မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမ၊ မရမ်းချောင်စစ်ဆေးရေးဂိတ် အနီး၊ ကုလားမကွေ့မှာ မေလ ၅ ရက် မနက်ပိုင်းက ဘုန်းကြီးကျောင်းကားတစီး တိမ်းမှောက်ခဲ့တာကြောင့် ၁ ဦးသေဆုံးပြီး ၃၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြို့ခံကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။
အဆိုပါ ကန်တာအမျိုးအစားကားဟာ ရန်ကုန်၊ သန်လျင်မြို့နယ်ကနေ မော်လမြိုင်၊ ဝါးပိုးကျေးရွာရှိ ပဋ္ဌာန်းပွဲနဲ့ ရေးမြို့၊ လမိုင်းရွာကို ဘုရားထီးတော်တင်သွားကြမှာဖြစ်ပြီး ရဟန်း၊ ကိုရင် အပါအဝင် ၃၄ ဦး လိုက်ပါလာကြတာပါ။
မြို့ခံကယ်ဆယ်ရေးအသင်း တာဝန်ခံတဦးက “အသင်းကားတွေနဲ့ အဲ့နားကကားတွေက ဆေးရုံလိုက်ပို့ပေးပါတယ်။ တဦးကတော့ Deadbody ဖြစ်သွားပါပြီ။ ကိုရင်တပါးရဲ့အမေလို့ ပြောတယ်။ အသက် ၃၀ လောက်ပဲ ရှိဦးမယ်။ ကားပေါ်မှာ ဦးဇင်းတွေ ကိုရင်တွေပါတယ်။ သန်လျင်ဘက်က ပရဟိတ ဘုန်းကြီးကျောင်းကလို့ ပြောတယ်” လို့ ပြောပါတယ်။
လမ်းအကွေ့မှာ ဘရိတ်နင်းရာကနေ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့တာကြောင့် ယာဉ်ခေါင်းခန်း၊ မှန်တွေပျက်စီးသွားပြီး ရဟန်း၊ ကိုရင် ၉ ပါးနဲ့ ကျား မ ၂၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပါတယ်။
အသက် ၃၀ အရွယ်ရှိ သေဆုံးသူ အမျိုးသမီးဟာ ကားပေါ်ပါ ကိုရင်တပါးရဲ့မိခင် ဖြစ်တယ်လို့ သိရပြီး သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေကို သိမ်ဇရပ်ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
ယာဉ်တိမ်းမှောက်တဲ့နေရာကို သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ကယ်ဆယ်ရေးအသင်း ၅ သင်း တို့က ကူညီကယ်ဆယ်ခဲ့ကြပြီး ဒဏ်ရာသက်သာသူတွေကို သန်လျင်မြို့နယ်ပြန်ဖို့ စီစဉ်ပေးထားတယ်လို့ သိရပါတယ်။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်စစ်ဆေးရေးဂိတ်မှာ ဇန်နဝါရီ ၁၈ ရက် ဒီနေ့မနက် ၉ နာရီခွဲက ၂၂ ဘီးယာဥ်တစီးပေါ်ကနေ ရိုဟင်ဂျာ ၆ ဦးနဲ့ ယာဥ်မောင်းကိုပါ စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီနေ့မနက်ပိုင်းက မရမ်းချောင်းစစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်နဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေဟာ ရန်ကုန်ကနေ မောင်းနှင်လာတဲ့ အဖြူရောင် ၂၂ ဘီးယာဥ်ကို စစ်ဆေးရာက ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ကားနောက်တွဲမှာ ခြံပုံစံလေးလုပ်ပြီး မိုးကာနဲ့အုပ်ထားတာ၊ အဲ့ဒီကတွေ့တာ၊ ယောက်ျားလေးတယောက် မိန်းကလေးငါးယောက်၊ ယာဥ်မောင်းကိုလည်း ဖမ်းထားတယ်။”
လတ်တလောမှာ ဖမ်းဆီးခံရတဲ့ ယာဥ်မောင်းဖြစ်သူ၊ ရိုဟင်ဂျာအမျိုးသားတဦးနဲ့ အမျိုးသမီးခြောက်ဦးကို စစ်ကောင်စီတပ်က ဘယ်ကိုခေါ်ဆောင်သွားတယ်ဆိုတာ မသိရဘူးလို့ မြို့ခံတွေဆီက သိရပါတယ်။
ဒီနေ့ဖမ်းဆီးရမိတဲ့ ရိုဟင်ဂျာ ၆ ဦး အပါအဝင် ဇန်နဝါရီ ၁ ရက်မှ ၁၈ ရက်အထိ ရန်ကုန်၊ ဟင်္သာတ၊ ပြည်တို့မှာ ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာဦးရေ အမျိုးသား ၁၂၂ ဦးနဲ့ အမျိုးသမီး ၇၀ စုစုပေါင်း ၁၉၂ ဦး ရှိပါတယ်။
ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာ ၁၉၂ ဦးထဲက သန်လျင်မြို့နယ် မြို့ဟောင်းအရှေ့ရပ်ကွက်မှာ ဇန်နဝါရီ ၂ ရက်က ဖမ်းမိခဲ့တဲ့ ရိုဟင်ဂျာ ၇၇ ဦးကို ဇန်နဝါရီ ၁၀ ရက်က သန်လျင်မြို့နယ် တရားရုံးကနေ လဝကဥပဒေပုဒ်မ ၆(၃) နဲ့ ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့ပါတယ်။
၂၀၂၂ ခုနှစ်အတွင်း ရန်ကုန်၊ ဧရာဝတီ၊ ရခိုင် အပါအဝင် မြို့နယ်တချို့မှာ ဖမ်းဆီးခံရသူ ရိုဟင်ဂျာဦးရေ ၂,၀၀၀ ကျော်ရှိပြီး သေဆုံးသူနဲ့ ထောင်ကျနေသူတွေလည်း ရှိပါတယ်။