လာမယ့် ခရစ္စမတ်ပွဲတော်ရက်နဲ့ နှစ်ကူးပွဲရက်တွေမှာ လူစုလူဝေးနဲ့ ပွဲတော်တွေမကျင်းပကြဖို့ မန္တလေး ကက်သလစ် ဂိုဏ်းချုပ်ဆရာတော်က ညွှန်ကြား ထုတ်ပြန်ထားပါတယ်။
မန္တလေးကက်လသစ် ဂိုဏ်းချုပ်သာသနာရဲ့ အစိတ်အပိုင်းတချို့ဖြစ်တဲ့ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအတွင်းက ကက်သလစ်ဘာသာဝင်ဓမ္မမိတ်ဆွေတွေ ကြုံတွေ့နေရတဲ့ ဆင်းရဲဒုက္ခတွေကို စာနာထောက်ထား မျှဝေခံစားသောအားဖြင့် ပျော်ပွဲရွှင်ပွဲတွေ မပြုလုပ်ကြဖို့ မှာကြားတာ ဖြစ်ပါတယ်။
ခရစ္စမတ်နဲ့ နှစ်သစ်ကူးရက်မှာ ခရစ္စမတ်ကယ်ရယ်သီချင်းဆိုတာနဲ့ ခရစ္စမတ်ဓမ္မတေးသီချင်းတွေကို အသံချဲ့စက် (Sound-box)တွေနဲ့ ပွဲခံတာ၊ လူစုလူဝေးနဲ့ ပျော်ပွဲရွှင်ပွဲ၊ မိတ်ဆုံစားပွဲ၊ ဧည့်ခံပွဲကျင်းပတာတွေ မလုပ်ကြဖို့ ပန်ကြားထားပါတယ်။
ဒါ့အပြင် ဘုရားရှိခိုးကျောင်း၊ ခေါင်းလောင်းစင်၊ ကျောင်းပရဝဏ်၊ ဘုန်းတော်ကြီးကျောင်းနဲ့ သီလရှင်ကျောင်းတွေကို ပုံမှန်နှစ်တွေကလို မီးတွေ အလှပြင်ဆင်တာ၊ ပွဲတော်မြတ်နဲ့ ပတ်သက်တဲ့ ပုံရိပ်တွေကို လူမှုကွန်ယက်တွေမှာ မဖော်ပြဖို့လည်းမှာ ကြားတာဖြစ်ပါတယ်။
ဒါ့အပြင် နိုဝင်ဘာ ၂၇ ရက် စတင်မယ့် ခရစ်တော်ဘုရားမွေးနေ့တော်အတွက် ပြင်ဆင်ရာ အာဒ်ဝင်တူးအချိန်ကာလဖြစ်တဲ့ ပထမအာဒ်ဝင်တူးတနင်္ဂနွေနေ့မှစတင်ပြီး အာပတ်ဖြေတာ၊ မစ္ဆားနာယူ၊ ဘုရားဝတ်ပြုဆုတောင်းတာ၊ ကျမ်းစာဖတ်၊ တရားနာ၊ တရားထိုင်၊ ပုတီးစိပ်တာ ၊ဒုက္ခရောက်နေသူတွေကို ကူညီလှူဒါန်းတာတွေကိုလည်း ကက်သလစ်သာသနာ ညွှန်ကြားချက်နဲ့အညီ လုပ်ဆောင်ကြဖို့ ဆရာတော်က ပန်ကြားထားပါတယ်။
မြန်မာတစ်နိုင်ငံလုံး ထိန်းချုပ်လို့မနိုင်အောင် မြန်မြန်ဆန်ဆန် ပျံ့နှံ့နေတဲ့ ကိုဗစ်-၁၉ ကူးစက်ရောဂါရဲ့ တတိယမြောက်လှိုင်းနဲ့ ကြုံနေရတာကြောင့် ရောဂါတားဆီးကာကွယ်ရေး ပိုမိုအာရုံစိုက်ကြဖို့ မန္တလေးမှ ကက်သလစ်ဂိုဏ်းချုပ်ဘုန်းတော်ကြီး မာကိုတင်ဝင်းက ကက်သလစ်ခရစ်ယာန်ဘာသာဝင်တွေကို တိုက်တွန်းလိုက်ပါတယ်။
လက်ဆေးဖို့၊ မျက်နှာဖုံး နှာခေါင်းစည်းတပ်ဖို့၊ လူချင်းခွာနေဖို့၊ ဗိုင်းရပ်စ်အသစ်ဟာ အန္တရာယ်ရှိလို့ ကျန်းမာရေး၀န်ထမ်းတွေရဲ့ အကြံပြုချက်အတိုင်း တခြားအိမ်တွေကို လျှောက်မလည်ကြဖို့လည်း မှာကြားတယ်လို့ UCA ကတ်သလစ်သတင်းမှာ ဖော်ပြပါတယ်။
