မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ၈၆လမ်း (၂၁×၂၂) လမ်းကြားရှိ အောင်မြေသာစံမြို့နယ် သမဝါယမဦးစီးဌာနရှေ့ရှိ ကားတစီးပေါ်မှာ မေ ၁၀ ရက်က ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့တယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။
မနက် ၁၁ နာရီခွဲလောက်က သမဝါယမရုံးရှေ့ ရပ်ထားတဲ့ အဖြူရောင် ဆူဇူကီး ဟိုက်ဂျက်ကား နောက်ခန်းကို ဆိုင်ကယ်တစီးပေါ်ကနေ လက်ပစ်ဗုံးနဲ့ ပစ်ပေါက်ခဲ့တာပါ။
မန္တလေးမြို့ခံတဦးက “၈၆ လမ်း သမဝါယမရုံးအရှေ့နားမှာ ဖြစ်တာ၊ ဦးစီးမှူးကားပေါ် ပေါက်ကွဲတာလို့ ပြောတယ်။ မြင်ရသလောက်တော့ ဗုံးစံတွေက ကားနောက်ဘီးနဲ့ အကာတော့ ထိထားတယ်။ ၁၁ နာရီခွဲ ကျော်ကျော်ကလေးပဲ၊ လမ်းတော့ ခဏပိတ်ထားကြတယ်” လို့ ပြောပါတယ်။
လက်ပစ်ဗုံးပေါက်ကွဲမှုကြောင့် ကားညာဘက်ခြမ်း၊ နောက်ဘီးတာယာနဲ့ လေကာမှန် ထိမှန်ပျက်စီးသွားပြီး အဆိုပါကားဟာ သမဝါယမဦးစီးမှူးရဲ့ကား ဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ ဆူဇူကီးကားပေါ်ကို အမျိုးသား ၂ ဦးက တရုတ်ကြိုးဆွဲလက်ပစ်ဗုံးနဲ့ လာရောက်ပစ်ပေါက်တာလို့ ဖော်ပြထားပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားပြီးချိန် အောင်မြေသာစံရဲစခန်းက လာရောက်စစ်ဆေးသွားတယ်လို့ သိရပြီး လက်ပစ်ဗုံး ပေါက်ကွဲမှုကြောင့် လူထိခိုက်သေဆုံးမှု မရှိဘူးလို့ သိရပါတယ်။
မန္တလေး၊ မဟာအောင်မြေမြိုနယ် ၈၂ လမ်းနဲ့ ၄၂ လမ်းထောင့်မှာ ဧပြီ ၂၈ ရက် ည ၈ နာရီ လောက်က ဆိုင်ကယ်စီးလာတဲ့ အမျိုးသားနှစ်ယောက်ကို လူတစ်စုက ဓားနဲ့ထိုးပြီး ဆိုင်ကယ် လုယက်ခဲ့တဲ့အတွက် ဆိုင်ကယ်စီး အမျိုးသား ၁ ယောက် သေဆုံးပြီး ၁ ယောက် ဒဏ်ရာ ရခဲ့တယ်လို အနီးအနားနေထိုင်သူတွေက ပြောပါတယ်။
ဒေသခံတဦးက "ယောက်ျားလေးနှစ်ယောက် ဆိုင်ကယ်စီးလာတာ ဆိုင်ကယ်ကိုတားပြီး လူတ အုပ်က ဓားတွေနဲ့ ဝင်ခုတ်တာ တစ်ယောက်ကပွဲချင်းပြီးသေသွားတယ်။ နောက်တစ်ယောက်က တော့ ဒဏ်ရာရရှိသွားတယ်။ ဆိုင်ကယ်ကိုတော့ လုယူသွားကြတယ်"လို့ ပြောပါတယ်။
ဓားနဲ့ အထိုးခံရတဲ့အတွက် ဆိုင်ကယ်စီးလာသူ နှစ်ဦးအနက် တစ်ဦးဟာ ဆေးရုံကို ပို့ဆောင်တဲ့လမ်းမှာ သေဆုံးသွားပြီး နောက်တစ်ဦးကတော့ မစိုးရိမ်ရ ဒဏ်ရာနဲ့ ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို မဏိစလ(မန္တလေး) လူမှူကူညီရေးအသင်းက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ခိုးဆိုးလုယက် လူသတ်မှုတွေ နေ့စဉ်နဲ့အမျှ များပြားလာသလို နယ်မြေခံ လုံခြုံရေးတပ်ဖွဲတွေက ထိထိရောက်ရောက် မနှိမ်နင်းနိုင်တာကြောင့် ပြည်သူတွေရဲ့ ဘဝလုံခြုံမှု မရှိတော့တဲ့အပြင် လမ်းသွားလာတဲ့အခါ မိမိလုံခြုံရေးကို မိမိကိုယ်တိုင် အထူး ဂရုစိုက်ဖို့ လိုတယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။