close

မယ်ဟောင်ဆောင်ခရိုင်

close

May 12, 2022

ထိုင်းသို့ တရားမဝင် ဝင်ရောက်သည့် မြန်မာ ၃၀၀ ခန့် ထပ်မံဖမ်းဆီးခံရ

ထိုင်းနိုင်ငံမှာ ခုရက်ပိုင်းတွင်းမှာ မြောက်ပိုင်းမယ်ဟောင်ဆောင်ခရိုင်၊ တာ့ခ်ခရိုင်၊ အနောက်ပိုင်း ပရကျူပ်ခီရီခန်နဲ့ အနောက်မြောက်ပိုင်း ကန်ကျနပူရီ စတဲ့ နယ်စပ်ဒေသဘက်ကနေ တရာမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား စုစုပေါင်း ၂၈၈ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

မယ်ဟောင်ဆောင်မှာဆိုရင် ဒီကနေ့ မေ ၁၂ ရက် မနက်က စစ်တပ်နဲ့ နယ်ခြားစောင့်ရဲတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ နယ်စပ်တလျှောက် လှည့်လည်စစ်ဆေးစဉ် ပန်မဖာ့မြို့နယ် နားပူပွမ့်အုပ်စု ဆောပဲကျေးရွာအနီး တောထဲမှာ လမ်းလျှောက်ပြီး ဝင်ရောက်လာတဲ့ မြန်မာ ၅၀ ဦးကို ဖမ်းဆီးရမိတယ်လို့ မယ်ဟောင်ဆောင်ဒေသတွင်း သတင်းမှာ ဖော်ပြပါတယ်။

ပရကျူပ်ခီရီခန်မှာတော့ မေ ၁၀ ရက်မှ  ၁၁ ရက်အတွင်း တရားမဝင် မြန်မာ အမျိုးသား ၈၉ ဦး၊ အမျိုးသမီး ၆၉ ဦး၊ စုစုပေါင်း ၁၅၈ ဦးကို လမ်းပြ ၂ ယောက်၊ ကား ၂ စီးနဲ့အတူ  ဖမ်းမိကြောင်း၊ သူတို့ကို ပရကျူပ်ခီရီခန်မြို့နယ် အောဝ်နွဲ့နဲ့ ဟွေဆိုင်းကျေးရွာအုပ်စုရှိ နေရာပေါင်း ၄ ခုကနေ ဖမ်းဆီးရမိခဲ့တာလို့ ထိုင်းစစ်တပ်သတင်းမှာ ဖော်ပြပါတယ်။

ကန်ကျနပူရီခရိုင်ထဲမှာလည်း မေ ၁၀ ရက်မှ ၁၁ ရက်အတွင်း အမျိုးသား ၃၉ ဦး၊ အမျိုးသမီး ၃၆ ဦး၊ စုစုပေါင်း ၇၅ ဦးကို လမ်းပြ ၁၀ ဦး၊ ကား ၅ စီးနဲ့အတူ ဖမ်းမိကြောင်း၊ သူတို့ကို ကန်ကျနပူရီမြို့နယ် ဘန့်ကောင်အုပ်စုနဲ့ ထောင်းဖာဖူးအုပ်စု၊ ဆိုင်းယုဒ်မြို့နယ် ပေါင့်တိအုပ်စု စတဲ့ ဒေသထဲက ၇ နေရာမှာ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

ပရကျူပ်ခီရီခန်နဲ့ ကန်ကျနပူရီမှာ ဖမ်းဆီးရမိသူတွေဟာ ပဲခူး၊ ရန်ကုန်၊ မန္တလေး၊ ထားဝယ်၊ မြိတ်၊ မကွေး၊ မော်လမြိုင် စတဲ့ဒေသကလာပြီး ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ အတွင်းပိုင်းမှာ အလုပ်သွားလုပ်ဖို့ ပွဲစားကို တဦး ဘတ် ၂၀,၀၀၀ မှ ၂၅,၀၀၀ ထိ ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

တာ့ခ်ခရိုင် မဲဆောက်မှာတော့ မေ ၁၁ ရက်က တရားမဝင် ဝင်လာတဲ့ မြန်မာအမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၂ ဦးကို ဖမ်းမိကြောင်း၊ သူတို့ဟာ သောင်ရင်းမြစ်ကိုဖြတ်ပြီး မဲဆောက်မြို့နယ် မယ်ကုအုပ်စု မယ်ကုလုံရွာအနီး တောထဲမှာ ခြေလျင်လျှောက်ဝင်လာစဉ် ဖမ်းမိတာလို့ မဲဆောက်ဒေသတွင်းသတင်းမှာ ဖော်ပြသွားပါတယ်။

