ဥရောပချန်ပီယံလိဂ်ပွဲစဉ်ကစားအပြီးမှာ ပေါ်တူဂီနိုင်ငံကနေ ပြန်သန်းလာခဲ့တဲ့ မန်စီးတီး အသင်းလေယာဉ်ဟာ ရာသီဥတုဆိုးရွားမှုကြောင့် လမ်းကြောင်းပြောင်း ဆင်းသက်ခဲ့ရပါတယ်။
မန်စီးတီးအသင်းဟာ ဗုဒ္ဓဟူးနေ့က စပို့တင်းလစ္စဘွန်းနဲ့ ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့မှာ ချန်ပီယံလိဂ် ပွဲစဉ်ကစားပြီးနောက် မန်ချက်စတာကို ပြန်လာခဲ့တာပါ။
လေဆိပ်ကို ဆင်းသက်ရာမှာ လေးပြင်းတိုက်ခတ်မှုကြောင့် မန်ချက်စတာလေဆိပ်ကို မဆင်းသက်နိုင်ခဲ့ဘဲ လီဗာပူးမြို့ကို ပြောင်းလဲဆင်းသက်ခဲ့ရတာပါ။
နည်းပြဂွါဒီယိုလာကတော့ အသင်းသားတွေ ဘာမှမဖြစ်အောင် လေယာဉ်ကို အကောင်းဆုံးထိန်းကျောင်းနိုင်ခဲ့တဲ့ လေယာဉ်မှူးကို ချီးကျူးစကားဆိုခဲ့ပါတယ်။
“လမ်းကြောင်း ပြောင်းလဲခဲ့ရတဲ့လေယာဉ်ကို ဗွီဒီယိုထဲမှာ ပြန်ကြည့်မှ ကျနော်တို့ လေယာဉ်ပေါ်မှာ တွေ့ကြုံရတာထက် ပိုပြီးကြောက်စရာကောင်းခဲ့တယ်။ လေယာဉ်က ဆောင့်တက်သွားပြီး အောက်ကိုပြန်ကျတယ်။ ပြီးတော့ အင်ဂျင်က ချက်ချင်းပြန်လည်စတင်ပြီး ထောင်တက်သွားခဲ့တယ်။ ကျနော်တို့မှာ ထူးချွန်တဲ့လေယာဉ်မှူးရှိခဲ့ပြီး သူက စိုးရိမ်မှုမရှိဖို့ ပြောခဲ့တယ်။ လေယာဉ်မှုးက ချီးကျူးစရာပါ။ ကျနော်တို့ အနည်းငယ်စိုးရိမ်သောက ခံစားခဲ့ရပေမယ့် အဆင်ပြေသွားတဲ့အပေါ် အားလုံးကိုကျေးဇူးတင်ပါတယ်။”
မန်စီးတီးဟာ စပို့တင်းလစ္စဘွန်းနဲ့ပွဲမှာ ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ ခဲ့ ပြီး ဒုတိယအကျော့ကို အိမ်ကွင်းမှာ ထပ်မံကစားရဦးမှာဖြစ်ပါတယ်။