close

မဘသ

close

February 22, 2023

ဦးဝီရသူ သာယာဝတီမြို့ကိုလာရောက်၊ လူငယ်များ စစ်ပညာသင်ရန် ဟောပြော

ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်မှာ မဘသဘုန်းကြီး ဦးဝီရသူက လူငယ်တွေ စစ်ပညာသင်ယူကြဖို့နဲ့ ပြည်သူ့စစ်အဖွဲ့တွေ ဖွဲ့ကြဖို့ လာရောက်ဟောပြော စည်းရုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဦးဝီရသူက စစ်ကားတွေနဲ့ ခြံရံရောက်လာကာ ဖေဖော်ဝါရီ ၁၉ ရက်က ဖားရွှေကျော်ရွာမှာ တရားဟောခဲ့သလို သာယာဝတီမှာတော့ နွယ်ခွေရပ်ကွက်၊ ဗားဂရာဘုန်းကြီးကျောင်း ထီးတင်ပွဲမှာ ဟောပြောသွားတာ ဖြစ်ပါတယ်။

သာယာဝတီမြို့ နွယ်ခွေရပ်ကွက်နေ ဒေသခံက “အဓိကဟောတာကတော့ လူငယ်တွေ ကိုယ့်ဒေသကို ကိုယ်ကာကွယ်ဖို့ သေနတ်ကိုင်ရမယ်၊ စစ်ပညာတွေသင်ရမယ်၊ ပြည်သူ့စစ်ဖွဲ့ရမယ် ဆိုတာတွေကို အဓိကဇောင်းပေး ဟောပြောသွားတာပဲ” လို့ ပြောပါတယ်။

သာယာဝတီမြို့နေသူတယောက်ကလည်း “သူ့ကို ဒေသတွင်းက (မဘသ) အဖွဲ့တွေ၊ (မဘသ) ဘုန်းကြီးတွေက သွားပင့်ကြတာ။ ကျောင်းထီးတင်ပွဲအတွက် သူနဲ့အတူ အဆိုတော် ဖြိုးမြတ်အောင်နဲ့ ခင်မိုးပန်းချီတို့ပါ ပါလာတယ်၊ စိန်ဟင်္သာဆိုင်းနဲ့၊ နောက်ရက်ကျတော့ သာယာဝတီထောင်ကိုလည်း သွားတယ်။ ထောင်က အကျဉ်းသား ၂,၀၀၀ ကျော်အတွက် ညနေစာ တနပ်စာ သိန်း ၃၀၊ ထောင်စာကြည့်တိုက်အတွက် တသိန်း၊ ထောင်ဝန်ထမ်းတွေကို မုန့်ဖိုး ၅,၀၀၀ ဆီ ပေးသွားတယ်။ ထောင်ထဲမှာ တရားဟောမဟောတော့ မသိဘူး” လို့ ပြောပါတယ်။

ဦးဝီရသူဟာ သာယာ၀တီမြို့မှာ ဖေဖော်ဝါရီ ၁၉ ရက်ကနေ ၂၁ ရက်အထိ  ၃ ရက်ကြာနေခဲ့ပြီး ဆရာစံ လယ်သမားတော်လှန်ရေး စတင်ခဲ့တဲ့ ဖားရွှေကျော်ရွာ၊ သာယာဝတီထောင်နဲ့ ဆရာစံပန်းခြံတွေကို သွားရောက်ခဲ့ပါတယ်။

၂၀၂၂ ခု အောက်တိုဘာလကလည်း နတ်တလင်းမြို့နယ်၊ တာပွန်မြို့က ဘုရားထီးတင်ပွဲကို ဒေသခံ မဘသအဖွဲ့တွေရဲ့ ဖိတ်ကြားချက်အရ ဦးဝီရသူဟာ စစ်ကောင်စီယာဉ်တန်းနဲ့ လိုက်လာခဲ့ပြီး ၉၆၉ တရား ဟောပြောခဲ့တဲ့ ရုပ်သံဖိုင်တွေ ထွက်ရှိခဲ့ပါတယ်။

12 hours Ago

February 20, 2023

သာကေတမြို့နယ်တွင် စစ်‌တပ်ထောက်ခံသူ ၁ ဦး ပစ်သတ်ခံရ

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ခိုင်ရွှေဝါလမ်းမဘေးက သောက်ရေကန်နားမှာ ဖေဖော်ဝါရီ ၁၉ ရက် ညနေ ၃ နာရီကျော်လောက်က စစ်တပ်ထောက်ခံသူ မဘသအဖွဲ့ဝင်အဖြစ်လူသိများတဲ့ နေမျိုးအောင် သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ဦးခေါင်းထိမှန်ဒဏ်ရာနဲ့ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ မဘသအသိုင်းအဝိုင်းကနေ သိရပါတယ်။