နိုင်ငံရေးမငြိမ်မသက်မှုတွေကြားထဲမှာ မသေချာမရေရာမှုတွေနဲ့ မလုံခြုံမှုတွေ ရှိနေပေမယ့်မျှော်လင့်ချက် မပျောက်စေဖို့နဲ့ သူတို့ရဲ့ ခိုင်မာတဲ့ယုံကြည်မှုကို ဆက်ထိန်းထားဖို့လည်း ဘုန်းတော်ကြီးက အားပေးတိုက်တွန်းပါတယ်။
မန္တလေး ဂိုဏ်းချုပ်ဘုန်းတော်ကြီးဟာ မကြာသေးခင်ကပဲ ကိုဗစ်လူနာတွေအတွက် အတော်များများ လိုအပ်နေတဲ့ အောက်ဆီဂျင်အိုးတွေ ကူညီနိုင်ဖို့ အဖွဲ့တဖွဲ့ ဖွဲ့ပေးထားပြီး အလှူဒါနတွေ ပေးလှူဖို့လည်း အသင်းသားတွေကို တောင်းဆိုထားပါတယ်။
ပုသိမ်မှ ခရစ်ယာန်အသင်း ဆရာတော် John Hsane Hgyi ကလည်း ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးအတွက် ဘုန်းတော်ကြီးတွေ၊ ဘာသာရေးသမားတွေနဲ့ ဒါယကာ၊ ဒါယိကာမတွေကို ဗိုင်းရပ်စ် အထူးသတိထားကြဖို့ တိုက်တွန်းခဲ့ပါတယ်။
“ကျန်းမာရေးစောင့်ရှောက်မှုအတွက် သင့်တော်တဲ့ ၀န်ဆောင်မှု မရှိဘူး၊ စေတနာ့ဝန်ထမ်းတွေ ကျန်းမာရေးလုပ်သားတွေမရှိဘူး။ ရောဂါကူးစက်မှုနှုန်း မြင့်တက်လာပြီး သေဆုံးသူဦးရေ တိုးလာတာကြောင့် သေစေနိုင်တဲ့ ဗိုင်းရပ်စ်ပိုးရဲ့အန္တရာယ်ကို သတိထားရမယ်”လို့ မိန့်မှာပါတယ်။
မေလကတည်းက အိန္ဒိယနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ချင်းပြည်နယ်ကစပြီး မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု မြင့်တက်လာတာကြောင့် ဘုရားကျောင်း အကြီးအကဲတွေ စိုးရိမ်ပူပန်နေတာပါ။
စစ်ကိုင်းတိုင်း ကလေးမြို့ ဒိုင်အိုဆီးစ်မှ ဘုန်းတော်ကြီး ၃ ပါးဟာ မေလနှောင်းပိုင်းက တပတ်အတွင်းမှာပဲ ကွယ်လွန်သွားကြပြီး သင်းအုပ်ဆရာတော် အတော်များများလည်း ရောဂါလက္ခဏာတွေ ခံစားနေကြရတယ်လို့ ဘုရားကျောင်းတာဝန်ရှိသူက ပြောပါတယ်။
ကိုဗစ်-၁၉ ကြောင့် လူပေါင်း ရာချီ သေဆုံးနေကြရပြီး ကလေးမြို့ရှိ ဆေးရုံတွေနဲ့ ဆေးကုသရေးစင်တာတွေမှာလည်း နေရာတွေပြည့်နေတာကြောင့် လူနာအတော်များများကို အိမ်မှာပဲ နေခိုင်းရတယ်လို့ မီဒီယာသတင်းတွေမှာ ဖော်ပြကြပါတယ်။
REF- UCA