အိန္ဒိယနိုင်ငံ ကုန်သွယ်ရေးဝန်ကြီးဌာနကနေ ပြည်ပကနေ မတ်ပဲနဲ့ ပဲစင်းငုံတင်သွင်းမှုကို ၂၀၂၃ မတ်လ ၃၁ ရက်ကနေ ၂၀၂၄ မတ်လ ၃၁ ရက်နေ့အထိ တနှစ်သက်တမ်း ထပ်တိုးပေးကြောင်း ဒီဇင်ဘာ ၂၈ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
အရင်က ပြည်ပကနေ မတ်ပဲနဲ့ ပဲစင်းငုံ တင်သွင်းမူကို ၂၀၂၃ မတ်လ ၃၁ ရက်နေ့အထိ ပမာဏ ကန့်သတ်ထားခြင်းမရှိဘဲ သူ့နိုင်ငံအတွင်း တင်သွင်းခွင့်ပေးထားခဲ့ရာကနေ အခု ၂၀၂၄ မတ်လ ၃၁ ရက်နေ့အထိ တင်သွင်းခွင့်ကာလကို သက်တမ်း ထပ်တိုးပေးလိုက်တာပါ။
အဲဒီလို အိန္ဒိယ ပဲတင်သွင်းခွင့်ကာလ တိုးမြှင့်လိုက်တာကြောင့် ပြည်တွင်းပဲဈေးကွက်ထဲမှာ အသစ်ပေါ်ချိန် ဈေးနှုန်းကျဆင်းနေတဲ့ မတ်ပဲနဲ့ ပဲစင်းငုံဈေးတွေ ဈေးထပ်မံကျဆင်းလာပါတယ်။ မြန်မာ့ပဲဈေးကွက်ဟာ အိန္ဒိယနိုင်ငံကိုသာ အဓိကအားထားနေရတာ ဖြစ်တာကြောင့် အိန္ဒိယရဲ့ ပဲတင်သွင်းမှု ပေါ်လစီအပြောင်းအလဲဟာ မြန်မာပဲဈေးကွက်အပေါ် သက်ရောက်မှုရှိပါတယ်။
ဘုရင့်နောင်ကုန်စည်ဒိုင်ဈေးနှုန်းအရ ဒီနေ့ ဒီဇင်ဘာ ၂၉ရက်နေ့မှာ မတ်ပဲ ၁ တန်ကို ၁,၆၉၂,၀၀၀ ကျပ် ပေါက်စျေး ရှိပြီး ၊ ပဲစင်းငုံ ၁ တန်စျေးနှုန်းက ၁,၇၆၀,၀၀၀ ရှိပါတယ်။ မနေ့ကဈေးနဲ့ယှဉ်ရင် မတ်ပဲ ၁ တန်ကို ကျပ် ၃ သောင်းဝန်းကျင်၊ ပဲစင်းငုံက ၁ တန်ကို ကျပ် ၁ သောင်းဝန်းကျင် စျေးကျဆင်းလာပါတယ်။
ပဲကုန်သည်တဦးက “ပြည်ပဝယ်အားသိပ်မရှိဘူး။ ပဲအသစ်တွေ ဝင်နေတယ်။ အဲတာကြောင့် ကျတာ။ ဒါပေမဲ့ ရေရှည်မှာတော့ တက်မယ်။ အိန္ဒိယမှာ အထွက်လျော့တယ်။ ပဲလိုအပ်ချက်များတယ်” လို့ မှတ်ချက်ပြုပါတယ်။
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအစိုးရတို့အကြားမှာ G to G အစီအစဉ်နဲ့ မတ်ပဲနဲ့ ပဲစင်းငုံ ရောင်းဝယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကိုလည်း ရေထိုးထားပါတယ်။
အဲဒီ MOUအရ အိန္ဒိယအစိုးရက မြန်မာနိုင်ငံကနေ နှစ်စဉ် မတ်ပဲတန်ချိန် (၂.၅) သိန်းနဲ့ ပဲစင်းငုံ တန်ချိန် ၁ သိန်းတို့ကို ပုဂ္ဂလိက ကုန်သွယ်မှုကတဆင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်ကနေ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိ ၅ နှစ်ဆက်တိုက် တင်သွင်းသွားမှာ ဖြစ်ပါတယ်။
တဖက်မှာလည်း အိန္ဒိယမှာ ပဲစိုက်ဧကနဲ့ အထွက်နှုန်းလျော့ပြီး ပဲလိုအပ်ချက် ရှိနေတဲ့အတွက် ပြည်တွင်း ပဲကုန်သည်လှောင်လက်တွေက စျေးကွက်အလားအလာအပေါ် မျှော်မှန်းပြီး ဝယ်ယူ သိုလှောင်မှုတွေ ရှိနေပါတယ်။ ဒါ့အပြင် ပြည်တွင်းပဲ စိုက်ပျိုးတဲ့ ဒေသတွေမှာလည်း ဒေသတွင်း မတည်ငြိမ်မှုတွေကြောင့် စိုက်ဧကနဲ့ အထွက်နှုန်းလျော့ကျနေပါတယ်။ ဒီအချက်တွေကြောင့် ရေရှည်မှာ ပဲစျေးကွက် ကောင်းလာနိုင်တယ်လို့ ကုန်သည်တွေက ခန့်မှန်းထားကြပါတယ်။
