close

မန္တလေးကျောက်ဝိုင်း

close

April 25, 2023

မန္တလေးကျောက်ဝိုင်းတွင် ရုန်းရင်းဆန်ခတ်ဖြစ်ပွား

မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ (၈၆ × ၈၇)လမ်းနဲ့ (၃၉× ၄၀) လမ်းကြားမှာရှိတဲ့ မဟာအောင်မြေ ကျောက်မျက်ရောင်းဝယ်ရေးစခန်း ကျောက်ဝိုင်းမှာ ဧပြီ ၂၄ ရက်မနက်က ကျောက်ကုန်သည် တရုတ်လူမျိုးနဲ့ မြန်မာကျောက်ပွဲစားတို့ စကားများကြပြီး ရုန်းရင်းဆန်ခတ် ဖြစ်ပေါ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ 

မနက် ၁၀ နာရီလောက်မှာ  မြန်မာအမျိုးသား ပွဲစားတစ်ဦးက ကျောက်စိမ်းလာရောင်းရာ တရုတ်လူမျိုး ကျောက်ကုန်သည်က ကျောက်ကို ဈေးသတ်မှတ်လိုက်ပေမဲ့ မဝယ်ယူဘဲ ငြင်းဆန်တဲ့အပြင် ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တယ်လို့ သိရပါတယ်။

ကျောက်ပွဲစားတစ်ဦးက "မြန်မာကျောက်ဈေးကွက်မှာက ‌ဈေးပေးပြီး မဝယ်ရင် ကျင့်ဝတ်အရ မရဘူး။ ဥပဒေလိုမျိုး သတ်မှတ်ထားတာတော့ မဟုတ်ပါဘူး၊ ကျောက်ကို ဝယ်သူဘက်က ဈေးပေးပြီးပြီ ပိုင်ရှင်ကလည်း ရောင်းမယ်ဆိုရင် ဝယ်သူဘက်က ယူကို ယူရတာ။ ရောင်းသူဝယ်သူကြားက စည်းကမ်းလို ဖြစ်နေတာ၊ ဒါကို တရုတ်က မသိဘဲ လုပ်တာလား၊ သိသိကြီး လုပ်တာလားတော့ မသိဘူး။ မြင်လိုက်တဲ့သူတွေက တရုတ်ကနေ ကျောက်ကြည့်မီးနဲ့ အရင်ထိုးလိုက်တာလို့ ပြောတယ်။ တရုတ်ဘက်က သုံးယောက်ပါတယ်" လို့ ပြောပါတယ်။ 

စကားများကြရာမှ တရုတ်ကျောက်ကုန်သည်ရဲ့ လုပ်ရပ်ကို မကျေနပ်တဲ့ ဒေသခံ‌ကျောက်ပွဲစား‌တွေက တရုတ်လူမျိုးဆိုင်နေရာကို ဝိုင်းလာကြပြီး ဖြေရှင်းပေးဖို့ လူစုလူဝေးနဲ့ တောင်းဆိုတဲ့အခါ ဆိုင်ဝန်ထမ်းအမျိုးသမီး‌ ၂ ဦးက တောင်းပန်နေတာကို တွေ့ရပါတယ်။ 

တရုတ်လူမျိုးက သေနတ်နဲ့ ထုတ်ချိန်လိုက်တယ်ဆိုတဲ့ ကောလာဟလကြောင့် ဒေသခံတွေ ပိုမိုစုဝေးလာကြပြီး စစ်ကောင်စီရဲ ၄ ယောက်လည်း သေနတ်အသင့်ချိန် အနေအထားနဲ့ ရောက်လာတယ်လို့ သိရပါတယ်။

ကျောက်ဝိုင်းမှာ ရှိနေသူတစ်ဦးက "တရုတ် ၃ယောက်က မြန်မာပွဲစားတယောက်ကို အရင် ထိုးတာ။ အဲ့တာကို မြန်မာပွဲစားတွေက သိသွားတာ၊ တရုတ်ဆိုင်ရှေ့မှာ သူ့ကို ထုတ်ပေးလို့ အော်နေကြတာ မထုတ်ပေးရဲဘူး၊ သူတို့လည်း မနိုင်တော့ ရဲကို ခေါ်လိုက်ကြတယ်။ ရဲ ၄ ယောက်လာတယ်၊ လာလာချင်း သေနတ်တွေ မောင်းဆွဲလိုက်တော့ လူအုပ်က ပစ်ပြီ ထင်ပြီး ပြန်ပြေးကြတာ၊ ခိုက်မိသူတွေလည်း ရှိတယ် " လို့ ပြောပါတယ်။

အချင်းများတဲ့ တရုတ်ဆိုင်ခန်းက ပိတ်သိမ်းထားပြီး တခြားတရုတ်ဆိုင်တချို့ပါ ခေတ္တပိတ်သိမ်းသွားကာ နေ့လယ်မှာ ကျောက်ဝိုင်းက အခြေအနေပုံမှန်ဖြစ်သွားတယ်လို့ သိရတဲ့အပြင် ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ကျောက်မျက်ဈေးကော်မတီဘက်က ထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။

5 mins Ago

January 4, 2022

မန္တလေးကျောက်ဝိုင်းအတွင်း ဗုံးပေါက်ကွဲပြီး အမျိုးသား ၁ ဦး သေဆုံး

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် မဟာအောင်မြေကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်း (ကျောက်ဝိုင်း) အတွင်းမှာ ဇန်နဝါရီ ၄ ရက် မနက် ၇ နာရီလောက်က  ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

ကျောက်ဝိုင်းအတွင်း ဆိုင်ခန်းအမှတ် (၉) နဲ့ (၁၀) ကြားရှိ လူသွားလမ်းမှာ ပေါက်ကွဲတာဖြစ်ပြီး အသက် ၅၀ ဝန်းကျင် အမျိုးသားတယောက်  သေဆုံးခဲ့တယ်လို့ သိရပါတယ်။

နီးပါတ်ဝန်းကျင်ရှိ ကျောက်သမားတယောက်က “ဗုံးပေါက်တာတော်တော်အသံကျယ်တယ်။ မြေကြီးတွေပါတုန်သွားတာ။ ကျောက်ဝိုင်းအတွင်းထဲမှာ ပေါက်ကွဲတာဆိုတော့ အတွင်းထဲက လူတစ်ဦး ဗုံးထိပြီး သေသွားတယ်။ တချို့ကလည်း အမှိုက်ပုံးထဲ ဗုံးကိုထုတ်ကြည့်ရင်း ကွဲတာလို့ ပြောကြတယ်။ ” လို့ ပြောပါတယ်။

ဒီဇင်ဘာ ၂၉ ရက်ကလည်း  ကျောက်ဝိုင်းအတွင်း ပေါက်ကွဲမှုဖြစ်ခဲ့ပြီး လူထိခိုက်ဒဏ်ရာရတာ မရှိခဲ့ပါဘူး။

ဒါ့အပြင် နိုဝင်ဘာ ၄ ရက် နဲ့ ၂၉  ရက် တို့ကလည်း ကျောက်ဝိုင်းအနီး ဗုံးပေါက်ကွဲခဲ့ပြီး နိုဝင်ဘာလ ၄ ရက် ဖြစ်စဉ်မှာတော့ အနီးနားရှိ ရဲတပ်ကြပ် တင်လင်းအောင် သေဆုံးခဲ့ကာ ဒုရဲအုပ် သိန်းဇော်ဦးမှာ ဒဏ်ရာရှိခဲ့ပါတယ်။

1 year Ago
Up