close

မနီလာလေဆိပ်

close

May 2, 2023

ဖိလစ်ပိုင် မနီလာလေဆိပ်တွင် လျှပ်စစ်ဓာတ်အားပြတ်တောက်ပြီး ခရီးစဉ် ၄၀ ကျော် ဖျက်သိမ်း

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်က မနီလာလေဆိပ်ရဲ့ ခန်းမဆောင် အမှတ် ၃ မှာ မေလ ၁ ရက်က လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားလို့ ပြည်တွင်းလေကြောင်းခရီးစဉ် ၄၀ ကျော်ကို နှောင့်နှေး ဖျက်သိမ်းခဲ့ရတဲ့အတွက် ခရီးသည် ရာနဲ့ချီ စည်ကားခဲ့ပါတယ်။

ပြတ်တောက်ရတဲ့ အကြောင်းရင်းကို လက်ရှိမှာ စုံစမ်းစစ်ဆေးနေဆဲဖြစ်ပေမဲ့ လျှပ်စစ်စနစ်ကို ထိခိုက်စေတဲ့ ဝါယာရှော့ခ်ကြောင့်လို့ လေဆိပ်အင်ဂျင်နီယာတွေက ကနဦး အပြစ်တင်ခဲ့ပါတယ်။

၉ နာရီနီးပါးကြာပြီးတဲ့နောက် လျှပ်စစ်ဓာတ်အား ပြန်ရခဲ့ပေမဲ့ ပြည်တွင်းခရီးသွားတွေအတွက် မငြိမ်မသက်ဖြစ်ပြီး စိတ်ပျက်စရာတွေ ဖြစ်ခဲ့ရပါတယ်။

ဖိလစ်ပိုင်နိုင်ငံသား အများအပြားဟာ အလုပ်သမားနေ့ အားလပ်ရက်မှာ ပိတ်ရက်သုံးရက်အတွက် အိမ်ပြန်ကြလို့ ခရီးသွားရာသီမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့တာပါ။

နေ့လယ် ၁၂ နာရီခွဲမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်လို့ မြို့တော်မနီလာဆီ အသွားအပြန် စီဘူး ပစိဖိတ် လေကြောင်းလိုင်းက ပြည်တွင်းခရီးစဉ် စုစုပေါင်း ၄၈ ခုကို ဖျက်သိမ်းခဲ့တယ်လို့ လေဆိပ်အော်ပရေတာက ပြောပါတယ်။

အားလပ်ရက်မှာ ဒါဗာအိုမြို့ကနေ မြို့တော်မနီလာဆီ ထွက်ခွာလာတဲ့ ခရီးသည် လောရင့်စ် စေနီဇာဟာ လေဆိပ်ထဲမှာ ခြောက်နာရီကျော်ကြာ စောင့်ဆိုင်းခဲ့ရတာပါ။

“သူတို့က ပစ္စည်းတွေကို စနစ်တကျ ထိန်းသိမ်းထားပြီး ထိခိုက်ခံစားရတဲ့ ခရီးသည်တွေအတွက် လျော်ကြေးငွေတမျိုးမျိုး ပေးမယ်လို့ မျှော်လင့်ပါတယ်” လို့ သူက ပြောပါတယ်။

စီဘူး ပစိဖိတ် လေကြောင်းလိုင်းက လေဆိပ်ခန်းမဆောင် အမှတ် ၃ ကနေထွက်မယ့် ခရီးသည်တွေ ပြန်ပြီး စာရင်းပေးဖို့ ဒါမှမဟုတ် ပြန်အမ်းငွေတောင်းခံဖို့ ရွေးချယ်ခွင့်ကို ကမ်းလှမ်းခဲ့ပါတယ်။

12 mins Ago

March 31, 2020

ဆေးဘက်လေယာဉ်တစီး မနီလာလေဆိပ်ကအတက်ပေါက်ကွဲပြီး ၈ ဦးသေဆုံး

ဆေးဘက် ကယ်ဆယ်ရေး လေယာဉ်တစီးဟာ ဖိလစ်ပိုင်မြို့တော် မနီလာလေဆိပ်ကနေ မတ်လ ၂၉ရက်က ပျံတက်နေတုန်း ပေါက်ကွဲခဲ့လို့ လေယာဉ်ပေါ်ပါတဲ့ ခရီးသည်နဲ့လေယာဉ်အမှုထမ်း ၈ ယောက်စလုံး သေဆုံးခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။  ဖိလစ်ပိုင်မှာ မှတ်ပုံတင်ထားတဲ့ လိုင်းယန်းအဲလေကြောင်းလိုင်းပိုင် လေယာဉ်ဟာ ဂျပန်နိုင်ငံ ဟာ့နဲဒါလေဆိပ်ကို သွားဖို့ ပျံတက်ခဲ့တာပါ။  ဒါပေမယ့် ဒေသစံတော်ချိန် ည ၈ နာရီမှာ လေယာဉ်ပြေးလမ်းကနေ အရှိန်ယူ ပျံတက်ဖို့ မောင်းနှင်ရာမှာ ပြေးလမ်းအဆုံးမှာပဲ ပေါက်ကွဲမီးလောင်သွားခဲ့တယ်လို့ မနီလာ အပြည်ပြည်ဆိုင်ရာလေဆိပ်အာဏာပိုင်အဖွဲ့ (MIAA)က ပြောပါတယ်။  အင်ဂျင် ၂ လုံးတပ် West Wind 24 လေယာဉ်ဟာ ဆေးဘက်အရာရှိ ၃ယောက် လေယာဉ်အမှုထမ်း ၃ ယောက်နဲ့ လူနာတယောက် သူ့အဖော် တယောက် တို့ကို တင်ဆောင်ပျံတက်ချိန် ခုလို ပေါက်ကွဲ မီးလောင်တာလို့ ဖိလစ်ပိုင် အထက်လွှတ်တော်အမတ်နဲ့ ဖိလစ်ပိုင်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ရစ်ချတ် ဂေါ်ဒွန် က တွစ်တာ လူမှုကွန်ရက်ပေါ်မှာ ရေးပါတယ်။ ဖိလစ်ပိုင်အရပ်ဘက်လေကြောင်းအာဏာပိုင်အဖွဲ့က ခုလိုဖြစ်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေတယ်လို့ (MIAA) က ပြောပါတယ်။ လေယာဉ်ပြေးလမ်းကို ယာယီပိတ်ထားခဲ့လို့ ကိုရီးယားလေကြောင်းလိုင်းကို ဖိလစ်ပိုင် မြောက်ပိုင်းက ကလာ့ခ်လေဆိပ်ဆီ လွှဲပြောင်း ဆင်းသက်နိုင်ရေး စီစဉ်ပေးခဲ့ရတယ်လို့ (MIAA) ရဲ့ အထွေထွေ မန်နေဂျာက ပြောပါတယ်။  သန်းခေါင်ကျော် ၂ နာရီ လောက်မှာ လေယာဉ်ပြေးလမ်းကို ပြန်ဖွင့်နိုင်ခဲ့တယ်လို့လည်း သူက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။  လေယာဉ်ပျက်ကျတဲ့အထဲ ကနေဒါနဲ့ အမေရိကန် နိုင်ငံသားတွေ ပါတယ်လို့ ကနေဒါ အစိုးရက အတည်ပြုပါတယ်။ ကျန် သေဆုံးသူ ၆ ဦးကတော့ ဖိလစ်ပိုင် နိုင်ငံသားတွေ ဖြစ်ပါတယ်။
3 years Ago
Up