close

မတ်လ

close

April 2, 2023

ချင်းပြည်နယ်၌ မတ်လအတွင်းတိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ကျော်သေဆုံး

ချင်းပြည်နယ်ကို ရိက္ခာလာဖြည့်တဲ့ စစ်ကောင်စီယာဉ်တန်းကို ပြီးခဲ့တဲ့ မတ်လအတွင်းက တိုက်ခိုက်ခဲ့တာမှာ  စစ်ကောင်စီတပ်သား ၅၂ ယောက် သေဆုံးခဲ့တယ်လို့ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-မတူပီ (CDF မတူပီ)ရဲ့ သတင်းနဲ့ ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။

မတ် ၃၁ ရက် မနက် ၈ နာရီက ကလားကျေးရွာမှာ CDF မတူပီ အဖွဲ့နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ကလားရွာသစ်အောက်ရွာမှ လူနေအိမ် ၅ လုံးနဲ့  ကလားအပေါ်ရွာက  လူနေအိမ် ၄  လုံး စုစုပေါင်း လူနေအိမ် ၉  လုံး မီးရှို့ဖျက်ဆီးခံရတယ်လို့ ဆိုပါတယ်။

မတ် ၂၉ ရက် မနက်ပိုင်းမှာ မိုင်တိုင် ၂၂ မှာ မိုင်းဆွဲခဲ့လို့ စစ်ကောင်စီထောက်ပို့ကားတစီး ချောက်ထဲပြုတ်ကျပြီး တပ်ဖွဲ့ဝင် ၅ ယောက်သေဆုံးခဲ့သလို  နေ့လယ်ပိုင်းမှာ ကလားရွာ တိုက်ပွဲနဲ့ ညနေပိုင်း ကလားရွာအဝင် မိုင်းဆွဲလို့ ၁၃ ယောက်သေဆုံးပြီး ဒဏ်ရာရ သူအများအပြားရှိခဲ့တယ်လို့ဆိုပါတယ်။

မတ်လ ၂၇ ရက် ညနေ ၃ နာရီလောက်ကလည်း  မတူပီမှ ထယ်ဘွေးစခန်းသို့ ရိက္ခာဖြည့်လာတဲ့  စစ်ကောင်စီ ယာဥ်တန်းကို မိုင်တိုင် (၂၁) မှာ ညနေစာချက်စားနေကြစဉ် ဝင်ရောက်ပစ်ခတ်ခံရလို့ ၁၂ ယောက်သေဆုံးပြီး အများအပြားဒဏ်ရာရရှိတယ်လို့ ချင်းလက်နက်ကိုင်အဖွဲ့က ထုတ်ပြန်ပါတယ်။

မတ်လ ၂၄ ရက်မှာလည်း  မတူပီ-ပလက်ဝလမ်း မိုင်တိုင် ၁၄/၁၅ အ​ကြား မိုင်းဆွဲတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးကျဆုံးပြီး  ထိတွေ့တိုက်ပွဲ ၃ ကြိမ်မှာတော့ ကျဆုံးသူ ၆ ဦးနဲ့ ဒဏ်ရာရ ၇  အထိရှိခဲ့တယ်လို့ CDF မတူပီက ထုတ်ပြန်ပါတယ်။

အလားတူ မတ်လ ၂၂ ရက် မနက်မှာ မတူပီ-ပလက်ဝလမ်း မိုင်တိုင်(၁၂) တွီးရှစ်ရွာ အထွက် သင်္ချိုင်းကုန်းနဲ့ ပန်တွီးလမ်းခွဲမှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပြီး တိုက်ပွဲအတွင်း ချင်းဒေသကာကွယ်ရေးတပ်တွေရဲ့ ထိခိုက်ကျဆုံးမှုကို ထုတ်ပြန်တာ မတွေ့ရပါဘူး။

