close

မတရားအသင်းဆက်သွယ်မှု

close

January 20, 2023

မြောက်ဦးဒေသခံ ၃ ဦးနှင့် ဘူးသီးတောင်ဒေသခံ ၁ ဦးကို စစ်တပ်က မတရားအသင်းဆက်သွယ်မှုဖြင့် တရားစွဲ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က) နဲ့ ဖမ်းဆီး တရားရင်ဆိုင်နေရတဲ့ ဒေသခံ ၃ ဦးကို စစ်ကောင်စီက မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁) နဲ့ ထပ်တိုး တရားစွဲဆိုလိုက်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

မြောက်ဦးမြို့ ကျောက်ရစ်ကေရပ်ကွက်က ကိုကျော်ဝင်းလှိုင်၊ ဗန္ဓုလရပ်ကွက်က ကိုကိုညွန့်နဲ့ တိမ်ညိုကျေးရွာက ကိုပြည့်စုံဝင်းတို့ကို ဒီဇင်ဘာ ၂၄ ရက်မှာ စစ်ကောင်စီက ထပ်တိုးတရားစွဲလိုက်တာလို့ တရားရင်ဆိုင်နေရတဲ့ ကိုပြည့်စုံဝင်းရဲ့ ဇနီး မလှဘုက ပြောပါတယ်။

“ကိုပြည့်စုံဝင်း၊ ကိုကျော်ဝင်းလှိုင်နဲ့ ကိုကိုညွန့်တို့ ၃ ဦးကို ဒီဇင်ဘာ ၂၄ ရက်နေ့မှာ မတရားအသင်း ၁၇(၁) နဲ့ ထပ်တိုးတရားစွဲထားတယ်လို့ သိရတယ်။ တရားလိုကတော့ အခုရင်ဆိုင်နေကြရတဲ့ ၅၀၅(က) အမှုကို တရားစွဲဆိုထားတဲ့ ဗိုလ်ကြီးကျော်ကျော်မင်းက မြောက်ဦးမြို့နယ် တရားရုံးမှာ စွဲတာလို့ သိရတယ်။ အမှုကို စစ်ဆေးတာတော့ မရှိသေးဘူး။ သက်သေတွေက ဘယ်သူတွေ ဘယ်နှယောက်ပါတယ် ဆိုတာလည်း မသိရသေးဘူး။ အခုက ၅၀၅(က) အတွက် အမှုစစ်ဆေးနေပေမဲ့ တရားလိုနဲ့ သက်သေတွေ မရောက်တာကြောင့် ရုံးချိန်းတွေ ကြန့်ကြာမှုတွေ ရှိနေတယ်။”

ဇွန် ၂၁ ရက်က မြောက်ဦးမြို့မှာ စရဖ ၃ ဦးကို အေအေက ဖမ်းဆီးခဲ့ပြီးနောက် ဇွန်လ ၂၂ နေ့မှာ အခု ထပ်တိုးတရားစွဲခံထားရတဲ့  ၃ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးတရားစွဲဆိုထားတာ ဖြစ်ပါတယ်။

အခုရင်ဆိုင်နေရတဲ့ ၅၀၅(က) အမှုအတွက် တရားလို အပါအဝင် လိုပြသက်သေတွေ ရုံးချိန်းမရောက်ကြတာကြောင့် တရားရင်ဆိုင်နေသူတွေအတွက် နစ်နာမှုတွေရှိနေတယ်လို့ ကိုကျော်ဝင်းလှိုင်ရဲ့ဇနီး မလှလှမြင့်က ပြောပါတယ်။

