မန်စီးတီးအသင်းဟာ အခုနှစ်ဘောလုံးရာသီမှာ ဆုဖလားသုံးလုံးရယူနိုင်ခဲ့မယ်ဆိုရင် ပေါင်သန်း ၃၀၀ နီးပါး အထိ ဆုကြေးရရှိဖို့ရှိနေပါတယ်။
မန်စီးတီးဟာ ပရီးမီးယားလိဂ်လက်ကျန် ၄ ပွဲအလိုမှာ အမှတ်ပေးဇယားကို ဦးဆောင်ထားသလို အက်ဖ်အေဖလားမှာလည်း ဗိုလ်လုပွဲရောက်နေတာပါ။
ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာလည်း ရီးရဲလ်အသင်းကို အဝေးကွင်းမှာ တစ်ဂိုးစီသရေကစားနိုင်ခဲ့ပြီး ဗိုလ်လုပွဲတက်ဖို့ ရေပန်းစားနေတာပါ။
ပရီးမီးယားလိဂ်မှာချန်ပီယံဖြစ်ခဲ့မယ်ဆိုရင် ဆုကြေး ပေါင် ၁၆၄ သန်းရရှိမှာဖြစ်ပြီး အက်ဖ်အေဖလားမှာ ချန်ပီယံဖြစ်ခဲ့ရင် ပေါင် ၃ ဒသမ ၉ သန်းရရှိမှာပါ။ ဥရောပချန်ပီယံလိဂ်မှာ ချန်ပီယံဖြစ်ခဲ့ရင်တော့ ဆုကြေးပေါင် ၁၁၇ ဒဿမ ၂ သန်း ဝန်းကျင်ရရှိနိုင်တာပါ။
ပြိုင်ပွဲသုံးခုက ဆုကြေးစုစုပေါင်းဟာ ပေါင် ၂၈၅ ဒသမ ၁ သန်းရှိနေပြီး ဖီဖာကမ္ဘာ့ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲကနေလည်း ပေါင်သန်း ၅၀ လောက် ထပ်မံရရှိနိုင်ပါသေးတယ်။
မန်စီးတီးဟာ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာကတည်းက ပေါင် ၆၉ ဒသမ ၆ သန်းဆုကြေးရရှိခဲ့ပြီး ၁၆ သင်းအဆင့်နဲ့ ကွာတားဖိုင်နယ်မှာလည်း ပေါင် ၂၀ ဒသမ ၃၇ သန်း ကျော်ရရှိခဲ့တာပါ။
ဆီမီးဖိုင်နယ်အဆင့်မှာ ပေါင် ၉ ဒသမ ၆သန်း၊ ဗိုလ်လုပွဲမှာ ပေါင် ၁၇ ဒသမ ၆၃ သန်းကျော်ရရှိမှာဖြစ်လို့ ချန်ပီယံလိဂ်မှာ ချန်ပီယံဖြစ်ရုံနဲ့ စုစုပေါင်း ပေါင်သန်း ၁၂၀ လောက်ရရှိမှာဖြစ်ပါတယ်။
၂၀၀၈ ခုနှစ်ဥရောပချန်ပီယံလိဂ် ချန်ပီယံမန်ယူအသင်းက ကစားသမားလေးယောက်သာ လက်ရှိ မန်စီးတီးအသင်းမှာ ကစားနိုင်စွမ်းရှိကြောင်း တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီကပြောပါတယ်။
မန်ယူအသင်းဟာ ၂၀၀၈ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ချဲလ်ဆီးအသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူဗိုလ်စွဲခဲ့တာပါ။
အဲဒီလူစာရင်းက ကစားသမားတွေဖြစ်တဲ့ ပေါလ်စခိုး၊ ဖာဒီနန်၊ ဗီဒစ်နဲ့ သူကိုယ်တိုင်လည်း လက်ရှိ မန်စီးတီးအသင်းမှာကစားနိုင်တဲ့ ခြေစွမ်းရှိတယ်လို့ တယ်လီဂရပ်သတင်းစာမှာ ရွန်းနီကပြောပါတယ်။
သူ့အနေနဲ့ ဒီဘရိုင်း၊ ဟာလန်းတို့နဲ့ တွဲဖက်ကစားရမှာကို သဘောကျကြောင်းလည်းရွန်းနီကပြောပါ တယ်။
ဒါပေမဲ့ စီရော်နယ်ဒို၊ တိဗက်ဇ်၊ ဗန်ဒါးဆား၊ အီဗရာ ကိုတော့ ဝိန်းရွန်းနီက ချန်လှပ်ခဲ့ပြီး လက်ရှိမန်စီးတီးအသင်းမှာ ကစားနိုင်တဲ့အရည်အချင်းမရှိကြောင်း အရိပ်အမြွက်ဆိုခဲ့တာပါ။
၂၀၀၈ ချန်ပီယံလိဂ်ချန်ပီယံမန်ယူအသင်းဟာ လီဗာပူးအသင်းနဲ့သာ နှိုင်းယှဉ်နိုင်ပြီး ထိပ်တိုက်တွေ့ဆုံရာမှာ မန်စီးတီးကိုအနိုင်ယူနိုင်ပေမဲ့ ဘောလုံးရာသီကုန်ဆုံးချိန်မှာတော့ မန်စီးတီးအသင်းပဲ ချန်ပီယံဖြစ် နိုင်ကြောင်း ဝိန်းရွန်းနီက နှိုင်းယှဉ်သုံးသပ်ခဲ့ပါတယ်။