CDM ဝန်ထမ်းတွေအား ဆက်သွယ်ကူညီတယ်ဆိုပြီး မန္တလေးတက္ကသိုလ်အတွင်း လူ ၁၀ ဦးထက်မနည်းကို စစ်ကောင်စီက ဩဂုတ် ၂၇ ရက် ညနေပိုင်းမှာ ဖမ်းဆီးသွားတယ်လို့ အနီးဝန်းကျင်နေသူတွေက ပြောပါတယ်။
မန္တလေး တက္ကသိုလ်ထဲက ဥယျာဉ်တန်းနဲ့ စာကြည့်တိုက်ဘက်မှာ စစ်ကား ၂ စီးလူအပြည့်၊ အချုပ်ကား ၁ စီး၊ အိမ်စီးကား ၄ စီးနဲ့ တက္ကသိုလ် အောက်ခြေဝန်ထမ်းတွေကို လာရောက်ခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။
တက္ကသိုလ်အနီးနေ ပြည်သူတဦးက “နေ့လယ် ၃ နာရီကျော်က ကားတွေနဲ့ ကျောင်းထဲ ရောက်လာတယ်။ အချုပ်ကားရောပါတယ်။ CDM ဝန်ထမ်းတွေနဲ့ အဆက်အသွယ်ရှိတယ်၊ CDM ဝန်ထမ်းတွေကို ကူညီတယ်ဆိုပြီး တိုင်လို့ ဖမ်းတယ်ကြားတယ်” လို့ ပြောပါတယ်။
ဖမ်းဆီးခံရသူတွေကို အမှတ် ၉ ရဲစခန်းမှာ ခေါ်ယူစစ်ဆေးနေပြီး သက်ကြီးရွယ်အိုတွေလည်း ပါဝင်ကြောင်း၊ အမှုဖွင့် မဖွင့်တော့ မသိရသေးဘူးလို့ လို့ မျက်မြင်တွေ့သူတဦးက ပြောပါတယ်။
မန္တလေးတက္ကသိုလ် ဌာနအသီးသီးက အရာထမ်း ၂၄၉ ဦးနဲ့ အမှုထမ်း ၁၄၃ ဦးတို့ကို တာဝန်ကနေ ယာယီရပ်ဆိုင်းလိုက်တယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ ပညာရေးဝန်ကြီးဌာနက မေလ ၆ ရက်နေ့မှာ ကြေညာပါတယ်။
တာဝန်က ယာယီရပ်ဆိုင်းခံရတဲ့အထဲမှာ ပါမောက္ခ၊ တွဲဖက်ပါမောက္ခ၊ ကထိက၊ လက်ထောက် ကထိက တို့အပြင် စာရေး၊ နည်းပြ၊ သရုပ်ပြတွေလည်း ပါဝင်ပါတယ်။
အလုပ်က ယာယီရပ်နားခံလိုက်ရတဲ့ မန္တလေးတက္ကသိုလ် ဌာနအသီးသီးက အရာထမ်း အမှုထမ်းတွေဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ ကျွန်ပညာရေးစနစ်ကို အလိုမရှိတာကြောင့် အာဏာဖီဆန် CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်ကောင်စီကတော့ ဒီလိုအလုပ်က ယာယီရပ်ဆိုင်းရတာဟာ ခွင့်စည်းကမ်းကို ဖောက်ဖျက်ပြီး ခွင့်မဲ့ပျက်ကွက်တာ လုံလောက်တဲ့အကြောင်းပြချက်မရှိပဲ တာဝန်ချိန်ပျက်ကွက်တာကြောင့် နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ နည်းဥပဒေ ၁၆၁၊ နည်းဥပဒေခွဲ (ဃ)၊ နည်းဥပဒေ (၁၇၀) နည်းဥပဒေခွဲ (က) နဲ့ နည်းဥပဒေ (၁၇၃) နည်းဥပဒေခွဲ (ခ) အရ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။