close

မန်ခါးကျေးရွာ

close

September 29, 2021

မုံးကိုးမြို့နယ်က လက်နက်ကြီးကျည်ထိမှန်ခဲ့သည့် ၉ နှစ်အရွယ် ကလေးငယ် သေဆုံး

မုံးကိုးမြို့နယ်၊ ပူဝမ်ကျေးရွာအုပ်စု၊ မန်ခါးကျေးရွာမှာ လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရခဲ့တဲ့ ၉ နှစ်အရွယ် ကလေး စက်တင်ဘာ ၂၈ ရက်နေ့ ညနေ ၄ နာရီခွဲလောက်က ဆုံးပါးသွားခဲ့ပါတယ်။

ရွာခံတစ်ဦးက “ဆေးရုံကို ခေါ်သွားလို့ အဆင်မပြေလို့  မခေါ်သွားနိုင်ခဲ့ဘူး။ ၉ နှစ်အရွယ်  ကလေးက မာဘုံက။ မနေ့ည သေဆုံးသွားပြီ။ မနေ့ညနေပဲ သင်္ဂြိုဟ်လိုက်ပြီ" လို့ ပြောပါတယ်။ 

ဒေသရဲ့ စစ်ရေးတင်းမာမှု အခြေအနေ‌တွေနဲ့ ကိုဗစ်ရောဂါ ကန့်သတ်ချက်တွေကြောင့် ဆေးရုံ ဆေးခန်း သွားလာဖို့ ခက်ခဲတာလို့ ဆိုပါတယ်။ 

“အမေဖြစ်သူရဲ့ ခြေထောက်က ကျည်က ဒီနေ့မှ ထုတ်နိုင်မယ်။ ကိုးကန့်တွေ သူတို့ဆီမှာ ဆရာဝန် ပါလာ‌တယ် ပြောတယ်” လို့ သူက ထပ်မံရှင်းပြပါတယ်။

စက်တင်ဘာ ၂၇ ရက်နေ့ ည ၁၀ နာရီခန့်က ဖောင်းဆိုင်ဒေသကို သံလွင်မြစ် အရှေ့ဘက်ခြမ်း၊ လောက်ကိုင်ဘက်ကနေ စစ်ကောင်စီတပ်ဖွဲ့က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် နေအိမ်ပေါ်ကျ ပေါက်ကွဲခဲ့ကာ ဒေါ်လဘန်ရွယ်ကနဲ့ သားဖြစ်သူတို့ လက်နက်ကြီးကျည်စ ထိမှန် ပြင်းထန်ဒဏ်ရာရရှိခဲ့တာလည်း ဖြစ်ပါတယ်။  

စက်တင်ဘာလကုန်ပိုင်းမှာ စစ်ကောင်စီဘက်က ကိုးကန့် MNDAA တပ်ရှိရာဘက် အင်အားဖြည့် စစ်ကြောင်းတွေထိုးနေပြီး နှစ်ဘက် တပ်ကြား ကြိုကြားကြိုကြား တိုက်ပွဲ နေ့စဉ်နီးပါး ဖြစ်ပွားနေကြတာလို့ ဒေသခံတွေဆီက သိရပါတယ်။ 

စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား ပစ်ခတ်မှုတွေနဲ့ တိုက်ပွဲတွေ  ဖြစ်ပွားတာကြောင့် မုံးကိုးမြို့နယ်နဲ့ ကြူကုတ်(ပန်ဆိုင်း) မြို့နယ်မှာ စစ်ဘေးဒုက္ခသည် ၂၀၀၀ ကျော်ရှိရာ ကိုဗစ်ရောဂါ ကူးစက်ခံထားရသူတွေလည်း ရာချီရှိပြီး လက်နက်ကြီး ကျည်ထိမှန် သေဆုံးသွားတဲ့ အရပ်သား ပြည်သူ ၇ ဦး၊ မိုင်းနင်းမိ သေဆုံးသွားသူ ၁ ဦး ရှိပြီ ဖြစ်ပါတယ်။

8 mins Ago
Up