close

မတ္တရာမြို့နယ်

close

April 23, 2023

မတ္တရာမြို့နယ် ကင်းရွာသားတဦးကို စစ်ကောင်စီက သတ်ဖြတ်

မန္တလေးတိုင်း မတ္တရာမြို့နယ်၊ ကင်းရွာသားတဦးကို ဧပြီ ၂၃ ရက် ဒီနေ့မနက်က ရွာသာယာရွာမြောက်ဘက်မှာ သတ်ဖြတ်ထားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသတ်ခံရသူဟာ ပြီးခဲ့တဲ့ ဧပြီ ၈ ရက်နေ့ မြကန်သာရွာအနီး အဲလ်ဖာဘိလပ်မြေစက်ရုံးအဝင် ကွန်ကရစ်လမ်းမှာ စစ်ကောင်စီရဲ့ ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။

“ဒီလိုလုပ်တာတော့ ‌အတော်လေးအောက်တန်းကျတယ်။ အရင်ကတော့ တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပျက်နေတာ ကိုယ်တွေ့မဟုတ်တော့ ဒီ စစ် (-) တွေကို သိပ်ပြီးမမုန်းခဲ့ဘူး။ အခုဟာကတော့  မင်းအောင်လှိုင် စစ်တပ်ဆိုရင် အသက်သေတဲ့အထိကိုယုံ ကြည်မှုဆိုတာမရှိတော့ဘူး၊ မုန်းလည်းမုန်းတယ်ဗျ။ ဒါကလည်း ကျနော်တယောက်တည်း ဖြစ်တာဟုတ်ဘူး။ ပြည်သူတိုင်းလိုလို အဲလိုစိတ်ဖြစ်နေကြတာ။ အခု သူတို့သတ်သွားတာက နဖူးကိုတေ့ပြီး ပစ်သတ်သွားတယ်။ နောက်ပြီး သွေးသောက်လည်ဆွဲ လည်ပင်းမှာဆွဲသွားတယ်။ အလောင်းကတော့ ဒီနေ့ နေ့လည် ၁၂ နာရီလောက် စစ် (-) တွေ ထွက်သွားပြီး ရွာသာယာရွာမြောက်ဘက်ထိပ် မုဆိုးမပြွန်ပေါက်အနီးမှာ တွေ့ခဲ့ရတယ်။ သေတဲ့သူအမည်က ကိုဖိုးထောင်ပါ။ အသက်က ၁၉ နှစ် သာမန်အရပ်သားပါပဲ” လို့ သေဆုံးသွားသူနဲ့ ဆွေမျိုးတော်စပ်သူတဦးက ပြောပါတယ်။

စစ်ကောင်စီကတော့ မတ္တရာမြို့နယ် ကင်းရွာအနီးတဝိုက်က‌ ကျေးရွာတွေကို ဝင်ရောက်ရှာဖွေတာတွေ ပြုလုပ်သလို ဒေသခံတွေရဲ့နေအိမ်တချို့ကိုလည်း မီးရှို့တာတွေ လုပ်ဆောင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို စစ်ကောင်စီက စစ်ကြောင်းထိုးရင်း ရွာသားတွေ ဖမ်းဆီးရိုက်နှက်တာတွေပါ ပြုလုပ်တာကြောင့် စစ်ကောင်စီစစ်ကြောင်းလာပြီဆိုတာနဲ့ ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးရတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

14 hours Ago

April 20, 2023

မတ္တရာမြို့နယ် ရုန်းပင်ကျေးရွာကို စစ်တပ်က စီးနင်းပစ်ခတ်၊ အမျိုးသမီး ၁ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ အထက်တောင်ကိုင်းအုပ်စု၊ ရုန်းပင်ကျေးရွာကို စစ်ကောင်စီက ဧပြီ ၂၀ ရက် မနက်အစောပိုင်း ၅ နာရီကျော်လောက်က ဝင်ရောက်စီးနင်းပစ်ခတ်တာကြောင့် အမျိုးသမီးတဦး ကျည်ထိမှန်ဒဏ်ရာ ရရှိထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အဆိုပါ စစ်ကောင်စီတပ်ဟာ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ မြကန်သာ‌ကျေးရွာအနီးကနေ အင်အား ၃၀ လောက်နဲ့ စစ်ကြောင်းထိုးလာတာဖြစ်တယ်လို့ ဒေသတွင်း စစ်ရေးစောင့်ကြည့်နေတဲ့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံအမျိုးသားတဦးက “ပထမ ဒီကောင်တွေ မြကန်ကျေးရွာရဲ့အရှေ့ဘက် သရက်ကိုင်းကျေးရွာမှာရှိတဲ့ မြင့်ကုမ္ပဏီ အယ်လ်ဖာ ဘိလပ်မြေစက်ရုံအစောင့်ကျတဲ့ (--)တွေပါ။ သူတို့က သရက်ကိုင်းရွာကနေ မြကန်ကျေးရွာကို ဖြတ်တယ်။ မြကန်ကျေးရွာကနေ မြောက်ဘက် တောင်ပုလု၊ ကင်းရွာက ဒေသအခေါ် ရေစိုတောင်ကိုဖြတ်ပြီး လယ်ကွင်းတွေထဲကနေ အခု ရုန်းပင်ကျေးရွာကို ဝင်ရောက်တယ်။ ဘာကြောင့် ဝင်ရောက်ရတာလဲတော့ မသိဘူး။ ကျနော်တို့နဲ့ မြေပြင်မှာလည်း ဘာတိုက်ပွဲမှ ဖြစ်သံမကြားဘဲကို အခုလို ရွာကို အနုကြမ်းစီးသလို ဝင်ရောက်စီးနင်းပိတ်ဆို့ ဖမ်းဆီးတာဗျ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ အသက် ၃၀ ကျော် အမျိုးသမီးတဦး ကျည်ထိမှန်ခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့ အနေအထားရှိလို့ အဲဒီအမျိုးသမီးကို ဆေးကုသနိုင်ဖို့ ‌အချင်းချင်း ကူညီပေးဖို့ လုပ်နေတယ်လို့ သိရပါတယ်။

အခု စစ်ကောင်စီ ဝင်ရောက်တဲ့ ရုန်းပင်ရွာဟာ အိမ်ခြေ ၂၅၀ ကျော်ရှိတဲ့ ကျေးရွာတရွာလည်း ဖြစ်ပြီး ဒေသခံအနည်းစုသာ စစ်ကြောင်းရှောင်နိုင်ခဲ့ပြီး ရွာသားအများစုကတော့ စစ်ကောင်စီရဲ့ ဖမ်းဆီးတာကို ခံနေရတာလည်းဖြစ်ပါတယ်။

4 days Ago
Up