မလေးရှားနိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူလာ ဆိုင်ဖူဒင်ရဲ့ ပြောကြားချက်တွေနဲ့ ပတ်သက်ပြီး ပြင်းထန်စွာ ကန့်ကွက်တဲ့ အကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ် ၁၂ ရက်မှာ ထုတ်ပြန်ပါတယ်။
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ဩဂုတ် ၈ ရက်က ကျင်းပတဲ့ အာဆီယံနေ့အခမ်းအနားနဲ့ ဩဂုတ် ၁၁ ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောကြားချက်နဲ့ ပတ်သက်ပြီး ကန့်ကွက်လိုက်တာဖြစ်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ မြန်မာအတိုက်အခံတွေနဲ့ ထိတွေ့ဆက်ဆံ ညှိနှိုင်းဆွေးနွေးမှုတွေလုပ်ဆောင်ကြဖို့ အာဆီယံအဖွဲ့ဝင်တွေကို မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်က တိုက်တွန်းပြောကြားခဲ့တာဖြစ်ပါတယ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး တာဝန်မဲ့ ပြောကြားချက်အပေါ် ပြင်းထန်စွာ ကန့်ကွက်ပါကြောင်း ဒီလို မဆင်မချင်ပြောကြားချက်တွေဟာ နိုင်ငံတွင်း မငြိမ်မသက်မှုနဲ့ အကြမ်းဖက် လုပ်ရပ်တွေကို အားပေးရာရောက်တဲ့အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ရာရောက်ပြီး ဒီပြောကြားချက်တွေဟာ အာဆီယံပဋိညာဉ်စာတမ်း အပိုဒ်(၂) အပိုဒ်ခွဲ (င)နှင့်(စ)ကိုလည်းကောင်း၊ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း၏ အပိုဒ်(၂) အပိုဒ်ခွဲ(၇)ကိုလည်းကောင်း ချိုးဖောက်ရာရောက်တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။
အာဆီယံက မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုအကူအညီများ ပေးအပ်တဲ့ လုပ်ငန်းစဉ်တွေမှာ မြန်မာနိုင်ငံက ပူးပေါင်းပါဝင်ခြင်း မရှိကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ စွပ်စွဲပြောဆိုမှုဟာလည်း မြန်မာနိုင်ငံအနေနဲ့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးဆိုင်ရာ အာဆီယံညှိနှိုင်းရေးဗဟိုဌာန (AHA စင်တာ) ကတဆင့် လူသားချင်းစာနာမှုအကူအညီတွေ ပေးအပ်ရာမှာ သိသာထင်ရှားတဲ့ တိုးတက်မှုများကို လျစ်လျူရှုရာရောက်တယ်လို့ဆိုပါတယ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးအနေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တဲ့ တာဝန်မဲ့ပြောကြားချက်တွေကို ထပ်ခါထပ်ခါပြောကြားနေမှုတဲ့အပေါ် နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ ပြင်းထန်စွာကန့်ကွက်ကြောင်းနဲ့ မလေးရှားနိုင်ငံခြားရေး ဌာနထံ ကန့်ကွက်စာ ပေးပို့ထားတယ်လို့လည်း စစ်ကောင်စီထုတ်ပြန်ချက်အရသိရပါတယ်။
Photo- MOFA
စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ လက်ရှိကြုံတွေ့နေရတဲ့ ပြဿနာတွေ အခြေအနေတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ဆန်းသစ်တဲ့နည်းလမ်းနဲ့ အဖြေရှာကြဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာက တိုက်တွန်း ပြောကြားလိုက်ပါတယ်။
အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ ကျင်းပနေတဲ့ အာဆီယံ-အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့အတူ တခြားမိတ်ဘက်နိုင်ငံတွေကပါ အရေးတကြီး ဝိုင်းဝန်းအဖြေရှာကြဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာက တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။
ဆိုင်ဖူဒင်က မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်နိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တို့ အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းတွေ အားလုံးပါဝင်မယ့် စေ့စပ်ညှိနှိုင်းဆွေးနွေးမှုတွေ ဆောင်ရွက်ဖို့ ဆန်းသစ်တဲ့နည်းလမ်းတွေကို ရှာဖွေကြဖို့လိုကြောင်း မလေးရှားက ထပ်မံအသိပေး တိုက်တွန်းပါတယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။
အာဆီယံ-အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး၊ ဆက်သွယ်ရေးနဲ့ ဆိုက်ဘာလုံခြုံရေး အစရှိတဲ့ တခြားသောနယ်ပယ်အမျိုးမျိုးမှာလည်း ပူးပေါင်းဆောင်ရွက်မှုတွေ တိုးချဲ့သွားဖို့ သဘောတူခဲ့ကြပါတယ်။
ကိုဗစ်-၁၉ ရောဂါနောက်ပိုင်း နိုင်ငံအသီးသီးမှာ ပြန်လည်ထူထောင်ရေးတွေ ဆောင်ရွက်နေကြရတဲ့အချိန်မှာ နည်းပညာဆိုင်ရာ ကွာဟချက်တွေကို ညှိနှိုင်းကာ ချိတ်ဆက်နိုင်ဖို့၊ လူ့စွမ်းအားအရင်းအမြစ်ကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ပြီး ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှု ဆောင်ရွက်နိုင်ဖို့၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ဆက်သွယ်ရေးတို့မှာ ရေရှည်ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ပိုမိုကောင်းမွန်ချောမွေ့လာအောင် ဆောင်ရွက်နိုင်ဖို့တို့ အရေးကြီးတယ်လို့လည်း မလေးရှားဝန်ကြီးက ပြောခဲ့ပါတယ်။
အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အိန္ဒိယနိုင်ငံနဲ့အတူ ပူးပေါင်းကာ ကုန်သွယ်ရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနဲ့ ကာလကြိုရောင်းဝယ်မှု သဘောတူစာချုပ်တွေ အားကောင်းလာဖို့ အကောင်းဆုံးအခြေအနေ ဖြစ်လာအောင် ဆောင်ရွက်သွားကြဖို့ လိုကြောင်းလည်း ဝန်ကြီး ဆိုင်ဖူဒင်က ပြောခဲ့ပါတယ်။
အာဆီယံ-အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးကို အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ ဇွန် ၁၆ ကနေ ၁၇ ရက်အထိ ၂ ရက်တာ ကျင်းပနေတာဖြစ်ပြီး မြန်မာစစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီးကိုတော့ အစည်းဝေးတက်ဖို့ အိန္ဒိယအစိုးရက ဖိတ်ကြားခဲ့ခြင်း မရှိပါဘူး။