close

မတရားအသင်း

close

December 29, 2022

KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို အကြမ်းဖက်မှုဖြင့် အမှုဖွင့်

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌဟောင်း ဒေါက်တာ ခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက မြစ်ကြီးနားမြို့မရဲစခန်းမှာ မတရားအသင်းဥပဒေ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ စတဲ့ ပုဒ်မနှစ်ခုနဲ့ အမှုဖွင့်ခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

မြစ်ကြီးနားမြို့မရဲစခန်းကို ဒီဇင်ဘာ ၂၈ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ် ရောက်လာပြီး KBC ဥက္ကဋ္ဌဟောင်းကို မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇ (က) နဲ့ အမှုဖွင့်ပြီးနောက် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ပါ ထပ်မံအမှုဖွင့်ခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက ပြောပါတယ်။

“သူ့ကို လိုင်ဇာမှာလုပ်တဲ့ KIO အစည်းအဝေးတက်ခဲ့လို့ ပုဒ်မ ၁၇(က) နဲ့ အမှုဖွင့်တာ။ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေကတော့ KIO နဲ့ PDF တွေကို အားပေးတယ်၊ ထောက်ခံတယ်ပေါ့၊ အာ့ကြောင့် အမှုဖွင့်တာ။”

ဒေါက်တာ ခလမ်ဆမ်ဆွန်ကို မြစ်ကြီးနားရဲစခန်းက (ပ) ၂၀၀/၂၀၂၂ မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇(က) အပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူထားတာ မှန်တယ်လို့ အမည်မဖော်လိုသူ ရဲအရာရှိတဦးက ပြောပါတယ်။

“မနေ့ကပဲ ပုဒ်မ ၁၇(က) ရယ် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေကတော့ ဘယ်ပုဒ်မနဲ့ ဖွင့်မလဲတော့ မသိဘူး။ မြစ်ကြီးနားရဲစခန်းမှာတော့ မရှိဘူး။ သူ့ကို ဘယ်မှာဖမ်းချုပ်ထားလဲမသိဘူး။”

ဒေါက်တာခလမ်ဆမ်ဆွန်ဟာ ဒီဇင်ဘာ ၅ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဆေးစစ်ဖို့သွားချိန် မန္တလေး တံတားဦးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

သူ့ကိုအမြန်ဆုံး ချက်ချင်းပြန်လွှတ်ပေးဖို့ American Baptist Churches USA, World Kachin Congress, ကချင်ရိုးရာယဉ်ကျေးမှုနှင့် စာပေအဖွဲ့ချုပ်နဲ့ တခြားအဖွဲ့အစည်းတွေကလည်း ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။

7 mins Ago

March 24, 2020

အေအေအဖွဲ့ကို အကြမ်းဖက်အုပ်စု၊ မတရားအသင်းအဖြစ်ကြေညာ

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ( ယူအန်အေ)/ ရက္ခိုင့်တပ်တော် (အေအေ) လက်နက်ကိုင်အဖွဲ့ကို အကြမ်းဖက်အုပ်စုအဖြစ် မြန်မာနိုင်ငံအကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ကြေညာလိုက်ပြီး မတရားအသင်းအဖြစ်လည်း ပြည်ထဲရေးဝန်ကြီးဌာနက  မတ်လ ၂၃ ရက်ညမှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။ United League of Arakan(UNA)၊  Arakan Army(AA) လက်နက်ကိုင်အဖွဲ့ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ပြည်သူတွေကိုစည်းရုံး၊ အကြောက်တရားနဲ့လွှမ်းမိုးပြီး ဒေသခံပြည်သူတွေကို အကာအကွယ်ရယူကာ တပ်မတော်စစ်ကြောင်းတွေ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၀င်တွေနဲ့ လုံခြုံရေးစခန်းတွေကို တိုက်ခိုက်တာ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ အစိုးရ၀န်ထမ်းတွေနဲ့ အပြစ်မဲ့အရပ်သားပြည်သူတွေကို ဖမ်းဆီး၊ သတ်ဖြတ်၊ နှိပ်စက်တာ၊ ကျေးရွာတွေအတွင်း ပစ်ခတ် မိုင်းထောင်ဖောက်ခွဲတာတွေလုပ်နေတယ်လို့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ အေအေလက်နက်ကိုင်အဖွဲ့ရဲ့ အကြမ်းဖက်မှုတွေဟာ အများပြည်သူ လုံခြုံရေး၊ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်သလို အများပြည်သူနဲ့ ပုဂ္ဂလိကအတွက် အရေးကြီတဲ့ အခြေခံအဆောက်အအုံတွေ၊ နိုင်ငံပိုင်အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်း၊ ကိရိယာနဲ့ အသုံးအ ဆောင်တွေကို  ပြင်းထန်စွာထိခိုက်ဆုံးရှုံးစေတယ်လို့လည်းဆိုပါတယ်။ ဒါ့အပြင် အေအေလက်နက်ကိုင်အဖွဲ့ဟာ ဥပဒေနဲ့အညီ တပ်မတော်အတွင်း မှတ်ပုံတင်ထားတဲ့ ရေယာဉ်၊ လေယာဉ်နဲ့ အခြားစက်တပ်ယာဉ်တွေပေါ်မှာ အကြမ်းဖက်မှုတွေ ကျုးလွန်နေတဲ့အပြင် နိုင်ငံတော်အတွင်း အခြေပြုကာ နိုင်ငံတော်ကို အကြမ်းဖက်မှုတွေ ကျုးလွန်နေတာကြောင့် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာလိုက်တာလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ အလားတူ  ပြည်ထဲရေးဝန်ကြီးဌာနကလည်း  အေအေအဖွဲ့နဲ့ အေအေလက်အောက်ခံ အဖွဲ့တွေကို မတရားအသင်းများ အက်ဥပဒေ ပုဒ်မ ၁၅ ၊ ပုဒ်မခွဲ (၂) နဲ့အညီ မတရားအသင်းအဖြစ် မတ်လ ၂၃ ရက်ညက သီးခြား ထုတ်ပြန် ကြေညာလိုက်ပါတယ်။ United League of Arakan(UNA)၊  Arakan Army(AA) လက်နက်ကိုင်အဖွဲ့နဲ့ အဖွဲ့ဝင်တွေရဲ့ ရည်ရွယ်ချက်နဲ့ လုပ်ရပ်တွေဟာ မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ အများပြည်သူ အေးချမ်းသာယာရေးကို အနှောင့်အယှက် အန္တရာယ် ဖြစ်စေတယ်လို့ ယူဆတာကြောင့် မတရားသင်းအဖြစ် ကြေညာလိုက်တာလို့ ပြည်ထဲရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး စိုးထွဋ် လက်မှတ်နဲ့ထုတ်ပြန်တဲ့ အမိန့်ကြော်ငြာစာမှာ ဖော်ပြပါတယ်။ 
3 years Ago
Up