မန္တလေးအခြေစိုက် ပဲကုန်သည်တဦးက “အိန္ဒိယက လိုအပ်ချက်ရှိနေသေးတယ်။ ပြည်တွင်းမှာ အသစ်တွေ ထွက်လို့စျေးကျလည်း ရေတိုပဲ။ ရေရှည်မှာက ပြည်တွင်း အထွက်နှုန်းကလည်း ကျနေတာဆိုတော့ စျေးကွက်က အမာတန်းမှာပဲ ဆက်ရှိနေနိုင်တယ်” လို့ ကောက်ချက်ချပါတယ်။
မြန်မာ့ပဲမျိုးစုံကို အိန္ဒိယ၊ တရုတ်၊ အင်ဒိုနီးရှား၊ ဂျပန်နဲ့ ဥရောပနိုင်ငံတွေက ဝယ်ယူနေပေမဲ့ အိန္ဒိယနိုင်ငံရဲ့ ဝယ်ယူမှုက ၈၀ ရာခိုင်နှုန်း ရှိပါတယ်။ ၂၀၁၇ ခုနှစ် ဩဂုတ်လမှာ အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံကနေ ပဲဝယ်ယူမှုကို ပမာဏဏကန့်သတ်လိုက်တဲ့အတွက် မြန်မာနိုင်ငံရဲ့ ပဲဈေးကွက်မှာ များစွာအထိနာခဲ့ရပါတယ်။
လက်ရှိမှာတော့ အိန္ဒိယက သူနိုင်ငံအတွင်း ပဲလိုအပ်ချက် များပြားနေတာကြောင့် ခွဲတမ်းစနစ်ကို ပယ်ဖျက်ပြီး မတ်ပဲနဲ့ ပဲစင်းငုံကို ပမာဏ ကန့်သတ်ချက်မရှိ တင်သွင်းခွင့် ပြန်ခွင့်ပြုပေးထားတာပါ။
အိန္ဒိယနိုင်ငံမှာ ပဲလက်ကျန်နည်းပါးနေပြီး မြန်မာနိုင်ငံက အရည်အသွေးကောင်း မတ်ပဲတွေအပေါ် ဝယ်လိုအား တက်လာနိုင်တဲ့ အခြေအနေကြောင့် မတ်ပဲစျေး မာလာနိုင်တယ်လို့ ပဲစျေးကွက် စောင့်ကြည့်သူတွေက သုံးသပ်ထားကြပါတယ်။
မြန်မာ−အိန္ဒိယ နှစ်နိုင်ငံ ကုန်သွယ်ရေးမူဝါဒ အပြောင်းအလဲမရှိရင်၊ မြန်မာ့ငွေတန်ဖိုး အခုအတိုင်း ဆက်ရှိနေမယ်ဆိုရင် ပြည်တွင်းမတ်ပဲစျေး တက်လာဖို့ အလားအလာရှိတယ်လို့ သုံးသပ်ထားကြတာပါ။
မြန်မာနိုင်ငံရဲ့ အဓိကပို့ကုန်ပဲတွေဖြစ်တဲ့ မတ်ပဲနဲ့ ပဲစင်းငုံစျေးဟာ အဓိကဝယ်လက်နိုင်ငံဖြစ်တဲ့ အိန္ဒိယရဲ့ ဝယ်လိုအားအပေါ်မူတည်ပြီး စျေးနှုန်းအတက်အကျ ဖြစ်လေ့ရှိပါတယ်။
လက်ရှိမှာတော့ ပြည်တွင်းဒေါ်လာငွေလဲနှုန်း အတက်အကျပေါ်မူတည်ပြီး မတ်ပဲနဲ့ ပဲစင်းငုံစျေးက အတက်အကျ အပြောင်းအလဲများစွာ ဖြစ်ပေါ်နေပါတယ်။ ဒေါ်လာငွေလဲနှုန်း မတည်ငြိမ် ခန့်မှန်းရခက်တာကြောင့် အရောင်းအဝယ်ကိစ္စတွေလည်း နှောင့်နှေးနေတယ်လို့ ကုန်သည်တွေထံက သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းက မတ်ပဲ (FAQ/RC) တတန်ကို ၂၁ သိန်း၊ ပဲစင်းငုံတတန်ကို ၂၁ သိန်းအထက်မှာ ရှိခဲ့ပေမဲ့ အခုလဆန်းပိုင်းမှာ မတ်ပဲတတန်ကို ၁၇ သိန်း ၈ သောင်း၊ ပဲစင်းငုံက ၁၉ သိန်း ၇ သောင်းဝန်းကျင်ထိ ပြန်ကျဆင်းခဲ့ပါတယ်။ လက်ရှိမှာတော့ မတ်ပဲတတန်စျေးက ၁၈ သိန်း ၂ သောင်းဝန်းကျင်ထိ ပြန်မြင့်တက်လာပြီး ပဲစင်းငုံကတော့ စျေးငြိမ်နေပါတယ်။