ပြီးခဲ့တဲ့ ၂ နှစ်တာကာလ ခုခံတွန်းလှန်စစ်အတွင်း  မတူပီမြို့နယ်မှာ တိုက်ပွဲပေါင် ၁၂၇ ကြိမ်ဖြစ်ပွားခဲ့ရာမှာ ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး  ၃၉၈  ဦး သေးဆုံးခဲ့ရပြီး CDF – Matupi ဘက်မှ ကျဆုံးရဲဘော်  ၂၄ ဦး ၊ ခြေလက်ကိုယ်အင်္ဂါဆုံးရှုံး ဒဏ်ရာရသူ  ၂၉  ဦး  ရှိခဲ့တဲ့အပြင် အပြစ်မဲ့ ပြည်သူ ၁၈ ဦးထက်မနည်း လူမဆန်စွာ သက်ဖြတ်ခံခဲ့ရတယ်လို့  CDF မတူပီက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းမှာ  စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းတို့မှ ပြည်သူ့ခုခံတွန်းလှန်စစ်ကြောင့် စစ်ကောင်စီဘက်က ၄၃၈ ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနကလည်း  ထုတ်ပြန်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အမှတ် ၁ စစ်ဒေသဖြစ်တဲ့ စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာ ဇန်နဝါရီလအတွင်း တိုက်ပွဲပေါင်း ၃၆၂ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၄၃၈ ယောက်သေဆုံး၊ ၅၅၆ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော် ၂၇ ယောက် ကျဆုံးခဲ့ပြီး ၄၅ ယောက်ကတော့ ဒဏ်ရာရတယ်လို့လည်း ဆိုပါတယ်။

တိုက်ပွဲတွေမှာ ထိတွေ့တိုက်ပွဲ ၂၅၃ ကြိမ်ဖြစ်ခဲ့ပြီး မိုင်းဆွဲတိုက်ခိုက်တာက ၈၂ ကြိမ်၊ ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က ဒရုန်းနဲ့ တိုက်ခိုက်တာက ၁၉ ကြိမ်ရှိခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းကနေ ၈ ကြိမ် လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေကနေ ကျည် ၈၃၆ တောင့်၊ လက်နက် ၂၅ လက်၊ ဗုံးသီး ၆ လုံးနဲ့ မိုင်း ၄ လုံးကို သိမ်းဆည်းနိုင်ခဲ့ပြီး အဲဒီတိုက်ပွဲတွေကို အမှတ် ၁ စစ်ဒေသ ကွပ်ကဲမှုအောက်က PDF တွေ၊ ပြည်သူ့ ကာကွယ်ရေးတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့လည်း ထုတ်ပြန်ပါတယ်။

အဆိုပါတိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသလို သေဆုံးဒဏ်ရာရသူ အရေအတွက်နဲ့ ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။ 

1 hour Ago

မြန်မာ့အရေးဆွေးနွေးမှုတွေ ဆူညံခဲ့တဲ့ မတ်လနဲ့ ကုလအစည်းအဝေးများ

မတ်လထဲမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ ပဋိညာဉ်စာချုပ်အရ အမြဲတမ်းဖွဲ့ထားတဲ့ ဒေါက်တိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ အထွေထွေညီလာခံ၊ လုံခြုံရေးကောင်စီနဲ့ လူ့အခွင့်အရေးကောင်စီတို့မှာ မြန်မာ့အရေးနဲ့ ပတ်သက်တာတွေကို အဓိက ဆွေးနွေးကြပါတယ်။

နိုင်ငံတကာမှာ တရားဝင်မှုမရှိတဲ့ စစ်ကောင်စီ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလို့ မိမိဘာသာ နာမည်ပေးထားတဲ့ စစ်ကောင်စီဟာ တရားမဝင် အာဏာသိမ်းအဖွဲ့သာဖြစ်ကြောင်း စစ်ကောင်စီက နိုင်ငံကိုထိရောက်တဲ့ ထိန်းချုပ်နိုင်မှု မရှိခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တရားဝင်မရှိခြင်းနဲ့ ဒီမိုကရေစီအရ တရားဝင်မှုမရှိခြင်းတို့ကို အခြေခံပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ်က ပြောထားပါတယ်။

