မန်ချက်စတာယူနိုက်တက်နဲ့ ဒိန်းမတ်ကစားသမား အဲရစ်ဆန်ဟာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ မေ ၈ ရက်က ကျင်းပတဲ့ Laureus World Sports Award ကနေ ချီးမြှင့်တဲ့ World Comeback of the year ဆုကို ရရှိခဲ့ပါတယ်။
ဖင်လန်နဲ့ကစားခဲ့တဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲတုန်းက နှလုံးရောဂါပြဿနာကြောင့် ကွင်းထဲ လဲကျခဲ့ပြီးနောက်ပိုင်း နှလုံးစက်တပ်ဆင်ခဲ့ရတာကြောင့် ဘောလုံးသမားဘဝကနေ အနားယူဖို့ နီးစပ်ခဲ့ပေမဲ့ ဘောလုံးသမားဘဝကို ပြန်လည်ဖြတ်သန်းနိုင်ခဲ့တာကြောင့် ဒီဆုကို ချီးမြှင့်ခံခဲ့ရတာ ဖြစ်ပါတယ်။
“လွန်ခဲ့တဲ့ တနှစ်ခွဲက မယုံနိုင်လောက်အောင် အတက်အကျတွေ အများကြီးပါပဲ။ အကြီးမားဆုံးကျဆင်းမှုက အဲ့ဒီအချိန်မှာရောက်လာပြီး ကျနော့်ဘဝကို အဆိုးဆုံးဖြစ်အောင် ပြောင်းလဲလိုက်ပေမဲ့ ကံကောင်းထောက်မစွာဘဲ ဆရာဝန်တွေ၊ ဆေးမှူးတွေနဲ့ ကျနော့်ရဲ့ အသင်းဖော်တွေက မြန်မြန်ဆန်ဆန်တုံ့ပြန်ပြီး ကျနော့်ကို ပြန်ရခဲ့တယ်” လို့ အဲရစ်ဆန်က ဆုပေးပွဲမှာ ပြောကြားခဲ့ပါတယ်။
Laureus World Sport Award ကို ၁၉၉၉ ခုနှစ်က စတင်ချီးမြှင့်ခဲ့ပြီး တနှစ်တာလုံး အားကစားအောင်မြင်မှုတွေနဲ့အတူ အားကစားလောကမှ ကစားသမားတဦးချင်းနဲ့ အသင်းတွေကို နှစ်စဉ် ဂုဏ်ပြုချီးမြှင့်တဲ့ ဆုပေးပွဲဖြစ်ပါတယ်။