သံဃသမဂ္ဂ - မန္တလေး ဆရာတော်နှစ်ပါးဖြစ်တဲ့ အရှင်စန္ဒိမာနဲ့ အရှင်ဦးအာစာရတို့ဟာ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးခံရချိန်ကစပြီး လက်ရှိအချိန်အထိ ဘယ်နေရာကို ပို့ဆောင်ခံထားရတယ်ဆိုတာကို မသိရသေးဘဲ သတင်းအစအန ပျောက်နေတယ်လို့ သံဃသမဂ္ဂ - မန္တလေးက ထုတ်ပြန်ပါတယ်။
ဆရာတော်နှစ်ပါးဟာ မန္တလေးမြို့မှာ အာဏာသိမ်းစစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပြီး အရှင်စန္ဒိမာဟာ ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက်က၊ အရှင်ဦးအာစာရဟာ အခုနှစ် ဇန်နဝါရီ ၃ ရက်နေ့က အသီးသီး ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
ဖမ်းဆီးခံရချိန်တုန်းက ကျန်းမာရေးကောင်းမွန်ကာ ဒဏ်ရာအနာတရ ကင်းစင်သူတွေဖြစ်ပြီး ဆရာတော်နှစ်ပါးမှာ အန္တရာယ်တစုံတရာဖြစ်ခဲ့ရင် မတရားဖမ်းဆီးခဲ့တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ တာဝန်သာဖြစ်တယ်လို့လည်း သံဃသမဂ္ဂ - မန္တလေးက ထုတ်ပြန်ထားပါတယ်။
သံဃသမဂ္ဂ ဦးဆောင်ဆရာတော်တပါးက “ဒါ ဦးဇင်းတို့ကိုယ်တိုင်လည်း စစ်ကြောရေး ဝင်ခဲ့ရတယ်။ တပတ်ကြာတယ်။ ကျန်တဲ့ဦးဇင်းတွေလည်း တပတ်နှစ်ပတ်ဆိုရင် စစ်ကြောရေးကနေ ထောင်ဘက်ပို့တယ်။ ဦးစန္ဒိမာနဲ့ ဦးအာစာရတို့ နှစ်ပါးက ထောင်ဘက်ရောက်သံ မကြားသေးတော့ ဦးဇင်းတို့ သံဃသမဂ္ဂက နှစ်ပါးလုံးရဲ့ အသက်အန္တရာယ်ကို အထူးစိုးရိမ်လွန်းလို့ အခုလို ထုတ်ပြန်ရတာပါ” လို့ မိန့်ပါတယ်။
ဆရာတော်နှစ်ပါးရဲ့ သတင်းအစအန ပျောက်နေတဲ့အပေါ် မိသားစုဝင်တွေကလည်း စိုးရိမ်ပူပန်နေတာကြောင့် နေ့စဉ် သတင်းမေးမြန်းကြတယ်လို့ ဆိုပါတယ်။
အခုလထဲ နောက်ဆုံးဖမ်းဆီးခံခဲ့ရတဲ့ အရှင်ဦးအာစာရ အပါအဝင် စစ်အာဏာသိမ်းပြီးချိန်ကနေ လက်ရှိအချိန်အထိ သံဃသမဂ္ဂ - မန္တလေး အဖွဲ့ဝင် ရဟန်းသံဃာ ၁၇ ပါး ဖမ်းဆီးခံခဲ့ရပြီး ၄ ပါးသာ ပြန်လည်လွတ်မြောက်သေးတယ်လို့ သိရပါတယ်။
အမျိုးသား ညီညွတ်ရေးအစိုးရက စစ်အာဏာရှင်ကို ဘက်ပေါင်းစုံက တော်လှန်ရေး စတင်ကြောင်း ကြေညာပြီးနောက်မှာ မန္တလေး သံဃသမဂ္ဂအနေနဲ့ အရေးပေါ်ကာလ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲ့ဒီလို လုပ်ကိုင်ရာမှာ ရပ်ကွက် မြို့နယ်အလိုက် ဖွဲ့စည်းထားတဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေနဲ့ ချိတ်ဆက်လုပ်ကိုင်မယ်လို့ စက်တင်ဘာ ၇ ရက်နေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ပြည်သူလူထုအနေနဲ့ စစ်အာဏာရှင်အမြစ်ပြတ်တော်လှန်ရေးမှာ တက်နိုင်တဲ့ဘက်က ပူးပေါင်းပါဝင်ဖို့၊ အရေးပေါ်ကာလအတွင်း သတိဝီရိယနဲ့ လုပ်ကိုင်ဆောင်ရွက်ဖို့ မန္တလေး သံဃသမဂ္ဂ သတိပေးတိုက်တွန်းထားပါတယ်။
စစ်အာဏာရှင် တော်လှန်ရေးအတွက် မြန်မာနိုင်ငံတဝန်းကို စက်တင်ဘာ ၇ ရက်နေ့ကစလို့ အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီး အချိန်ကာလအားဖြင့် ပြည်သူ့အုပ်ချုပ်ရေးအာဏာ ပြန်လည်ထူထောင်နိုင်တဲ့ အချိန်အထိ သတ်မှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားပါတယ်။