“၁၇(၁) နဲ့ ထပ်တိုးတရားစွဲထားတယ်လို့တော့ သိရတယ်။ အခုရင်ဆိုင်နေရတဲ့ ၅၀၅(က) အမှုအတွက်လည်း တရားလိုနဲ့ လိုပြသက်သေ မရောက်တာကြောင့် ရုံးချိန်ခေါ်‌ပေမဲ့ မစစ်ဆေးဖြစ်တာ ၄ ပတ်လောက် ဆက်တိုက်ရှိနေပြီ။ လိုပြသက်သေ ၆ ဦးမှာ ၄ ဦးပဲ စစ်ဆေးရသေးတယ်။ နောက် ၂ ဦးက မရောက်တာကြောင့် စစ်ဆေးလို့မရဘူး ဖြစ်နေတယ်။ အရပ်ဘက်သက်သေတွေကတော့ ရောက်တယ်၊ စစ်တပ်ဘက်က တရားလိုရော သက်သေတွေရော မရောက်ကြဘူး။ ရုံးချိန်းတွေထုတ်တယ်၊ မစစ်ဆေးဖြစ်တော့ ရုံးချိန်းတွေ ကြန့်ကြာပြီး စွဲစွပ်ခံထားရသူတွေအတွက်တော့ နစ်နာမှုတွေ ရှိတယ်။”

အမှုရင်ဆိုင်နေရသူ  ၃ ဦးကို မြောက်ဦးမြို့နယ်တရားရုံးမှာ အမှုရင်ဆိုင်ဖို့  ဇန်နဝါရီ ၂၄ ရက်နေ့ကို ထပ်မံရုံးချိန်းဆိုထားပါတယ်။

ဖမ်းဆီးခံ ၃ ဦးထဲက ကိုကျော်ဝင်းလှိုင်ဟာ ဖမ်းဆီးခံရစဉ် စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်ခံရတာတွေကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ လနဲ့ချီ ဆေးကုသမှု ခံယူခဲ့ရပါတယ်။

ဒါ့အပြင် မြောက်ဦးမြို့က အလွတ်တန်းသတင်းထောက်တဦးဖြစ်တဲ့ ကိုဖိုးသီဟနဲ့ ကိုရင်ဆို့ (ခ) ကျော်ဇံဝေတို့ကိုလည်း စစ်ကောင်စီက ဖမ်းဆီးပြီး ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲဆိုထားပါတယ်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာလည်း မတရားအသင်းဆက်သွယ်မှုနဲ့ တရားစွဲခံထားရတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတယောက်ကို စစ်အုပ်စုက ဇန်နဝါရီ ၁၉ ရက်မှာ တရားရုံးထုတ် စစ်ဆေးခဲ့တယ်လို့ ​မိသားစုဝင်တွေဆီကနေ သိရပါတယ်။

တပ်မင်းချောင်းရက်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးဦးကျော်လှကို ရက္ခိုင့်တပ်တော် (အေအေ) နဲ့ ဆက်စပ်တယ်လို့ စွပ်စွဲပြီး မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) နဲ့ တရားစွဲဆိုကာ ဇန်နဝါရီ ၁၉ ရက် နေ့လယ်ပိုင်းက ၇ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့သလို တရားလိုပြ သက်သေ ၂ ယောက်ကို စစ်ဆေးကာ ဇန်နဝါရီ ၂၆ ရက်နေ့ကို ထပ်မံချိန်းဆိုလိုက်တယ်လို့ ဆိုပါတယ်။

ဘူသီးတောင်မြို့နယ် အခြေစိုက် ခမရ ၂၃၄ တပ်ရင်းက ရပ်ကျေးအုပ်အုပ်ချုပ်ရေးမှူး ၁၂ ယောက်ကို ၂၀၂၂ ခုနှစ် စက်တင်ဘာ ၃ ရက်နေ့မှာ ခေါ်ယူပြီး တပ်မင်းချောင်း အုပ်ချုပ်ရေးမှူး ဦးဦးကျော်လှနဲ့ မီးကျောင်းစျေး (မွတ်ဆလင်) ရွာ အုပ်ချုပ်ရေမှူး ဦးဟာမတ်တူဆောင်းတို့ ၂ ယောက်ကို အေအေနဲ့ ဆက်စပ်တယ်လို့ စွပ်စွဲဖမ်းဆီးကာ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) နဲ့ တရားစွဲဆိုခံခဲ့ရတာပါ။

မီးကျောင်းစျေး အုပ်ချုပ်ရေးမှူး ဦးမာမတ်တူဆောင်းကိုတော့ ဇန်နဝါရီ ၂၀ ရက်နေ့မှာ တရားရုံးထုတ် စစ်ဆေးမှာဖြစ်ပြီး သူတို့ ၂ ယောက်ကို ဘူးသီးတောင် အကျဉ်းထောင်မှာ ချုပ်နှောင်ထားပါတယ်။

