မန္တလေးတိုင်းအတွင်း မြနန္ဒာစစ်ဆင်ရေးစတင်နေရာမှာ ပုသိမ်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်သားတွေ လိုက်ပါလာတဲ့ လိုက်ထရပ်ကားတစီးကို ဒီဇင်ဘာ ၂၅ ရက်၊ နေ့လယ် ၃ နာရီခွဲလောက်က မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ကားနောက်ပိုင်းထိမှန်ပြီး ထိခိုက်သေဆုံးမှု ရှိနိုင်တယ်လို့ NGU :FF မြေခွေးတပ်ဖွဲ့က ပြောပါတယ်။
ပုသိမ်ကြီးမြို့နယ်မှာ မြကံသာရွာမြောက်ဘက် အယ်လ်ဖာဘိလပ်မြေစက်ရုံ အနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ကားဟာ မတ္တရာမြို့ကနေ ပုသိမ်ကြီးကို မောင်းလာစဉ် ကားမိုင်း ၂ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“မြနန္ဒာစစ်ဆင်ရေးအဖြစ် မဟာမိတ်ညီလေးတွေနဲ့ပေါင်းပြီး လုပ်တာပါ။ အဲဒီကားက Non CDM တွေကို ကြိုပို့လုပ်နေတဲ့ကား။ ရုံးပိတ်ရက်ဆိုတော့ Non CDM မပါဘူး။ စစ်သားကတော့ ၆ ကောင် ၇ ကောင် အမြဲပါတယ်။ ကားမိုင်း ၂ လုံးဆွဲခဲ့တာ၊ ကားနောက်ပိုင်း ပျက်စီးသွားတယ်၊ ထိတဲ့လူတွေလည်းရှိတယ်။”
အလားတူ ဒီဇင်ဘာ ၂၅ ရက် ညနေ ၆ နာရီလောက်ကလည်း ပြည်ကြီးတံခွန်မြို့နယ်၊ ၁၂၆ လမ်း ၅၁ လမ်းရှိ အ.ထ.က ၂၉ ကျောင်းမှာ စခန်းချ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ရဲ့ ဘန်ကာထဲကို လက်ပစ်ဗုံးပစ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးသွားတယ်လို့ NGU :FF မြေခွေးတပ်ဖွဲ့က ပြောပါတယ်။
အ.ထ.က ၂၉ စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ရာမှာ ကျောင်းသားကျောင်းသူတွေကို မထိခိုက်စေချင်တာကြောင့် ကျောင်းပိတ်ရက်ကိုသာ ရွေးချယ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သား ၁ ဦးရဲ့ ခေါင်းပေါ်ကို ဗုံးထိမှန်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အ.ထ.က ၂၉ ကျောင်းထဲ အရေးပေါ်ကားတစီး ဝင်သွားတာ တွေ့ရပြီး စစ်ကောင်စီတပ်သားတွေ ပစ်ခတ်ရှာဖွေခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီတပ်သားတွေနဲ့ နီးကပ်စွာမနေဖို့နဲ့ MOD နဲ့ မန္တလေးတိုင်းအတွက် တာဝန်ရှိသူတွေ၊ Fundraiser တွေက မြနန္ဒာစစ်ဆင်ရေးကို ထောက်ပံ့ပေးကြဖို့ NGU :FF မြေခွေးတပ်ဖွဲ့က တောင်းဆိုထားပါတယ်။
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာလည်း ညောင်တိုအုပ်စု အုပ်ချုပ်ရေးမှူး ဦးပြေအေးနဲ့ သားဖြစ်သူတို့ ဒီဇင်ဘာ ၂၄ ရက် ည ၈ နာရီလောက်က သေနတ်နဲ့ပစ်သတ်ခံရပြီး အလောင်းလာသယ်တဲ့ စစ်တပ်ကား မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“သေနတ်သံတွေ ကြားရတယ်၊ ညလည်းဖြစ်နေတော့ သွားမကြည့်ရဲဘူး။ ခဏနေတော့ အုန်းဆိုတဲ့ အသံကြီးလည်း ကြားရတယ်။ ကားသံတွေ အများကြီးလည်း ကြားရပြီး အုပ်ချုပ်ရေးမှူးနဲ့ သူ့သားတို့ ပစ်သတ်ခံရတယ်။ နေရာတင် သေဆုံးသွားတယ်ဆိုတာ ရွာထဲမှာပြောနေတာ သိရတယ်။”
