စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် မရကန်ကျေးရွာကို စစ်ကောင်စီတပ်က မတ် ၁၈ ရက် မနက်ပိုင်းမှာ ဝင်ရောက်မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မရကန်ကျေးရွာသားတဦးက “ဒီကောင်တွေ ရွာထဲမဝင်ခင်ကတည်းက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တရစပ်ပစ်ခတ်ပြီး ဝင်လာတာ။ ရွာသားတွေကတော့ သူတို့ ရွာထဲမရောက်ခင် အဝတ်တထည် ကိုယ်တခုနဲ့ ထွက်ပြေးကြရတယ်။ ရွာထဲသူတို့ရောက်ပြီး မကြာဘူး ရွာကို မီးရှို့ကြတယ်။ သူတို့ မီးရှို့လို့ နေအိမ် ၄ လုံးနဲ့ ယာစောင့်တဲ ၃ လုံး မီးလောင်ဆုံးရှုံးခဲ့ရတယ်။ ရွာမီးလောင်တော့ ရွာသားတွေ အရဲစွန့်မီးငြှိမ်းသတ်လို့ အခုလောက်ပဲ မီးလောင်ခဲ့ရတာ။ မီးလောင်တဲ့အထဲ လေဖြတ်ထားတဲ့ အဘိုးအိုတယောက် မီးထဲပါသွားတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က မီးရှို့ခဲ့တဲ့ မရကန်ရွာဟာ အိမ်ခြေ ၃၀၀ ကျော်ရှိတဲ့ ကျေးရွာတရွာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်တွေဟာ မရကန်ရွာကို မီးရှို့ခဲ့ပြီးနောက် တနယ်ရွာသစ်ကျေးရွာကိုလည်း ဝင်ရောက် ရှာဖွေဖျက်ဆီးတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ် အင်အား ၂၀၀ လောက် စစ်ကြောင်းထိုးနေတာကြောင့် မရကန်ကျေးရွာနားက ကျေးရွာတွေက ပြည်သူတွေလည်း နေရပ်စွန့်ခွာ ထွက်ပြေးရတယ်လို့ သိရပါတယ်။