32 mins Ago

January 2, 2023

မောင်တောတွင် မတရားအသင်းဆက်သွယ်မှုဖြင့် ဖမ်းဆီးခံရသူ ၂ ဦး ပြန်လွတ်လာ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ စစ်ကောင်စီက ဖမ်းဆီးကာ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) (၂) တို့နဲ့ အမှုဖွင့်ခံထားရတဲ့ ကျောင်းသူတယောက်နဲ့ ဒေသခံ ဆိုင်ကယ်ကယ်ရီသမား တယောက်တို့ ဇန်နဝါရီ ၁ ရက်က ပြန်လွတ်လာတယ်လို့  မိသားစုဝင်တွေက ပြောပါတယ်။

ပြန်လည်လွတ်မြောက်လာသူတွေကတော့ မင်းပြားမြို့နယ်  ပြိုင်းတောကျေးရွာက ကျောင်းသူ မအေးမြစန္ဒာနဲ့ မောင်တောမြို့နယ် အောင်သပြေကျေးရွာက ဆိုင်ကယ်ကယ်ရီမောင်းသူ ကိုမောင်မောင်ကျော်တို့ ဖြစ်ကြပါတယ်။

သူတို့နှစ်ဦးကို အပြစ်မရှိတာကြောင့် မောင်တောမြို့နယ် ကြိမ်ချောင်းနယ်ခြားစောင့် ရဲစခန်း နခခ(၇)က ပြန်လွှတ်ပေးလိုက်တာဖြစ်တယ်လို့ မအေးမြစန္ဒာရဲ့ မောင်ဖြစ်သူ ကိုမျိုးချစ်ငြိမ်းက ပြောပါတယ်။

"ကျနော့်အစ်မနဲ့ ကိုမောင်မောင်ကျော်တို့ နှစ်ဦးလုံးကို ဒီနေ့ မနက်ပိုင်းက ပြန်လွှတ်ပေးလိုက်ပြီ။ အပြစ်မရှိတာကြောင့် ပြန်လည်လွတ်ပေးလိုက်တာလို့သိရတယ်။ နှစ်ယောက်စလုံးကတော့ ကျန်းမာရေးတွေလည်း ကောင်းကြပါတယ်။ ပြန်လွှတ်ပေးလိုက်လို့လည်း ဝမ်းသာမိတယ်။ နောက်ထပ်ဖမ်းဆီးခံထားရသူတွေကိုလည်း ပြန်လွှတ်ပေးစေချင်တယ်" လို့ပြောပါတယ်။

မအေးမြစန္ဒာဟာ မောင်တောမြို့နယ်ရှိ မင်္ဂလာညွန့်ကျေးရွာရှိ ဆွေမျိုးအိမ်သို့ အလည်လာပြီးနောက် ကျေးရွာသို့ အပြန်မှာ  ဆိုင်ကယ်ကယ်ရီသမား ကိုမောင်မောင်ကျော်နဲ့ အတူ နိုဝင်ဘာလ ၁ ရက်က ကမောင်တောမြို့နယ် ကြိမ်ချောင်းနယ်ခြားစောင့် ရဲစခန်း နခခ(၇) မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်(အေအေ)တို့ တကျော့ပြန်တိုက်ပွဲပြင်ထန်ဖြစ်ပွားပြီးနောက်  စစ်ကောင်စီက အရပ်သား ရာချီဖမ်းဆီးခဲ့ပြီး ပုဒ်မအမျိုးမျိုးတပ်ကား တရားစွဲဆိုထားပါတယ်။

စစ်ကောင်စီနဲ့ အေအေတို့အကြား ယာယီအပစ်အခတ်ရပ်စဲထားပေမဲ့ စစ်ကောင်စီက အေအေနဲ့ဆက်စပ်တယ်ဆိုပြီး ရခိုင်ပြည်သူတွေကို ဖမ်းဆီးကာ  မတရားအသင်းဆက်သွယ်ပုဒ်မ အပါအဝင် ပုဒ်မအမျိုးမျိုးနဲ့ တရားစွဲဆိုထောင်ဒဏ်တွေချမှတ်နေတာ ဖြစ်ပါတယ်။

3 weeks Ago
Up