ကျေးရွာ ၇ ရွာပါဝင်တဲ့ ညောင်တိုကျေးရွာအုပ်စုရဲ့ အုပ်ချုပ်ရေးမှူး ဦးပြေအေးနဲ့ သားဖြစ်သူ စိုင်းမြင့်အောင်ပြေ (ခ) ပုလုံးတို့ဟာ PDF တွေကို ဓာတ်ပုံနဲ့တကွ လိုက်လံရှာဖွေနေကာ ကျင်းရွာ၊ သဲတောလေးရွာ၊ တဲစုရွာ၊ ခင်ကြီးရွာ၊ သခွတ်မြင့်ရွာက ပြည်သူတွေအနေနဲ့ PDF တွေကို ရွာထဲကိုအဝင်မခံဖို့ လော်စပီကာနဲ့ လိုက်လံကြေညာခဲ့သူတွေဖြစ်တယ်လို့ ဝမ်းတွင်းမြို့နယ်တော်လှန်ရေးအဖွဲ့ (WTRF) ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားပါတယ်။
ဒါ့အပြင် အုပ်ချုပ်ရေးမှူး ဦးပြေအေးဟာ ကျေးရွာနေပြည်သူတွေအပေါ် အမြဲတမ်း အနိုင်ကျင့်နေတာကြောင့် WTRF က ပစ်ခတ်ရှင်းလင်းခဲ့တာလို့လည်း သတင်းထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာ ၁၀ ရက် ညကလည်း သဲတောလေးရွာခွဲ အုပ်ချုပ်ရေးမှူး ဦးမောင်ရှိန် ပစ်သတ်ခံခဲ့ရသလို ဝမ်းတွင်းမြို့နယ်မှာ ဒီဇင်ဘာလအတွင်း အုပ်ချုပ်ရေးမှူး ၂ ဦး ပစ်သတ်ခံခဲ့ရပါတယ်။
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့အနီး မန္တလေး-ဗန်းမော် ကားလမ်းဆုံပေါ်ရှိ စစ်ကောင်စီလုံခြုံရေးဂိတ်ကို ဒီဇင်ဘာ ၂၄ ရက် ညနေပိုင်းက ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ကြာညှပ်ကျေးရွာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ လုံခြုံရေးတာဝန်ကျသူတချို့ သေဆုံးထိခိုက်ဒဏ်ရာရနိုင်တယ်လို့ ပြောပေမဲ့ အရေအတွက် အတိအကျကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကြာညှပ်)ရဲ့ တာဝန်ခံက "သေနတ်ရော လွင့်ထွက်ပြီး လဲကျ သွားတာကိုပဲ မြင်ခဲ့ရတယ်။ နောက်ပိုင်းတော့ ကျနော်တို့လည်း တောက်လျှောက် မြန်မြန် ပြန်ဆုတ်ခဲ့တာဆိုတော့လေ။ အထိအခိုက်ကတော့ တော်တော်များမှာ လက်နက်ကြီး နှစ်ချက် ပစ်တယ်။ လက်နက်ငယ်တွေနဲ့ ထပ်ပစ်တယ်။ တကောင်းဂိတ်ကိုလေ" လို့ ပြောပါတယ်။
သပိတ်ကျင်းမြို့နယ်အတွင်းက စစ်ကောင်စီဒေါက်တိုင်တွေ၊ အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်ကြဖို့နဲ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေထံ လာဘ်ပေးပြီး တရားမဝင် လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေအနေနဲ့လည်း ရပ်တန့်ကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက တိုက်တွန်းထား ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကြာညှပ်)နဲ့ လျှပ်စီးပြောက်ကျားတပ်ဖွဲ့တို့ပူးပေါင်းပြီး ဒီဇင်ဘာ ၂၁ ရက်ကလည်း မင်းကုန်းရွာနဲ့ ဆယ်ဇင်းကုန်းရွာကြားမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပါ Light Truck ကား တစီးကို မိုင်း နှစ်လုံးဆွဲ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးယောက်ထက်မနည်း ထိခိုက် ဒဏ်ရာရသွားတယ်လို့သိရပါတယ်။
