close

မန္တလေးတိုင်းဒေသကြီး

close

December 8, 2021

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို ထောင်ဒဏ် ၄ နှစ် အမိန့်ချ

ဖမ်းဆီးတရာစွဲခံထားရတဲ့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီတရားရုံးက ဒီဇင်ဘာ ၈  ရက် ဒီကနေ့မှာ  ထောင်ဒဏ် ၄ နှစ်  အမိန့်ချမှတ်လိုက် ပါတယ်။

ဒေါက်တာဇော်မြင့်မောင်ကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) အတွက် ထောင်ဒဏ် ၂ နှစ်နဲ့ သဘာဝဘေးစီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ အတွက် ထောင်ဒဏ် ၂  နှစ် ၊ ပုဒ်မ ၃၀  (က) အတွက် ထောင်ဒဏ် ၁  နှစ် တပေါင်းတည်းကျခံဖို့ အမိန့်ချခဲ့တာပါ။

ဒေါက်တာ ဇော်မြင့်မောင်ရဲ့ ရှေ့နေအဖွဲ့ဝင်တယောက်က “ဒေါက်တာဇော်မြင့်မောင်ကို အမိန့်ချတယ်။ ပုဒ်မ ၅၀၅ (ခ) အတွက် ထောင်ဒဏ် ၂ နှစ် က အပြည့်ချတာ ချုပ်ရက် ထုတ်နုတ်ခံစားခွင့်မပြုဘူး။ သဘာဝဘေးအမှုက ပုဒ်မ နှစ်ခု အမိန့်ချတာ ပုဒ်မ ၂၅ အတွက် ထောင်ဒဏ် ၂  နှစ် နဲ့ ပုဒ်မ ၃၀ (က) အတွက် ထောင်ဒဏ် တနှစ် တပေါင်းတည်းဆိုတော့ နှစ်နှစ်ပဲ ကျတာ။ စုစုပေါင်း လေး နှစ်ကျခံရမှာ။” လို့ ပြောာပါတယ်။

အခုလို အမိန့်ချတာနဲ့ ပတ်သက်လို့ ဒေါက်တာဇော်မြင့်မောင်ကတော့  သမိုင်းဝင်နေ့ တနေ့ ဖြစ်တယ်လို့ တုံ့ပြန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

သွေးကင်ဆာရောဂါ ဝေဒနာခံစားနေရတဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီက ဖမ်းဆီးပြီး ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (ခ) ၊ သဘာဝဘေးစီမံခန့်ခွဲရေးဥပဒေ ပုဒ်မ ၂၅ / ၃၀ (က) ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ၊ ရာဇသတ်ကြီး ပုဒ်မ ၁၇၁-စ ၊ ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က) တို့နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

5 mins Ago

April 17, 2020

မန္တလေးတိုင်းဒေသကြီးအတွင်း ညမထွက်ရအမိန့် ထုတ်ပြန်

မန္တလေးတိုင်းဒေသကြီးအတွင်း ဧပြီ ၁၇ ရက်ကစပြီး မည်သူမဆို လုံလောက်တဲ့ အကြောင်းပြချက် မရှိဘဲ  ည ၉ နာရီမှ မနက် ၄ နာရီအထိ မိမိနေအိမ်ပြင်ပသို့ ထွက်ခွာခြင်း လုံးဝမပြုကြဖို့ မန္တလေးတိုင်းအစိုးရက ထုတ်ပြန်ထားပါတယ်။ ဒီ အမိန့်ဟာ ပုဒ်မ ၁၄၄ ကာဖျူးမိန့် လုံးဝမဟုတ်‌ပဲ တားမြစ်မိန့်သာဖြစ်တယ်လို့ မန္တလေး မြို့တော်ဝန် ဒေါက်တာရဲလွင်က သူ့ရဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်မှာ ရေးသားထားပါတယ်။ COVID-19 ရောဂါကြောင့် အပြင်ထွက်သူနည်းပါးနေချိန်မှာ ညပိုင်းမှာလည်း လုံခြုံရေး ပြဿနာတွေ ရှိနိုင်တယ်လို့ ဆိုပါတယ်။ မန္တလေးတိုင်းမှာ ကုန်စည်စီးဆင်းမှုအတွက် သွားရောက်နေရတဲ့ ယာဉ်တွေနဲ့ လူပုဂ္ဂိုလ်တွေဟာ သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ စည်ပင်သာယာရေး အဖွဲ့တွေရဲ့ စိစစ်ခွင့်ပြုချက်အရ သတ်မှတ်နေရာတွေမှာ လမ်းညွှန်ချက်နဲ့ အညီဆောင်ရွက်သွားဖို့၊ ပြည်သူလူထု အနေနဲ့ နေ့ခင်းဘက်မှာ မဖြစ်မနေပြင်ပကို သွားလာဖို့လိုအပ်ပါက အိမ်ထောင်စု တစ်စုလျှင် လူတစ်ဦးတည်းသာ ထွက်ကြဖို့နဲ့ mask မတပ်ဘဲ အိမ်အပြင်ကို ထွက်ခွာခြင်း လုံးဝ မပြုလုပ်ဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။  ဒါ့အပြင် မန္တလေးတိုင်းအတွင်းက စျေးအသီးသီးမှာလည်း စျေးသည်တွေ၊ စျေးဝယ်သူတွေ အားလုံးဟာ နှာခေါင်းစည်း mask တပ်ဆင်ပြီးမှသာ ဈေးရောင်းဈေးဝယ် ပြုလုပ်ကြဖို့ကို တိုင်း အစိုးရအဖွဲ့က ညွှန်ကြားထားပါတယ်။ ဒီ အမိန့်ကို ဧပြီ ၁၆ ရက်က ထုတ်ပြန်ခဲ့တာဖြစ်ပြီး နောက်ထပ် အမိန့်တစ်စုံတစ်ရာ  ထုတ်ပြန်ခြင်း မရှိသေးသရြေ့ တည်မြဲနေမှာဖြစ်ကြောင်းနဲ့ တိုင်းဒေသကြီးအတွင်းနေထိုင်သူ အားလုံးဟာ စည်းကမ်းချက်တွေကို လိုက်နာကြရမှာဖြစ်ပြီး မလိုက်နာပါက တည်ဆဲဥပဒေအရ တိတိကျကျ အရေးယူမယ်လို့ သိရပါတယ်။ မန္တလေးတိုင်းမှာ ဧပြီ ၁၆ ရက်အထိ ခရိုင်ခုနစ်ခုမှာ facility quarantine ဆောင်ရွက်ဆဲ ဦးရေ ၄၃၂၄ ဦးနဲ့  မြို့ငါးခုမှာ Hotel quarantine ဆောင်ရွက်ဆဲဦးရေ ၇ ဦး ရှိတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ သတင်း - ထိန်ထိန်လင်း
2 years Ago
Up