စစ်ကောင်စီတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းခံလိုက်ရတဲ့ မန္တလေးမြို့အခြေစိုက် Myanmar Return Ranger Force-MRRF အဖွဲ့ခေါင်းဆောင် ဗိုလ်အောင်မြေ အပါအဝင် ၃ ဦး သေနတ်နဲ့ ပစ်သတ်ခံလိုက်ရပြီလို့ Mandalay People Rescue - MPR မှ ကိုထက်အောင်က အတည်ပြု ပြောပါတယ်။
ဩဂုတ် ၁ ရက် မနက်အစောပိုင်းက မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၊ မြောက်ပြင် ၈၆ လမ်းနဲ့ ၈ လမ်းဝန်းကျင်မှာရှိတဲ့ နေအိမ်တလုံးကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းကာ နေအိမ်အတွင်းမှာရှိတဲ့ လူငယ် ၁၀ ဦးလောက်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး နေ့ချင်းဆိုသလို ရန်ကုန်-မန္တလေး အမြန်လမ်းတနေရာမှာ သတ်ပစ်ခဲ့တယ်လို့ သိရပါတယ်။
MPR မှ ကိုထက်အောင်က “ဖမ်းဆီးခံရတာ ၈၆ လမ်း၊ ၈လမ်းနားက သူတို့ဝပ်ကျင်းမှာပါ။ အဖမ်းခံရတာက ၁၀ ယောက်လောက်ရှိတယ်။ ကျဆုံးတာက ၃ ယောက်ပါ။ ဗိုလ်အောင်မြေ အပါအဝင်ပေါ့။ ပုံတွေစစ်ကြည့်ပြီး ဗိုလ်အောင်မြေဆိုတာကို အတည်ပြုတာပါ။ ပြီးတော့ ကျနော့်အဖွဲ့သားဟောင်းတယောက်လည်း MRRF နဲ့အတူ အဖမ်းခံလိုက်ရတော့ အဖွဲ့အတွက်လည်း စိတ်မချရဘူး ဖြစ်နေပါတယ်။ အဖမ်းခံရကတည်းက နန်းတွင်းထဲ ခေါ်သွားတာ ဘာသတင်းမှလည်း မရတော့ ပိုဆိုးတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
အလားတူ တခြားအဖွဲ့တခုလည်း ဖမ်းဆီးခံရတယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး လက်ရှိအချိန်အထိ အဆက်အသွယ် မရသေးဘူးလို့ ဆိုပါတယ်။
မန္တလေးမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အရပ်သားကားတွေနဲ့ နေရာအနှံ့အပြားမှာ ကင်းပုန်းတွေ ချထားတာကြောင့် မြို့ပေါ်မှာ မစ်ရှင်ဆက်လုပ်ဖို့ ခက်ခဲတယ်လို့ မန္တလေး မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
မန္တလေးတိုင်း၊ အမရပူရမြို့နယ်အတွင်းမှာရှိတဲ့ ပ.လ.စ ၂ လက်နက်ယန္တရားတပ်ဂိတ်ကို မေ ၃ ရက် မနက်ပိုင်းက သေနတ်နဲ့ ငါးချက်ပစ်ခတ်ခဲ့တယ်လို့ မန္တလေးမြို့ပြပြောက်ကျား မဟာမိတ် ပူးပေါင်းတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
မန္တလေးမြို့အတွင်းမှာ စစ်ဆေးရေးတွေ တင်းကျပ်နေတဲ့ကြားက Rangers Of Mandalay မြို့ပြပြောက်ကျားတပ်ဖွဲ့နဲ့ မဟာမိတ်ညီအစ်ကိုတွေ ပူးပေါင်းပြီး အမရပူရမြို့နယ်ထဲက စစ်ကောင်စီရဲ့ လက်နက်ယန္တရားတပ်ဂိတ်ကို သေနတ်နဲ့ ၅ ချက် ပစ်ခတ်ခဲ့တာဖြစ်ပြီး ထိခိုက်မှုအခြေအနေကိုတော့ မသိရသေးပါဘူး။
Rangers OF Mandalay အဖွဲ့က ဗိုလ်ဖီးနစ်က "စစ်တပ်က ဖိနှိပ်စစ်ဆေးနေတဲ့ကြားက ကျနော်တို့ ရအောင်ထွက်တယ်။ ရအောင်တိုက်ခိုက်နေတယ်ဆိုတာ ပြချင်တာပါ။ အခုလက်ရှိ တော်လှန်ရေးကို အားစိုက်တဲ့ မြို့ပေါ်က ပြည်သူတွေက အရမ်းကို စိတ်ဓာတ်ကျနေကြပြီ။ မြို့ပေါ်နေ လူတန်းစားအများစုက ရေပေါ်ဆီတွေ များတဲ့အတွက် တော်လှန်ရေးမှာ ပါဝင်စေချင်လို့ ကျနော်တို့တွေ အသက်ရင်းပြီး ရအောင်လုပ်ခဲ့တာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။
မန္တလေးမြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေဟာ မန္တလေးမြို့ပေါ်မှာ ဒီရက်ပိုင်း ဖမ်းဆီးအသတ်ခံရတာတွေ များလာပြီးနောက် တချို့ မြို့ပြပြောက်ကျားတပ်တွေဟာ တော်လှန်ရေးကို ရပ်နားတာမျိုး မဟုတ်ပေမဲ့ မန္တလေးမြို့ကိုစွန့်ခွာပြီး နီးစပ်ရာ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ သွားရောက်ပူးပေါင်းတာတွေ ရှိလာတယ်လို့ ဆိုပါတယ်။