ဝယ်လက်အိန္ဒိယနိုင်ငံမှာ ရာသီဥတုဖောက်ပြန်မှုကြောင့် အခုနှစ် ပဲအထွက်နှုန်းနဲ့ အရည်အသွေး ကျဆင်းနေပြီး ပဲလိုအပ်ချက်များနေတာ၊ အိန္ဒိယက မတ်ပဲနဲ့ ပဲစင်းငုံ တင်သွင်းခွင့်ကို ၂၀၂၂−၂၀၂၃ ဘဏ္ဍာနှစ်အကုန် အကန့်အသတ်မဲ့ တင်သွင်းခွင့်ပြုထားတာ၊ ဒေါ်လာငွေတန်ဖိုး မြင့်တက်နေတာတွေကြောင့် မတ်ပဲစျေးက ေရရှည်မှာ စျေးဆက်မာနေဉီးမယ်လို့ စျေးကွက်စောင့်ကြည့်သူတွေက ခန့်မှန်းထားကြပါတယ်။
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအစိုးရတို့အကြား သဘောတူလက်မှတ်ထိုးထားတဲ့ MOU အရ လက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံက မတ်ပဲတန်ချိန် ၂ သိန်းခွဲနဲ့ ပဲစင်းငုံတန်ချိန် ၁ သိန်း (စုစုပေါင်း ၃ သိန်းခွဲ) တင်သွင်းနိုင်မှာဖြစ်ပါတယ်။ ပဲစင်းငုံဈေးနှုန်းနဲ့ ပတ်သက်ပြီး အာဖရိကဘက်က ပဲစင်းငုံတွေ အဝင်များနေတာကြောင့် အိန္ဒိယနိုင်ငံရဲ့ ပဲစင်းငုံဈေးနှုန်းလည်း အနည်းငယ် ငြိမ်သက်နေတယ်လို့ သိရပါတယ်။
ပြည်တွင်းပဲအထွက်နှုန်းကလည်း သွင်းအားစု စျေးကြီးမြင့်သလို တချို့ဒေသတွေမှာ ပဋိပက္ခတွေကြောင့် ကောင်းကောင်းစိုက်ပျိုးနိုင်ခဲ့ခြင်းမရှိလို့ အထွက်နှုန်း လျော့ကျနေပါတယ်။
အိန္ဒိယနိုင်ငံမှာ ပဲလိုအပ်ချက်ရှိနေပြီး မြန်မာ့မတ်ပဲ ဝယ်လိုအား တက်လာနိုင်ခြေရှိပေမဲ့ ပြည်ပပို့ကုန်ရငွေတွေအပေါ် ချမှတ်ထားတဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ မူဝါဒ ကန့်သတ်ချက်က ပဲတင်ပို့ရာမှာ တွက်ခြေမကိုက်ဘဲ အဟန့်အတား ဖြစ်နေတယ်လို့ ကုန်သည်အများစုက ဆိုပါတယ်။
စစ်ကောင်စီ ဗဟိုဘဏ်က ပို့ကုန်တင်ပို့မှုကနေ ရရှိတဲ့ နိုင်ငံခြားငွေတွေထဲက ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ် သတ်မှတ်စျေးနဲ့ မြန်မာငွေ မဖြစ်မနေ လဲလှယ်စေပြီး ၃၅ ရာခိုင်နှုန်းကိုသာ ဖြေလျှော့ပေးထားတာပါ။
အခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်ကနေ အောက်တိုဘာ ၇ ရက်နေ့အထိ ၆ လကျော်အတွင်း ပြည်ပကို ပဲမျိုးစုံ တန်ချိန် ၈ သိန်းကျော် တင်ပို့ထားတယ်လို့ စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့စာရင်းအရ သိရပါတယ်။
ပင်လယ်ရေကြောင်းကနေ ပဲမျိုးစုံတန်ချိန် ၇ သိန်းဝန်းကျင်၊ နယ်စပ်ကနေ တန်ချိန် ၁ သိန်း ၄ သောင်းကျော် တင်ပို့ထားပြီး အဲဒီပဲမျိုးစုံတင်ပို့မှုကနေ ပို့ကုန်ဝင်ငွေအနေနဲ့ အမေရိကန်ဒေါ်လာ ၆၅၅ သန်းကျော် ရရှိထားတယ်လို့ ဆိုပါတယ်။
အခုဘဏ္ဍာနှစ်အတွင်းမှာ ပဲတီစိမ်းကို တန်ချိန် ၃ သိန်းကျော်အထိ အများဆုံး တင်ပို့ထားတာဖြစ်ပြီးတော့ မတ်ပဲတင်ပို့မှုက တန်ချိန် ၂ သိန်း ၆ သောင်းကျော်၊ ပဲစင်းငုံ တင်ပို့မှုကတော့ တန်ချိန် ၇ သောင်းဝန်းကျင်ရှိတယ်လို့ စီးပွား/ကူးသန်းရဲ့ အချက်အလက်တွေအရ သိရပါတယ်။