မန္တလေးမြို့၊ ဘူတာကြီးမှာ စစ်ကိုင်းဘက်သို့ထွက်ခွာမယ့် စစ်ကောင်စီ ထောက်ပို့ရထားတစီးကို ဧပြီလ ၆ ရက်ညနေမှာ ဗုံးနဲ့ပစ်တိုက်ခိုက်ခဲ့တယ်လို့ မန္တလေးမြို့ပြပြောက်ကျား မဟာမိတ်တပ်ပေါင်းစုက ထုတ်ပြန်ပါတယ်။
ဒီနေ့ညနေ ၆ နာရီလောက်မှာ မန္တလေးကနေ စစ်ကိုင်းဘက်ကို ထောက်ပို့သွားမယ့် စစ်ကောက်စီ ရထားကို ကင်းအထပ်ထပ်ချထားတဲ့ ကြားက Ranger of Mandalay အဖွဲ့မှ ဗိုလ် phoenix နဲ့ Justice Mandalay PDF အဖွဲ့မှ ရဲဘော်ရှဲဒိုးတို့က ဗုံးတစ်လုံး ပစ်ထည့်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရထားနောက်ခန်း ပျက်စီးသွားတယ်လို့ သိရပါတယ်။
“စစ်တပ်က မန္တလေးမြို့ကို ဘယ်လိုပဲဖိဖိ၊ ကျနော်တို့ အသက်နဲ့ရင်းပြီး ကြိုးစားနေပါတယ်။ ပြည်သူတွေကလည်းနိုင်တဲ့ဘက်က ပူးပေါင်းပါဝင်ပေးကြပါ”လိူ့ ဗိုလ်ဖီးနပ်စ်က တောင်းဆိုထားပါတယ်။
ထောက်ပို့ရထား ဗုံးပစ်ခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီပြန်ကြားရေးဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
မတ်လ ၂၉ ရက်ကလည်း စစ်ကောင်စီဝါဒဖြန့်ရုပ်သံရိုက်ကူးရေးအဖွဲ့ လိုက်ပါလာတဲ့ ရထားတစီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ကနေ ပြင်ဦးလွင်မြို့ဘက်ကို ထွက်ခွာလာစဉ် ဗုံးခွဲတိုက်ခိုက်ခံရပါတယ်။
မန္တလေးမြို့၊ ဘူတာကြီးမှာ မြန်မာ့မီးရထားဝန်ထမ်းတွေက ရထားတွေမထွက်ဘဲ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) လုပ်နေတဲ့အတွက် ဖေဖော်ဝါရီ ၁၇ ရက်ညပိုင်းမှာ ရဲနဲ့ စစ်တပ်က ဝင်ရောက်ပစ်ခတ်ရှင်းလင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။
မန္တလေးမြို့ ၃၄ လမ်း ၇၈ လမ်းနဲ့ ၇၉ လမ်းအနီး မီးရထားသံလမ်းပေါ် မနေ့ ည ၉ နာရီနဲ့ ၁၀ နာရီအကြားမှာ လုံခြုံရေးတပ်ဖွဲ့တွေက အင်အားအလုံးအရင်းနဲ့ အမှောင်ထဲမှာ ဓာတ်မီးထိုး ဝင်ရောက်လာပြီး ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
ပစ်ခတ်မှုမှာ ဘူတာအနီးက ပရဟိတလူငယ် တစ်ဦး ကျည်ဆန်ထိမှန်ခဲ့ပေမဲ့ မီးရထားဝန်ထမ်းတွေကတော့ ထိခိုက်ဒဏ်ရာရတာနဲ့ ဖမ်းဆီးခံရတာတွေ မရှိဘူးလို့ မန္တလေးမီးရထားဝန်ထမ်းတစ်ဦးက ပြောပါတယ်။
“ သူတို့ အပေါ်ထောင်ပစ်တာ။ ရထားသံလမ်းပေါ်မှာ ရှိတာတွေရှင်းတာပေါ့။ ဖမ်းတာဆီးတာတော့ မရှိဘူးဗျ။ ဝန်ထမ်းတွေကတော့ CDM လုပ်ထားတာ၊ ပစ်တဲ့ အဲဒီအချိန်က ၈ နာရီကျော်ဆိုတော့ ပုဒ်မ ၁၄၄ ထုတ်ထားတော့ ဝန်ထမ်းတွေ တစ်ယောက်မှ မရှိကြတော့ဘူးဗျ၊ ”
ဒီနေ့မနက် ၆ နာရီခွဲလောက်မှာတော့ မန္တလေးဘူတာကနေ RBE မီးရထားတွဲခေါင်း တစ်စီးထွက်သွားပြီး ရထားလမ်းပေါ် အတားဆီးတွေမရှိတော့သလို အဆိုပါ တွဲခေါင်းနဲ့အတူ ရဲတပ်ဖွဲ့ဝင်တွေ လက်နက်အပြည့်အစုံနဲ့ လိုက်ပါသွားတယ်လို့ဆိုပါတယ်။
မနေ့ညက လုံခြုံရေးတပ်ဖွဲ့တွေက ဘူတာအပြင်ဘက် အုတ်နံရံကိုကျော်ပြီး ပစ်ခတ်ရာမှာ ပရဟိတဓါရီလူမှုကူညီရေးအသင်းတာဝန်ကျ လူငယ် ၁ ဦး ဒဏ်ရာရသွားပြီး ပရဟိတ ကား ၂ စီး ကျည်ဆန်ထိမှန်ခဲ့ကာ တစ်စီးက မှန်တွေကွဲသွားတယ်လို့ M Rescue အဖွဲ့ခေါင်းဆောင် ဦးခင်မောင်တင့်က ဒီဗွီဘီကို ပြောပါတယ်။
မနေ့ညနေပိုင်းကတော့ မြန်မာ့မီးရထား ဝန်ထမ်းတွေကို စစ်တပ်က ဖမ်းဆီးထားတယ်ဆိုပြီး ပြန်လွှတ်ပေးဖို့ မန္တလေးမြို့၊ ၇၈လမ်းနဲ့ ၃၂ အေလမ်း ထောင့်ရှိ မီးရထား ဒီဇယ်စက်ခေါင်းရုံ ရှေ့မှာ ပြည်သူလူထုတွေ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
မန္တလေး ဘူတာကြီးက ရထားတချို့ကို ခရီးသည် မပါဘဲ ပြေးဆွဲဖို့အတွက် စစ်တပ်က အတင်းအကျပ် ဖိအားပေး လုပ်ဆောင်နေတယ်လို့ သိရပြီး CDMလုပ်ဆောင်နေတဲ့ မီးရထား ဝန်ထမ်း စက်ဗိုလ်၊ နည်းပြတချို့ အပါအဝင် လေးဦးကို သေနတ်နဲ့ ထောက်ကာ ဖမ်းဆီးခဲ့တယ်လို့ မီးရထားဝန်ထမ်းတွေက ပြောပါတယ်။
စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့အနေနဲ့ ရန်ကုန်နဲ့ မန္တလေးအပါအဝင် နိုင်ငံတဝန်းမှာ မြန်မာ့မီးရထားဝန်ထမ်းတွေက CDM လှုပ်ရှားမှုမှာ ပါဝင်ဆန္ဒပြနေတာကြောင့် မီးထားခရီးစဉ်တွေကတော့ ပြေးဆွဲနိုင်ခြင်းမရှိတော့ဘဲ စစ်အစိုးရရဲ့ ရထားသယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေအကြီးအကျယ် ထိခိုက်နေတာဖြစ်ပါတယ်။