အလားတူ ဒီဇင်ဘာ ၂၁ ရက်မှာပဲ ကြာညှပ်ကျေးရွာ စစ်ဆေးရေးဂိတ်မှာ အထိုင်ချထားတဲ့ ဗိုလ်မှူး တစ်ဦးပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးနဲ့ ရဲ ၃ ဦးကို ညနေပိုင်း အပြန်မှာ ကိုးပင်ရွာနဲ့ ပုတီးဖြူကျေးရွာကြားအရောက် မိုင်းဆွဲ တိုက်ခိုက်ခဲ့တာကြောင့် ရဲ နဲ့ စစ်သား ၇ ယောက် သေဆုံး ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒီဇင်ဘာလ ၂၃ ရက် ည ၇ နာရီကျော်မှာ တကောင်းတိုက်နယ်၊ မကျည်းကုန်းအုပ်စု၊ ပေါ်တော်မူအခင်းတိုက်မှာရှိတဲ့ မိုင်တဲလ်တာဝါတိုင်ရဲ့ စက်ပစ္စည်းခန်းကို ရှော့မိုင်း နှစ်လုံး သုံးကာ ဖောက်ခွဲ ဖျက်စီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
မန္တလေး-ကျောက်ဆည် လမ်းတွင်မှာလည်း စစ်တပ် ရိက္ခာတင်ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၆ ယောက် သေဆုံးပြီး စစ်ကား ၁ စီး ပျက်စီးသွားတယ်လို့ GARUDA PEOPLE'S DEFENCE FORCE အဖွဲ့က ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၂၄ ရက် ညနေပိုင်း ၃ နာရီလောက်က မန္တလေးမှ ကျောက်ဆည်ဘက်ကို မောင်းနှင်လာတဲ့ စစ်ကား ၃ စီးကို ပဒေသာမိုင်း ၁ လုံးနဲ့ တိုက်ခိုက်ခဲ့ရာမှာ ကားပေါ်ပါ တပ်သား ၆ ယောက် သေဆုံးကာ ကားအမိုး ဘန်ကာတွေ ပြုတ်ကျခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
GARUDA PEOPLE'S DEFENCE FORCE အဖွဲ့မှ တာဝန်ရှိသူက " မိုင်းက မြေမြုပ်မိုင်း ပဒေသာ မိုင်း ၁ လုံးကို အသုံးပြုခဲ့တာပါ။ မိုင်းက တလုံးတည်းဆိုပေမယ့် ထုတ်လုပ်ထားတဲ့ မိုင်းက ရေခပ်တဲ့ပုန်းတလုံး စာရှိပါတယ်။ နောက်ဆုံးကားကို မိုင်းဆွဲခဲ့တာ။ စကစ ကားရဲ့ ဘန်ကာအမိုးက ပြုတ်ကျနေခဲ့တယ်။ ဘန်ကာအမိုးပြုတ်သွားလို့ စောင့်ကြည့်နေတဲ့ ရဲဘော်က ၆ ယောက်သေဆုံးတယ်လို့ အတည်ပြုထားတာပါ”လို့ ပြောပါတယ်။
GARUDA PEOPLE'S DEFENCE FORCE အဖွဲ့ဟာ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ရာတွင် ပဒေသာမိုင်းကြီးတွေကိုသာ အဓိကထားအသုံးပြုတယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုတွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေ သေဆုံး ဒဏ်ရာရတဲ့ အခြေအနေကိုတော့ သီးခြားအတည်ပြုနိုင်တာမရှိသေးသလို စစ်ကောင်စီကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။