန်းချီကားတချို့ရောင်းချရတယ်လို့ သိရပါတယ်။

Photo -KaungMratNaing/MPA

59 seconds Ago
Up