သာကေတမြို့နယ်၊ ၁၃ ရပ်ကွက်၊ သလ္လာဝတီ ၂ လမ်းမှာ နေထိုင်တဲ့ နေမျိုးအောင်ဟာ စစ်တပ်ထောက်ခံပွဲတွေမှာ မဘသခေါင်းဆောင် အဖွဲ့ဝင် တင်လင်းထိုက်နဲ့အတူ လူစုပေးတာ၊ သေနတ်ကိုင် လုံခြုံရေးယူ‌ပေးနေတာ ဖြစ်တဲ့အပြင် အဆိုပါရပ်ကွက်က လောင်းကစား လုပ်ငန်းတွေမှာလည်း လိုင်းကြေးတောင်းယူနေသူလို့ သိရပါတယ်။

“နေ့ခင်းကအထိ ဖုန်းအဆက်အသွယ်ရသေးတယ်။ တင်လင်းထိုက်၊ မှက်ကြီးနဲ့ နေမျိုးအောင်ကို ပစ်မယ်ဆိုတာ သတင်းကြိုရလို့ ရှောင်နေဖို့ပြောတာ။ ရတယ် ဘာမှမစိုးရိမ်နဲ့ သူပစ်ကိုယ်ပစ်ဆိုပြီး ပြန်ပြောခဲ့‌သေးတယ်။ လက်ဖက်ရည်ဆိုင် မထိုင်ဖို့တောင် သတိပေးခဲ့တာ။ ညနေ အပြင်ထွက်တဲ့လမ်းမှာ ကန်နားမှာ အပစ်ခံရတာလို့ ပြောတယ်။ ဖြစ်ဖြစ်ချင်း ဆေးရုံပို့ပေမဲ့ မမီတော့ဘူး” လို့ အင်းစိန်မြို့နယ် မဘသအဖွဲ့ဝင်တဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်က ဆူးလေ၊ မြို့တော်ခန်းမအ‌ရှေ့က စစ်တပ်ထောက်ခံပွဲမှာ ဒေါပုံ၊ သာကေတဘက်က စစ်ကောင်စီထောက်ခံသူတွေနဲ့ အတူတွေ့ခဲ့ရပြီး မဘသ နေမျိုးအောင်ကြောင့် သာကေတမြို့နယ်မှာ ဖမ်းဆီးခံရတဲ့ အရပ်သားလူငယ် ၅ ‌ယောက်ထက်မနည်း ရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မြို့ခံတဦးက “အခုမှမဟုတ်ဘူး၊ အာဏာမသိမ်းခင်ကတည်းက ရွေးကောက်ပွဲကို နှောင့်ယှက်ဖို့ ဆန္ဒပြတာလည်း သူတို့ပဲ။ အဲ့ကတည်းက တွင်ခုံကလုပ်ထားတဲ့ သေနတ်လိုဟာတွေ ကိုင်ထားတာ။ သူ့ရပ်ကွက်ထဲလည်း ရဲတောင် ဝင်မဖမ်းရဲဘူး။ ရပ်ကွက်လူမိုက်လို့ ပြောလို့ရတယ်။ လတိုင်း လိုင်းကြေးတွေကောက်ပြီး စားနေတာ။ မနှစ်က ၁ လပိုင်းလောက်က ရုံးခန်းက လူကြီးတဦး လက်ဖက်ရည်ဆိုင်ထိုင်ရင်း အပစ်ခံရတော့ နေမျိုးအောင် ဒလန်လုပ်လို့ ၁၃ ရပ်ကွက်ထဲက ၂ ယောက် အဖမ်းခံခဲ့ရဖူးတယ်။ မနေ့ညနေက ဆေးရုံတောင်မရောက်ဘူး သေပြီပြောတယ်။ အလောင်းက ရင်ခွဲရုံမှာ။ သူ့အိမ်ရှေ့မှာ မဏ္ဍပ်ထိုးထားတာ တွေ့တယ်။ စစ်တပ်ကတော့ တမြို့လုံးပိတ်ပြီး စစ်နေတယ်” လို့ ပြောပါတယ်။

မဘသနေမျိုးအောင် ပစ်ခတ်ခံရပြီးနောက်ပိုင်း သုဝဏ္ဏတံတား၊ ကမာကြည်တံတား၊ ရှုခင်းသာပတ်လမ်းနဲ့ မီးပွိုင့်တွေမှာ စစ်ကား ၃ စီးနဲ့ ပိတ်ဆို့စစ်ဆေးနေတယ်လို့ သိရပါတယ်။

3 days Ago
Up