လာမယ့်ရာသီမှာ ဥရောပချန်ပီယံလိဂ်ဝင်ခွင့်ရရှိချင်ပြီး မန်ယူအသင်းနဲ့ ထိုက်တန်တဲ့နေရာလည်း ဖြစ်ကြောင်း ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က ပြောသွားပါတယ်။
မန်ယူအသင်းဟာ လက်ကျန် သုံးပွဲအလိုမှာ အဆင့်လေးနေရာမှာရပ်တည်နေဆဲဖြစ်ပေမဲ့ ပွဲစဉ်သုံးပွဲစလုံး အနိုင်ရအောင် ကစားနိုင်မှသာ ချန်ပီယံလိဂ်ဝင်ခွင့်သေချာမှာပါ။
အသင်းသားတွေအားလုံးက ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ဆန္ဒရှိကြသလို မန်ယူနိုက်တက်အသင်းဟာလည်း ဝင်ခွင့်ရရှိဖို့ ထိုက်တန်တဲ့အသင်းဖြစ်ကြောင်း၊ ကစားသမား တွေရဲ့ အဆင့်အတန်းဟာလည်း ချန်ပီယံလိဂ်ကစားခွင့်ရဖို့ ထိုက်တန်ကြောင်း ဖာနန်ဒက်စ်ကပြောပါတယ်။
လက်ရှိအခြေအနေရ ယူနိုက်တက်အသင်းအနေနဲ့ ထိပ်ဆုံးလေးသင်း စာရင်းဝင်နိုင်ဖို့ ကြိုးပမ်းနေရဆဲဖြစ်ပေမဲ့ အနာဂတ်မှာတော့ ခုထက်ပိုမိုကြီးမားတဲ့ အောင်မြင်မှုတွေအတွက် တိုက်ပွဲဝင် ကြိုးပမ်းသွားကြရမှာဖြစ်ကြောင်းလည်း ဖာနန်ဒက်စ်ကပြောသွားပါတယ်။
ဒီကနေ့မနက်အစောပိုင်း ယှဉ်ပြိုင်သွားတဲ့ ယူရိုပါလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်မှာ မန်ယူအသင်းက ဆီဗီလာကို အဝေးကွင်းမှာ သုံးဂိုးဂိုးမရှိနဲ့ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေထွက်ခဲ့ရပါတယ်။
ပထမအကျော့တုန်းက နှစ်ဂိုးစီသရေကျခဲ့တာဖြစ်ပြီး ဆီဗီလာအိမ်ကွင်းမှာ မန်ယူခံစစ်မှူး မက်ဂွဲယားနဲ့ ဂိုးသမားဒီဂီယာတို့ရဲ့ အမှားတချို့ကြောင့် သုံးဂိုးအထိပေးခဲ့ရတာပါ။
မန်ယူခံစစ်မှာ အမာခံဗဟိုနောက်ခံလူတွေဖြစ်တဲ့ ဗာရန်းနဲ့ မာတီနက်ဇ်တို့ မပါဝင်နိုင်ခဲ့တာက အားနည်းချက်ဖြစ်စေခဲ့ပြီး ဒဏ်ရာရနေတဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာလည်း ဒုတိယပိုင်းရောက်မှ လူစားဝင်ကစားခဲ့ရတာပါ။
ယူရိုပါလိဂ်ကနေထွက်ခဲ့ရတဲ့ မန်ယူအသင်းအတွက် အက်ဖ်အေဖလား ချန်ပီယံမျှော်လင့်ခွင့် ဆက်ရှိမှာဖြစ်ပြီး လာမယ့် ဧပြီ ၂၃ ရက်မှာ ဘရိုက်တန်အသင်းနဲ့ ဆီမီးဖိုင်နယ် ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။