မန္တလေးမြို့မှာ ချီတက်ဆန္ဒပြ လှုပ်ရှားမှုတွေ လုပ်နေတဲ့ မန္တလေးသပိတ်အင်အားစုအဖွဲ့ဝင် ၄ ဦးအား အကြမ်းဖက်စစ်ကောင်စီရဲ့ ထောင်တွင်းတရားရုံးကနေ ထောင်ဒဏ်တွေ အသီးသီး မတရားချမှတ်ထားတယ်လို့ သိရပါတယ်။
မန္တလေးသပိတ်အင်အားစုအဖွဲ့ဝင် ကိုကျော်သီဟစိုးကို အကြမ်းဖက်စစ်အုပ်စုက သြဂုတ် ၃၁ ရက်က ထောင်တွင်းတရားရုံးမှာ ရုံးထုတ်ပြီး ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့တယ်လို့ မန္တလေးသပိတ်အင်အားစုက ထုတ်ပြန်ထားပါတယ်။
ကိုကျော်သီဟစိုးဟာ ၂၀၂၁ ခုနှစ် ဩဂုတ် ၁၆ ရက်နေ့က ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ ၅၂ (ခ)၊ ပုဒ်မ ၅၀၅ ကတို့နဲ့ တရားစွဲဆိုခံခဲ့ရကာ ပုဒ်မ - ၅၂ (ခ) အတွက် ထောင်ဒဏ် ၇ နှစ် နဲ့ ပုဒ်မ ၅၀၅ - က အတွက် ထောင်ဒဏ် ၃ နှစ်တို့ကို သီးခြားကျခံရမှာဖြစ်ပါတယ်။
ကိုကျော်သီဟစိုးဟာ စုစုပေါင်း ထောင်ဒဏ် ၁၀ နှစ်အပြင် နောက်ထပ် ပုဒ်မ ၅၀၅ - က အတွက်လည်း ထပ်မံရင်ဆိုင်ရဦးမယ်လို့ သိရပါတယ်။
ဒါ့အပြင် မန္တလေးသပိတ်အင်အားစုအဖွဲ့ဝင်များဖြစ်ကြတဲ့ ကိုဟိန်းမင်းဇော်၊ ကိုကျော်စိုးမိုးနဲ့ မဂျာဆိုင်းအောင် တို့ကိုလည်း စက်တင်ဘာ ၁ ရက်က ထောင်တွင်းတရားရုံးမှာ ပုဒ်မ ၅၀၅ - က နဲ့ ထောင်ဒဏ် ၃ နှစ်စီ မတရား အမိန့်ချခံထားရပါတယ်။
အကြမ်းဖက်စစ်အုပ်စုနဲ့ အပေါင်းအပါတွေဟာ မန္တလေးသပိတ်အင်အားစုအဖွဲ့ဝင်တွေကို မတရားတဲ့ အမိန့်တွေနဲ့ ထောင်ဒဏ်ချမှတ်မှုအပေါ် အပြင်းအထန်ကန့်ကွက်ကြောင်း မန္တလေးသပိတ်အင်အားစုက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် မတရားဖမ်းဆီးခံနိုင်ငံရေး အကျဥ်းသားသူရဲကောင်းတွေနဲ့ အကျဉ်းချခံ ဓမ္မဘက်တော်သားတွေကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ကိုလည်း မန္တလေးသပိတ်အင်အားစုက တောင်းဆိုထားပါတယ်။
မန္တလေးမြို့မှာ ဧပြီလ ၅ ရက် ဒီမနက်အစောပိုင်းက လူငယ်တွေနေထိုင်ရာ Safe House ၂ လုံးကို စစ်ကောင်စီက ဝင်ရောက်စီးနင်းပြီး အမျိုးသမီး ၃ ယောက်နဲ့ အမျိုးသား ၆ ယောက် စုစုပေါင်း ၉ ယောက် ဖမ်းဆီးခံလိုက်ရတယ်လို့ မန္တလေးသပိတ်အင်အားစုကနေ သိရပါတယ်။
Mdy Revolution အဖွဲ့ဝင်တဦးက " သူတို့က သပိတ်လူငယ်တွေပါ။ မနက်က အဆက်အသွယ်မရလို့ ပတ်သက်နေတဲ့သူတွေ အချိန်မီ ရှောင်လို့ရအောင် အသိပေးချက်တင်ပေးလိုက်တာပေါ့။ အခုတော့ ပါသွားတာ သေချာသွားပါပြီ။ ညပိုင်း အချိန်အထိ အဆက်အသွယ်မရသေးဘူး”လို့ ဒီဗွီဘီကိုပြောပါတယ်။
စစ်ကောင်စီရဲ့ စီးနင်းဖမ်းဆီး ခံလိုက်ရသူတွေဟာ မန္တလေးသပိတ်အင်အားစုမှ ကိုဟိန်းမင်းဇော်၊ ကိုအောင်ဇော်မြင့်၊ ကိုနိုင်လင်းထွန်း၊ မသဲစု၊ ကိုကျော်စိုးမိုး၊ မဂျာဆိုင်းအောင်၊ ကိုကျော်မင်းထွန်း၊ ကိုထက်ကိုနဲ့ မကြယ်စင်လင်းတို့ဖြစ်ကြပါတယ်။
အဆိုပါ လူငယ်တွေကို စစ်ကောင်စီက လက်ရှိအချိန်အထိ ဘယ်မှာ ဖမ်းဆီးထားတယ်၊ ဘာအမှုနဲ့ အရေးယူထားတယ်ဆိုတာလည်း လတ်တလော မသိရသေးပါဘူး။
ဒီရက်ပိုင်း မန္တလေးမြို့အတွင်း မြို့ပြပြောက်ကျား အဖွဲ့တွေက တော်လှန်ရေးအရှိန်မြှင့်တင် မယ်လို့ ကြေညာထားသလို စစ်ကောင်စီတပ် ဘက်ကလည်း လုံခြုံရေးတွေတင်းကျပ်ထားပြီး ပိုက်စိပ်တိုက် ရှာဖွေစစ်ဆေး နေတာဖြစ်ပါတယ်။