နိုင်ငံတကာက သတ်မှတ်ထားတဲ့ နိုင်ငံအပေါ် ထိရောက်တဲ့ ထိန်းချုပ်မှု လေးချက်စလုံး စစ်ကောင်စီမှာ ရှိမနေပါဘူး။ စစ်ကောင်စီက နိုင်ငံရဲ့ နယ်မြေတော်တော်များများကို ထိန်းချုပ်နိုင်ခြင်းမရှိဘဲ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဒေသနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက နယ်မြေတွေကို ထိန်းချုပ်ထားပါတယ်။ ဒုတိယအချက်အနေနဲ့ များပြားလှတဲ့ ပြည်သူလူထုက စစ်ကောင်စီအုပ်ချုပ်မှုအပေါ် နာခံမှုမရှိကြောင်းကို လက်နက်ကိုင်ဆန့်ကျင်မှု၊ ကန့်ကွက်ဆန္ဒပြမှုနဲ့ သပိတ်မှောက်မှုတွေ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ နိုင်ငံအပေါ် အုပ်ချုပ်နိုင်စွမ်း မရှိတာနဲ့ တိုးပွားလာတဲ့ ပဋိပက္ခတွေကြောင့် စစ်ကောင်စီရဲ့ တည်ရှိမှုနဲ့ တည်မြဲမှုက သံသယဖြစ်စရာ ကောင်းလာနေပါတယ်။ စစ်ဘေးဒုက္ခသည် တသန်းကျော်ရှိနေပြီး နိုင်ငံလူဦးရေရဲ့ ထက်ဝက်ကျော်က ဆင်းရဲမွဲတေမှုနဲ့ ကြုံနေရကာ လူပေါင်း ၁၇ သန်းကျော်က လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ လိုအပ်နေတယ်လို့ အချက်အလက်တွေအရ ဖော်ပြပါတယ်။ နိုင်ငံတကာဥပဒေတွေကို လိုက်နာနိုင်ခြင်း မရှိတာကလည်း စစ်ကောင်စီက နိုင်ငံကို ထိရောက်တဲ့ ထိန်းချုပ်မှုမရှိကြောင်း ပြသနေတာ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်က ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာထိန်းသိမ်းရတာဖြစ်ကြောင်း အမြဲတစေ ဝါဒဖြန့် ပြောဆိုလေ့ရှိပါတယ်။ လက်တွေ့မှာတော့ အခြေခံဥပဒေအရ ရှိပြီးသား နိုင်ငံတော်သမ္မတကို ဖယ်ရှားပြီးမှ စစ်တပ်ခန့်ထားတဲ့ ဒုသမ္မတကို ယာယီသမ္မတ တင်လိုက်ခြင်းက ဖွဲ့စည်းပုံဥပဒေနဲ့ မကိုက်ညီပါဘူး။ စစ်တပ်ဘက်က မဲမသမာမှုဖြစ်က အချုပ်အခြာအာဏာကို ထိပါးစေနိုင်တယ်ဆိုတဲ့ အကြောင်းပြချက် ပေးလေ့ရှိပါတယ်။ နောက်တချက်ဖြစ်တဲ့ ဒီမိုကရေစီအရ တရားဝင်မှုမရှိတဲ့ အချက်ဆိုတာက စစ်ခေါင်းဆောင်အနေနဲ့ စစ်ရာထူးကလွဲရင် အစိုးရအဖွဲ့မှာ ပါဝင်ဆောင်ရွက်ခဲ့ဖူးတာ မရှိသလို စစ်ကောင်စီက ဒီမိုကရေစီအရ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရဆီက အာဏာသိမ်းယူခဲ့လို့ ပြည်သူဆီကလာတဲ့ အချုပ်အာဏာနဲ့ ပြည်သူကနေ ရွေးကောက်တင်မြှောက်ထားတယ်ဆိုပြီး ပြောနိုင်ခြင်းမရှိပါ။