မြန်မာအလုပ်သမားတွေအနေနဲ့ ထိုင်းနိုင်ငံထဲကို တရားဝင် အလုပ်ဝင်ရောက်နိုင်ဖို့  ထိုင်း-မြန်မာ နှစ်နိုင်ငံအစိုးရက MOU နှစ်နိုင်ငံသဘောတူစာချုပ် ချုပ်ဆိုထားပေမဲ့လည်း တရားမဝင် ဝင်ရောက်မှုတွေ ရှိနေဆဲဖြစ်ပြီး ဖမ်းဆီးခံရတာလည်း နေ့စဉ် ရာဂဏန်းထိ ရှိနေပါတယ်။

7 mins Ago

December 27, 2021

စစ်ဘေးတိမ်းရှောင်ရန် ထိုင်းကျောင်းသားနှင့် ဆရာများ ကြိုတင်လေ့ကျင့်

မြန်မာနယ်စပ်မှာ လတ်တလောဖြစ်ပွားနေတဲ့တိုက်ပွဲကြောင့်  ထိုင်းဘက်ခြမ်းကို လက်နက်ကျည် ကျရောက်လာပါကရှောင်တိမ်းနိုင်ဖို့ မယ်ဟောင်ဆောင်ခရိုင် မဲ့စရိန်းမြို့နယ်ထဲက ထိုင်းကျောင်း ဆရာနဲ့ ကျောင်းသားကျောင်းသူတွေ စစ်ရှောင်နည်း ကြိုတင် လေ့ကျင့်နေပါတယ်။

မဲ့စရိန်းမြို့နယ် မဲ့ယုမ်းကျေးရွာအုပ်စု ထာ့တာဖန်စာသင်ကျောင်းက ဆရာ၊ ဆရာမနဲ့ ကျောင်းသားလေးတွေဟာ လက်နက်သံကြားပြီး ဘေးလွတ်ရာအရပ်နဲ့ ဗုံးခိုကျင်းတွေထဲ ဝင်ပြေးနေတဲ့ပုံတွေကို Voice TV ထိုင်းသတင်းမှာ ဒီဇင်ဘာ ၂၆  ရက်က ဖော်ပြသွားတာပါ။ 

အဆိုပါလေ့ကျင့်ခန်းကို ထိုင်းစစ်တပ် အမှတ် ၃၆ ကွန်မန်ဒိုတပ်က ဦးဆောင် လေ့ကျင့်ပေးနေတာ ဖြစ်ပြီး အကျယ် ၈ မီတာ၊ အရှည် ၅ မီတာ နဲ့ အနက် ၂ မီ တာလောက်ရှိတဲ့ ဗုံးခိုကျင်းတွေကိုလည်း အမှန်တကယ်တူးထားကာ တိုက်ပွဲရှောင်ဖို့အတွက် ၃ ရက်စာ စားနပ်ရိက္ခာ အသင့်ပြင်ထားရမယ်လို့ ဆိုပါတယ်။ 

ထာ့တာဖန်ကျေးရွာဟာ သံလွင်မြစ်ကမ်းနဖူးပေါ်မှာတည်ရှိပြီး မြန်မာပြည်နဲ့ သံလွင်မြစ်ပဲ ခြားပါတယ်။ မြန်မာဘက်ခြမ်းမှာ  မြန်မာစစ်တပ်ရဲ့ တာ့ကဝင်းဂိတ် ရှိပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၀ ရက်က ကေအန်အယ်လ်အေနဲ့  စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပြီး ထာ့တာဖန်ရွာဘက်ကို လက်နက်ကြီး ၃ ခါ ကျရောက်လို့ ထိုင်းရွာသားတွေ ထွက်ပြေးခဲ့ရလို့ ထိုင်းစစ်တပ်က ထိုင်း-မြန်မာ နယ်ခြားကော်မတီထံ သတိပေးစာ ရေးသားပေးပို့ခဲ့ပါတယ်။

မြန်မာဘက်ခြမ်းနဲ့ နယ်စပ် ၄၈၃ ကီလိုမီတာ ရှည်လျားဆက်စပ်နေတဲ့ မယ်ဟောင်ဆောင်ခရိုင်မှာ ထိုင်းဘက်ခြမ်း လုံခြုံရေးအတွက် ထိုင်းစစ်တပ် အမှတ် ၇ ခြေလျင်တပ်ရင်းနဲ့ အမှတ် ၃၆ ကွန်မန်ဒိုတပ်က တာဝန်ယူ စောင့်ရှောက်နေတယ်လို့  ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

ကိုးကား-VoiceOnlineThailand

5 months Ago
Up