close

မန်နီပတ်ကီယို

close

February 16, 2022

ရွေးကောက်ခံရပါက မူးယစ်တိုက်ဖျက်ရေး နည်းမှန်လမ်းမှန်လုပ်သွားမည်ဟု ပတ်ကွီယို ကတိပြု

ဖိလစ်ပိုင်လက်ဝှေ့အကျော်အမော်နဲ့ သမ္မတလောင်းကိုယ်စားလှယ် မန်နီပတ်ကွီယိုက သူသာ ရွေးကောက်ခံရရင်  လက်ရှိ ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူဒါတေရဲ့ သွေးစွန်းတဲ့ မူးယစ်စစ်ပွဲတွေကို နိုင်ငံတကာက စုံစမ်းစစ်ဆေးတာ ကြိုဆိုမယ်လို့ ပြောလိုက်ပါတယ်။

မူးယစ်တိုက်ဖျက်ရေးကို နည်းမှန်လမ်းမှန်နဲ့ တိုက်ပွဲဝင်ပြီး သံသယရှိသူတွေကို မျှမျှတတ တရားစီရင်မယ် ပြန်လည်ထူထောင်ရေး လုပ်ပေးမယ်လို့လည်း ဖေဖော်ဝါရီ ၁၄ ရက် လူတွေ့ မေးမြန်းခန်းအတွင်း သူက ကတိပြုလိုက်ပါတယ်။

ဒူဒါတေရဲ့ မူးယစ်စစ်ပွဲအတွင်း မူးယစ်ဆေးရောင်းဝယ်သူလို့ သံသယရှိသူတွေ ထောင်ချီ အသတ်ခံခဲ့ရတာပါ။

တရားဥပဒေစိုးမိုးရေးသမားတွေက မူးယစ်ဆေးနဲ့ ပတ်သက်သူတွေလို့ သံသယရှိသူတွေကို အကျဉ်းချုံး ကွပ်မျက်ခဲ့ကြတယ်လို့ လူ့အခွင့်အရေးအုပ်စုတွေနဲ့ ဝေဖန်သူတွေက ပြောခဲ့ပါတယ်။

ရဲတွေကတော့ သူတို့ သတ်ခဲ့သူတွေက လက်နက်ကိုင်ထားတဲ့အပြင် အဖမ်းမခံဘဲ အကြမ်းဖက် ခုခံခဲ့ကြတယ်လို့ ပြောပါတယ်။

အသက် ၄၃ နှစ်အရွယ် လွှတ်တော်အမတ် ပတ်ကွီယိုကတော့ ဒူဒါတေရဲ့ ရေပိုင်နက် ကာကွယ်ရေး ချဉ်းကပ်ပုံနဲ့ တောင်တရုတ်ပင်လယ်အရေး တရုတ်ကို ထိပ်တိုက်ရင်ဆိုင်ဖို့ ဒူဒါတေ ငြင်းဆန်ပုံကိုလည်း ဝေဖန်ခဲ့ပါတယ်။

ပတ်ကွီယိုက ပြဿနာကို ငြိမ်းချမ်းတဲ့ နည်းလမ်းတဆင့် ဖြေရှင်းဖို့ စီစဉ်ထားတယ်လို့ ပြောပေမဲ့ အကျယ်တဝင့်တော့ မပြောခဲ့ပါဘူး။

တချိန်က မနီလာမြို့တော် ဆင်းရဲသားရပ်ကွက်ကနေ လက်ဝှေ့ပညာ သင်ကြားခဲ့ရတဲ့ ပတ်ကွီယိုက ဝင်ငွေနိမ့် မဲရှင်တွေက သူ့ကို ရွေးကောက်ဖို့ အင်တိုက်အားတိုက် ထွက်လာကြလိမ့်မယ်လို့လည်း ပြောပါတယ်။

9 mins Ago
Up