လုံခြုံရေးကောင်စီ

မတ်လ ၁၃ ရက်နေ့တုန်းက လုံခြုံရေးကောင်စီမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာအပြင် အာဆီယံအဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ရုံးအကြီးအကဲဖြစ်သူ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီတို့ရဲ့လည်း သူတို့ရဲ့ အစီရင်စာခံတွေကို ကုလ လုံခြုံ‌ရေးကောင်စီ အစည်းအဝေးမှာ ကြားနာသွားပါတယ်။ လုံခြုံရေးကောင်စီအနေနဲ့ ဒီဇင်ဘာ၊ ၂၀၂၂ က အကြမ်းဖက်တိုက်ခိုက်တာတွေ ရပ်ဖို့၊ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ လွတ်လပ်စွာပေးခွင့်ပြုဖို့၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ စတဲ့အချက်တွေ စစ်ကောင်စီထံတောင်းဆိုတဲ့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီဘက်က ယခုအထိ လိုက်နာနိုင်ခြင်း မရှိတာကြောင့် စစ်ကောင်စီကို အရေးယူမှုတွေပါတဲ့ ထပ်လောင်းဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက အလိုရှိနေကြပါတယ်။

ယခင်တည်းက ကုလအထွေထွေညီလာခံက အာဏာသိမ်းမှုကို အပြင်းအထန်ရှုတ်ချကြောင်း  ဆုံးဖြတ်ခဲ့ပြီး မြန်မာပြည်သို့ လက်နက်များဝင်ရောက်မှုကို တားမြစ်ရန် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတိုင်းအား အကြံပြုချက်ကိုလည်း အထွေထွေညီလာခံက ထုတ်ပြန်ခဲ့ဖူးပေမဲ့ ရုရှားနဲ့ တရုတ်တို့ ပါဝင်နေတဲ့ လုံခြုံရေးကောင်စီက အထွေထွေညီလာခံရဲ့ အကြံပြုချက်ကို တရားဝင်ဆုံးဖြတ်ချက်အဖြစ် မပြဋ္ဌာန်းနိုင်ခဲ့ပါ။ ရုရှားနိုင်ငံအနေနဲ့ မြန်မာအကြမ်းဖက်စစ်အုပ်စုကို ကျောထောက်နောက်ခံအနေနဲ့ ရပ်တည်ပေးနေတာက လက်ခံနိုင်စရာ မရှိကြောင်းနဲ့ ဒီလိုအခြေအနေမှာ လက်နက်တွေ ထောက်ပံ့ပေးနေတာက တိုင်းပြည်အတွက် ကပ်ဆိုးဖြစ်လာနေတဲ့ ဒေသတွင်းပဋိပက္ခတွေကို မီးထိုးပေးရာ ရောက်နေတယ်လို့ အမေရိကန်ဘက်ကလည်း စိုးရိမ်နေပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် မြန်မာစစ်တပ်အနေနဲ့ တာဝန်ခံမှု ရှိစေဖို့အတွက် တကယ်လက်တွေ့ကျတဲ့၊ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ ကုလသမဂ္ဂလုံခြံရေးကောင်စီကို လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က တိုက်တွန်းပါတယ်။ ကုလသမဂ္ဂပဋိညာဉ် အခန်း ၇ အရ လုံခြုံရေးကောင်စီအနေနဲ့ ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းချမှုအပေါ် ပိတ်ပင်တာ အပါအဝင် မြန်မာနိုင်ငံအခြေအနေကို နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး (ICC)ထံ လွှဲပြောင်းပေးတာမျိုးနဲ့ စစ်ခေါင်းဆောင်တွေ၊ စစ်တပ်ပိုင်ကုမ္ပဏီတွေအပေါ်မှာ ပစ်မှတ်ထား ပိတ်ဆို့တာ အစရှိသဖြင့် အဓိပ္ပာယ်ပြည့်ဝတဲ့ ဆောင်ရွက်ချက်တွေနဲ့အတူ အရေးယူသင့်ကြောင်း HRW က ထောက်ပြပါတယ်။

