close

မယ်ဆိုင်-တာချီလိတ် အမှတ် ၁ ချစ်ကြည်ရေးတံတား

close

May 12, 2022

မယ်ဆိုင်-တာချီလိတ် အမှတ် ၁ ချစ်ကြည်ရေးတံတား ဇွန် ၁ ရက်နေ့ ပြန်ဖွင့်မည်

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကြောင့် ၂ နှစ်ကျော် လူဝင်လူထွက် ပိတ်ပင်ထားခဲ့တဲ့ မယ်ဆိုင်-တာချီလိတ် ထိုင်း-မြန်မာ နှစ်နိုင်ငံ အမှတ်-၁ ချစ်ကြည်ရေးတံတားကို လာမယ့် ဇွန် ၁ ရက်နေ့ ပြန်ဖွင့်တော့မယ်လို့ မယ်ဆိုင်အကောက်ခွန်ဌာန လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် တံတားဖွင့်ဖို့ ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ မယ်ဆိုင်အကောက်ခွန်ဌာနမှူး နိုင်းအောင်အွန်ထဝီဆပ်နဲ့ အဖွဲ့သားတွေဟာ Custom Immigration Quarantine ဌာနနဲ့ ပူးပေါင်းပြီး ဒီကနေ့ မေ ၁၂ ရက်နေ့က အဆိုပါတံတားတဝိုက်မှာ Big Cleaning သန့်ရှင်းရေးအကြီးစား လုပ်ဆောင်နေကြပါတယ်။

ကိုဗစ်-၁၉ ရောဂါကြောင့် အမှတ် ၁ ချစ်ကြည်ရေးတံတားကို ၂ နှစ်ကျော် ပိတ်ပင်ထားပေမဲ့ နှစ်ဖက်နိုင်ငံ ကုန်စည်ဖလှယ်တဲ့ကားတွေနဲ့ ထိုင်းမှာ ပြစ်ဒဏ်ထိပြီး ပြန်လွတ်လာတဲ့ ပြည်တော်ပြန်တွေကိုတော့ အမှတ် ၂ ချစ်ကြည်ရေးတံတားကနေ သယ်ယူပို့ဆောင်ခွင့် ပြုထားပါတယ်။

ထိုင်းနိုင်ငံနဲ့ ထိစပ်နေတဲ့ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ မလေးရှား စတဲ့ နယ်စပ်ဒေသ ခရိုင် ၁၇  ခုက ဂိတ်ပေါင်း ၃၁ ဂိတ်ကို မေ ၁ ရက်နေ့မှာ စတင်ပြန်ဖွင့်ဖို့  ထိုင်းနိုင်ငံ ကိုဗစ်-၁၉ အခြေအနေ ထိန်းချုပ်ရေးဗဟိုကော်မတီက ခွင့်ပြုခဲ့ပေမဲ့ တာချီလိတ်-မယ်ဆိုင်ဂိတ် မပါခဲ့ပါဘူး။

မန်နေဂျာအွန်လိုင်းသတင်းမှာတော့ မယ်ဆိုင်-တာချီလိတ်ဂိတ် ပြန်ဖွင့်ဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြင်ဆင်ထားတဲ့ အခြေအနေ အစီရင်ခံစာ အထက်ကိုတင်ပြတာ နောက်ကျခဲ့လို့ မေ ၁ ရက်ဖွင့်ခွင့်ရ စာရင်းထဲ မယ်ဆိုင်ဂိတ်မပါတာလို့ ဆိုပါတယ်။

လာမယ့် ဇွန် ၁ ရက်နေ့မှာ အမှန်တကယ်ဖွင့်နိုင်၊ မဖွင့်နိုင်ဆိုတာတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

1 min Ago
Up