close

မန္တလေးနှင့်မကွေးတိုင်း

close

March 29, 2022

မန္တလေးနှင့်မကွေးတိုင်းတို့တွင် စစ်ကောင်စီကားများ မိုင်းဆွဲခံရ၊ ထိခိုက်သေဆုံးမှုများ ရှိ

မန္တလေးတိုင်းနှင့် မကွေးတိုင်းက မြို့နယ်တချို့မှာ မတ် ၂၈ ရက်နဲ့ ၂၉ ရက်တွေမှာ ဒေသခံ PDF တွေရဲ့ မိုင်းဆွဲတိုက်ခိုက်တာကြောင့် စစ်ကောင်စီကားများ မိုင်းထိပြီး စစ်ကောင်စီတပ်သားတချို့ ထိခိုက်ဒဏ်ရရာ သေဆုံးတာတွေရှိခဲ့တယ်လို့ ဒေသခံ PDF တွေက သတင်းထုတ်ပြန်ပါတယ်။

မကွေးတိုင်း မင်းဘူး(စကု)မြို့နယ်အတွင်း မတ် ၂၈ ရက်က စစ်ကောင်စီကားတစ်စီးကို  မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးသူရှိနိုင်သလို မတ် ၂၉ ရက်မှာလည်း  စစ်ကောင်စီကား ၂ စီးမိုင်းဆွဲတိုက်ခိုက်ခံရပြီး တပ်သား ၃ ယောက်သေဆုံးခဲ့တယ်လို့  ဒေသခံ PDF တွေက ဆိုပါတယ်။

မတ် ၂၈ ရက် ညနေ ၅ နာရီလောက်က မင်းဘူး (စကု)မြို့နယ် ပန်းတောင်းနဲ့ ငဖဲမို့နယ် ပဒါန်းမြို့ကြားကို မောင်းနှင်လာတဲ့ စစ်ကောင်စီကား တစ်စီးကို  အနောက်ပိုင်းတိုင်း မြေအောက်စစ်ဆင်ရေး မဟာမိတ်အထူးအဖွဲ့ စစ်ကြောင်း(၄)၊ သေမင်းတမန် တပ်စိတ်က ပဒေသာမိုင်းခွဲပြီး တိုက်ခိုက်ခဲ့တာလို့ အနောက်ပိုင်းတိုင်း မဟာမိတ်အထူးတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အလားတူ မတ် ၂၉ ရက် မနက် ၁၁ နာရီလောက ရေစကြိုမြို့နယ် ဆင်ချောင်းရွာနဲ့ ဇီးကုန်းရွာကြားမှာ စစ်ကောင်စီကား ၂ စီးကို ရေစကြို PDF က မိုင် ၂ လုံးဆွဲ ပြီးတိုက်ခိုက်ရာ ကားတစ်စီးထိခိုက်ပျက်စီးကာ စစ်ကောင်စီတပ်သား ၃ ယောက်နေရာတင်သေဆုံးကာ အများအပြားဒဏ်ရာရရှိသွားတယ်လို့ ရေစကြို PDFရဲ့ ခေါင်းဆောင် ရဲဘော်ဝေကြီးက ပြောပါတယ်။

စစ်ကောင်စီ တပ်သားတွေဟာ နောက်ထပ်ကားတစ်စီးပေါ်ကနေ လက်နက်ကြီးတွေနဲ့  ပစ်ခတ်ပေမဲ့ ရေစကြို PDF က ရဲဘော်တွေ အထိခိုက်အကျဆုံးမရှိဘဲ အောင်အောင်မြင်မြင် ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အနောက်ပိုင်းတိုင်း မြေအောက်စစ်ဆင်ရေး မဟာမိတ်အထူးတပ်ဖွဲ့အနေနဲ့  မင်းဘူး(စကု)ဖြစ်စဉ်နဲ့ ပတ်သက်လို သူတို့အဖွဲ့အနေနဲ့ ထိခိုက်ဒဏ်ရာရမှုအခြေအနေကို မပြောပေမဲ့ စစ်ရေး အရှိန်တိုးမြှင့်မယ်လို့ ကြေညာထားတဲ့အတိုင်း စစ်ဆင်ရေးတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် ပဲချက်ရွာမှာ မတ်၂၈ ရက် မနက် ၁၀နာရီလောက်က စစ်ကောင်စီကား တစ်စီးကို မိုင်းခွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ Natogyi People Defence Force က ထုတ်ပြန်ပါတယ်။

နွားထိုးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့  တော်လှန်ရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ လက်နက် ပစ္စည်းဝယ်ဖို့ ငွေကြေး အရေးပေါ် လိုအပ်နေလို့ ပြည်သူများက ဝိုင်းဝန်း ထောက်ပံ့ပေးကြဖို့  အလှူခံပါတယ်။ 

မန္တလေးတိုင်းနဲ့ မကွေးတိုင်းက မြို့နယ်တချို့မှာဖြစ်ပွားခဲ့တဲ့ အထက်ပါဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။

12 hours Ago
Up