လူ့အခွင့်အရေးကောင်စီနဲ့ အခြားအဖွဲ့အစည်းများ

စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ လူ့အခွင့်အရေးကို စနစ်တကျ ချိုးဖောက် ရက်စက်ယုတ်မာမှုတွေ ဖြစ်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက မတ်လ ၇ ရက်က ဂျီနီဗာမြို့မှာ ကျင်းပတဲ့ ၅၂ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အဆိုးဆုံးအနေအထားအထိ ရောက်နေပြီး အရပ်သားပြည်သူတွေကို လေကြောင်းတိုက်ခိုက်မှုက ၁၄၁ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကာ ဆေးရုံ၊ စာသင်ကျောင်းနဲ့ ဘုရားရှိခိုးကျောင်းတွေကို စစ်ကောင်စီက တိုက်ခိုက်တာလည်း ၁၀၀ ရာခိုင်နှုန်း တိုးမြင့်လာတယ်လို့ ကုလလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ဆိုပါတယ်။ အစည်းအဝေးမှာ မြန်မာနိုင်ငံကိုယ်စားပြုနေရာနဲ့ ပါဝင်ခွင့်ရရှိဖို့ NUG နဲ့ စစ်ကောင်စီတို့ အပြိုင်ကြိုးစားခဲ့ပေမဲ့ လူ့အခွင့်အရေးကောင်စီက ဘယ်သူ့ကိုမှ ကိုယ်စားပြုခွင့်မပေးဘဲ လစ်လပ်နေရာအဖြစ် ထားပါတယ်။

မြန်မာလူ့အခွင့်အရေးကိုယ်စားလှယ်ရဲ့ အကြံပြုချက်တွေမှာတော့ စစ်ကောင်စီကို အားပေးကူညီနေတဲ့ ရုရှား၊ တရုတ်၊ ဘီလာရုစ်၊ ဆော်ဒီနဲ့ သီရိလင်္ကာတို့ကို ၎င်းတို့မူဝါဒတွေ ပြန်လည်သုံးသပ်ဖို့၊ အာဆီယံနိုင်ငံတွေကို စစ်ကောင်စီနဲ့ မဆက်ဆံဖို့နဲ့ NUG ကို ပိုမိုထိတွေ့ဆက်ဆံဖို့၊ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရှုတ်ချဖို့ ပြောထားပါတယ်။ ဂျပန်၊ တောင်ကိုရီးယား၊ ဩစတြေးလျတို့လို နိုင်ငံတွေကိုလည်း စစ်ကောင်စီကို ရုရှားလိုလုပ်သလို အရေးယူပိတ်ဆို့မှုတွေ လုပ်ဖို့နဲ့ ကုလအေဂျင်စီတွေကိုလည်း စစ်ကောင်စီကိုယ်စားလှယ်တွေ အစည်းအဝေးနဲ့ ပတ်သက်တာတွေမှာ မပါဝင်စေဖို့ အသိအမှတ်မပြုဖို့ ပြောထားပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်တပ်က မတရားအာဏာသိမ်းယူခဲ့ပြီးချိန်က စတင်ကာ အမျိုးသမီး ၄၀၀ ကျော် အပါအဝင် ပြည်သူ ၃,၀၀၀ ကျော်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပြီး အထူးသဖြင့် အမျိုးသမီးဆန္ဒပြသူတွေကို ဦးခေါင်းတည့်တည့်ချိန်ကာ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ကုလမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလအမျိုးသမီးကော်မရှင် အစည်းအဝေးတခုမှာ ပြောထားပါတယ်။ စစ်တပ်က အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေ အပါအဝင် ပြည်သူတရပ်လုံးကို စနစ်တကျ၊ ကျယ်ကျယ်ပြန့်ပြန့်နဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေဖြစ်ကြောင်းနဲ့ အဆိုပါပြစ်မှုတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုမျှသာ မဟုတ်တော့ဘဲ သူတို့ရဲ့ သဘောသဘာဝ၊ အတိုင်းအတာ၊ ပုံစံနဲ့ နည်းလမ်းတွေက နိုင်ငံတကာဥပဒေကို ကြီးလေးစွာ ချိုးဖောက်တာလို့ ခေါင်းစဉ်တပ်နိုင်ပြီး သူတို့ချိုးဖောက်နေတဲ့ ပြစ်မှုတွေက လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ပြစ်မှုနဲ့ စစ်ရာဇဝတ်မှု မြောက်တယ်လို့လည်း ပြောပါတယ်။

ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံမှုရှိစေဖို့ အခုအချိန်ကာလဟာ ကုလအနေနဲ့ “အကာအကွယ်ပေးရန်တာဝန်ရှိမှု R2P” အရ အရေးယူဆောင်ရွက်ရမယ့် အလိုအပ်ဆုံးအချိန် ဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဇန်နဝါရီလက ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကောင်စီမှာ ဇန်နဝါရီလထဲက ပြောခဲ့ပါသေးတယ်။

အစည်းအဝေးများအပေါ်ဝေဖန်မှုများ

မြန်မာစစ်တပ်ကိုလည်း အိုင်စီစီနဲ့ တခြားဖြစ်နိုင်တဲ့ နိုင်ငံတကာ တရားစီရင်ရေး ယန္တရားများ အားလုံးကတဆင့် အရေးယူဖို့ အချိန်ကျရောက်နေပြီလို့ တော်လှန်ရေးအဖွဲ့အစည်းတွေက ပြောထားသလို ကုလသမဂ္ဂ အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြံပေးကောင်စီ (SAC-M) ကလည်း ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတဲ့ မြန်မာစစ်တပ်ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (အိုင်စီစီ) ကနေ အရေးယူပေးဖို့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတုန်းက ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။ စစ်တပ်ဟာ အာဏာသိမ်းပြီးချိန်ကစလို့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရက်ရက်စက်စက် ကျူးလွန်နေပြီး ၂ဝ၂၂ ခုနှစ် တလျှောက်လုံးမှာလည်း ရပ်သွားတာမရှိဘဲ ဆက်လက် ကျူးလွန်နေတယ်လို့ ကုလအရာရှိဟောင်းတွေက ထောက်ပြပါတယ်။

ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံအတွက် R2P မူကို အသုံးပြုပြီး ကူညီပေးဖို့နဲ့ No-Fly Zone လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ပေးရေး မြန်မာပြည်သူပြည်သားတွေဟာ စစ်အာဏာသိမ်းကတည်းက ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ပေမဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုက်အဝန်းက အလေးတယူ လုပ်ဆောင်ပေးခဲ့တာ မရှိပါဘူး။

မကြာသေးခင်ကပဲ ယူကရိန်းမှာကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေအတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (အိုင်စီစီ) က ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဖမ်းဝရမ်းထုတ်ထားပါတယ်။ စစ်ရာဇဝတ်မှု အထောက်အထားတွေ အများအပြားရှိတယ်လို့ ကုလသမဂ္ဂက ဖွဲ့စည်းပေးထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားအဖွဲ့ကလည်း ပြောဆိုနေပေမဲ့ အခုအချိန်အထိ တမှုတလေတောင် တရားရုံးတင် လက်တွေ့အရေးယူ ဆောင်ရွက်တာ မရှိသေးပါဘူး။ မြန်မာ့အရေးဟာ ယူကရိန်း၊ အာဖဂန်နစ္စတန်နဲ့ အီရန်တို့နဲ့ အပြိုင်ဖြစ်နေပြီး နိုင်ငံတကာရဲ့ အာရုံစိုက်မှု၊ အကူအညီပေးမှုနဲ့ အရေးယူဆောင်ရွက်မှုတွေ ရရှိဖို့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ အရပ်ဘက်အဖွဲ့တွေက အကြိမ်ကြိမ် ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ စစ်ရေး၊ စီးပွားရေး တင်းမာမှု အခြေအနေတွေကြောင့် မြန်မာ့အရေးဟာ အချိန် ၂ နှစ်ကျော်ကြာတဲ့အထိ နိုင်ငံတကာရဲ့ ထိရောက်တဲ့ အကူအညီပေးမှုနဲ့ အရေးယူ လုပ်ဆောင်တာတွေ မရှိသေးပါဘူး။

ကုလရဲ့ ဗီတိုအာဏာကိုင်ထားတဲ့ လုံခြုံရေးကောင်စီမှာ စစ်ကောင်စီကို ပြင်းပြင်းထန်ထန် အရေးယူဖို့ ဆွေးနွေးလိုက်တိုင်း ရုရှားနဲ့ တရုတ်တို့ကြောင့် အရေးယူပိတ်ဆို့မှုတွေအစား မပြင်းထန်တဲ့ တိုက်တွန်းတောင်းချက်တွေပဲ ဖြစ်လာတာများလို့ စစ်ကောင်စီက အကြမ်းဖက်မြဲ ရာဇဝတ်မှုတွေ ကျူးလွန်မြဲ ဖြစ်နေပါတယ်။ အထွေထွေညီလာခံက ကမ္ဘာ့နိုင်ငံအားလုံးနီးပါး ပါတာကြောင့် မဲခွဲပြီး လွှမ်းမိုးမှုရှိတဲ့ တောင်းဆိုချက်တွေ ပြုလုပ်ပြီး ဖိအားပေးတာ ရှိပါတယ်။ လူ့အခွင့်အရေးကောင်စီမှာတော့ မြန်မာ့အရေး အထူးအလေးပေး ဆွေးနွေးပေမဲ့ ရလာတဲ့ အစီရင်ခံစာနဲ့ အဆိုတွေကို နိုင်ငံတကာ တရားစီရင်ရေးယန္တရားတို့ကို အထောက်အထားအနေနဲ့ ပေးပို့နိုင်ပြီး အရေးယူနိုင်တဲ့ ဆုံးဖြတ်ချက်တော့ ချမှတ်နိုင်ခြင်း မရှိပါဘူး။ အစည်းအဝေးတွေများပြီး စစ်ကောင်စီကို ထိရောက်တဲ့ အရေးယူနိုင်ခြင်း မရှိတာကြောင့် မြန်မာပြည်သူတွေနဲ့ အရပ်ဘက်အဖွဲ့တွေက ဝေဖန်မှုတွေ အများအပြား ရှိနေပါတယ်။

သန့်ထက်

8 hours Ago

February 21, 2022

တရားမဝင်ရသည့်ငွေများအတွက် မတ်လကုန်အထိသာ ဝင်ငွေခွန်သက်သာခွင့်ရမည်

စည်းကြပ်မှုကကင်းလွတ်နေတဲ့၀င်ငွေ (၀င်ငွေရလမ်းတင်ပြနိုင်ခြင်းမရှိတဲ့၀င်ငွေ) တွေအပေါ် ဥပဒေအရသက်ညှာ ပေးထားတဲ့ အခွန်နှုန်းထားနဲ့ ဝင်ငွေအလွှာသတ်မှတ်ချက်တွေက လာမယ့် မတ်လကုန်အထိသာ ခံစားခွင့်ရှိတယ်လို့  စစ်ကောင်စီလက်အောက်ခံ ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်ပါတယ်။

ဒါကြောင့် လာမယ့် ဧပြီ ၁ ရက်ကစပြီး အခွန်နှုန်းထားနဲ့ ဝင်ငွေအလွှာသတ်မှတ်ချက်တွေကို ပြန်လည် ပြင်ဆင်ပြီး အခွန်နှုန်းတိုးမြှင့်မယ့် အနေအထားဖြစ်ပါတယ်။

စစ်ကောင်စီ အာဏာသိမ်းထားတဲ့ ကာလအတွင်းမှာ အခုလို ၀င်ငွေခွန်အမျိုးအစားအပေါ် နှစ်ကြိမ်တိုင်အခွန်နှုန်းလျှော့ချပြီး ပြန်လည်ပြင်ဆင်သတ်မှတ်ခဲ့ပါတယ်။ 

၂၀၂၀ ပြည့်နှစ် ပြည်ထောင်စုရဲ့ အခွန်အကောက် ဥပဒေမှာ ၂၀၂၁ ဇွန်လကတစ်ကြိမ်၊ ၂၀၂၂ ခုနှစ် ဇန်န၀ါရီလကတစ်ကြိမ် ပြင်ဆင်လျှော့ချသတ်မှတ်ခဲ့တာပါ။

ကိုဗစ်-၁၉ကပ်ရောဂါကြောင့် နှောင့်နှေးနေတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြန်လည်တိုးတက်မှုရှိလာစေရေး အားပေးမြှင့်တင်တဲ့အနေနဲ့ အဲဒီဝင်ငွေအပေါ် သက်ညှာတဲ့ အခွန်နှုန်းတွေနဲ့ သတ်မှတ်ပြဋ္ဌာန်းခဲ့တာလို့ စစ်ကောင်စီဘက်က ဆိုထားပေမဲ့  သုံးသပ်သူတွေကတော့ ဒါဟာ စစ်ဗိုလ်ချုပ်တွေရဲ့ မိသားစုဆွေမျိုးတွေ၊ စစ်တပ်နဲ့ပေါင်းပြီး ကိုယ်ကျိုးရှာနေတဲ့ စီးပွားရေးသမားတွေ၊ မူးယစ်ဆေးဝါးနဲ့ မှောင်ခိုလုပ်ငန်းတွေက ရတဲ့ ငွေမည်းတွေကို ငွေဖြူဖြစ်အောင် လုပ်ပေးနေတာလို့ ပြောကြပါတယ်။ 

အရင်အရပ်သားအစိုးရလက်ထက်က ပြဋ္ဌာန်းခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ပြည်ထောင်စုအခွန်အကောက် ဥပဒေမှာ နိုင်ငံသားမည်သူမဆို အခြေပစ္စည်း တစ်ရပ်ရပ်ကို ၀ယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရယူခြင်းနဲ့ လုပ်ငန်းအသစ်တည်ထောင်ခြင်း၊ လုပ်ငန်းထပ်မံတိုးချဲ့ ဆောင်ရွက်ခြင်းတွေအတွက် အသုံးပြုတဲ့ ၀င်ငွေမှ ဝင်ငွေရလမ်း တင်ပြနိုင်တဲ့ ဝင်ငွေရှိပါက ယင်းဝင်ငွေအား နုတ်ပယ်ပြီး ကျန်စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ်မှာ လည်းကောင်း၊ ဝင်ငွေရလမ်းတင်ပြနိုင်ခြင်း မရှိပါက အသုံးပြုတဲ့ ဝင်ငွေအပေါ်မှာ ၁ ကျပ်ကနေ ကျပ်သိန်း ၁,၀၀၀ အထိကို ၆ ရာခိုင်နှုန်း၊ ကျပ် ကျပ်သိန်း ၁,၀၀၀ အထက်မှ ကျပ်သိန်း ကျပ်သိန်း ၃,၀၀၀ အထိကို ၁၀ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃,၀၀၀ အထက်မှ ကျပ်သိန်း ၃၀,၀၀၀ အထိကို ၂၀ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃၀,၀၀၀ အထက်ကို ၃၀ ရာခိုင်နှုန်းထိ ကောက်ခံဖို့ သတ်မှတ်ပြဋ္ဌာန်းခဲ့ပါတယ်။

လက်ရှိစစ်ကောင်စီ လက်ထက်မှာတော့ စည်းကြပ်မှုက ကင်းလွတ်နေတဲ့ ၀င်ငွေတွေအပေါ်  ၁ ကျပ်ကနေ ကျပ်သိန်း ၃,၀၀၀ အထိကို ၃ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃,၀၀၀ အထက်မှ ကျပ်သိန်း ၆,၀၀၀ အထိကို ၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၆,၀၀၀ အထက်မှ ကျပ်သိန်း ၁၀,၀၀၀ အထိကို ၁၀ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၀,၀၀၀ ကနေ ကျပ်သိန်း ၃၀,၀၀၀ အထိကို ၁၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃၀,၀၀၀ အထက်ကို ၃၀ ရာခိုင်နှုန်းနဲ့ စည်းကြပ်ကောက်ခံဖို့  ပြင်ဆင်လျော့ချသတ်မှတ်ခဲ့တာပါ။

1 year Ago
Up