close

မလေးရှားနိုင်ငံ

close

June 14, 2022

မလေးရှားနိုင်ငံတဝန်း ဆီအုန်းခြံများတွင် လုပ်သားရှားပါးမှု ကြုံတွေ့နေရ

ကမ္ဘာ့ဒုတိယအကြီးဆုံး ကုန်စည်ထုတ်လုပ်သူ မလေးရှားနိုင်ငံမှာ ဆီအုန်းခြံပိုင်ရှင်တွေဟာ နိုင်ငံတဝန်း လုပ်သားရှားပါးမှုကို ကာလကြာရှည် ကြုံတွေ့နေရပါတယ်။

ရွှေ့ပြောင်းလုပ်သား ရှားပါးပြတ်လပ်မှုဟာ စက်မှုလုပ်ငန်းတွေ၊ ကုန်ထုတ်လုပ်ငန်းတွေကနေ ဆောက်လုပ်ရေးနဲ့ စိုက်ပျိုးရေးအထိ သက်ရောက်နေတာပါ။

“အရင်က ကျနော်တို့ တလနှစ်ကြိမ်ခူးနိုင်တယ်၊ ခုတော့ တလတကြိမ်ပဲ။ သီးနိုင်စွမ်းအရ ကျနော်တို့ တခါခူးရင် တန်ချိန် ၂၅၀ လောက်ထိ ရနိုင်တယ်။ တကယ်လို့ အလုပ်သမားတွေ ပိုရှိလာရင် ကျနော်တို့ တန်ချိန် ၃၀၀ ကျော်လောက် ရနိုင်လိမ့်မယ်။ ခုတော့ တန် ၅၀ လောက် ဆုံးရှုံးတာပေါ့” လို့ ဆီအုန်းခြံရှင် မို့ဒ် ရှာဝါ ဟေးဇမ် ရှေးဖေးက ပြောပါတယ်။

မလေးရှားနိုင်ငံရဲ့ ကုန်ထုတ်လုပ်ငန်း၊ စိုက်ခင်းနဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ အလုပ်သမား ၁.၂ သန်း ထက်မနည်း လိုအပ်နေတာပါ။

ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်တွေ ဖြေလျှော့ပေးလို့ ၀ယ်လိုအား များလာတာနဲ့အမျှ လုပ်သားလိုအပ်ချက်က နေ့စဥ် ပိုဆိုးလာနေတယ်လို့ အစိုးရ သတင်းအချက်အလက်တွေက ပြထားပါတယ်။

လုပ်သားရှားပါးမှု ဆက်ရှိနေရင် ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်ပြတ်တောက်မှု၊ ရုရှား-ယူကရိန်း စစ်ပွဲနဲ့ ပြိုင်ဘက်အင်ဒိုနီးရှားရဲ့ ဝါဒတွေကြောင့် ကုန်ပစ္စည်း စျေးတက်တာကို အသုံးချနိုင်မှာ မဟုတ်ဘူးလို့ လေ့လာဆန်းစစ်သူတဦးက သတိပေးခဲ့ပါတယ်။ 

ဆီအုန်းစိုက်ပျိုးသူတွေဟာ နောက်ထပ်ဝင်ငွေ ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းထိ လျော့သွားနိုင်တယ်ဆိုတာ မလေးရှား ဆီအုန်းကောင်စီ MPOC က ပြောကြားထားပါတယ်။

ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်ရဲ့ အဓိကအချက်အချာဖြစ်တဲ့ အရှေ့တောင်အာရှနိုင်ငံ မလေးရှားဟာ  သူ့ရဲ့ စိုက်ခင်းတွေအတွက်သာမက ဆီမီးကွန်ဒတ်တာချစ်ပ်တွေနဲ့ ဆေးဘက်ဆိုင်ရာ လက်အိတ်တွေလို ကုန်ပစ္စည်းတွေ ထုတ်လုပ်ဖို့ သန်းချီတဲ့ ရွှေ့ပြောင်းလုပ်သား တွေအပေါ်  မှီခိုနေရပါတယ်။ 

လုပ်သားရှားပါးမှုဟာ မလေးရှားရဲ့ ၀င်ငွေ ပမာဏကို ဒီထက်ပိုပြီး ဆိုးရွားလာစေနိုင်တယ်လို့ နိုင်ငံရေး စွန့်စားရမှု အတိုင်ပင်ခံဌာန  BowerGroupAsia ရဲ့ အကြီးတန်း အကဲဖြတ် အာရီနာ နက်ဂျ်ဝါ အာမဒ် ဆာအိက ပြောပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နိုင်ငံခြားသား လုပ်သားခေါ်ယူမှု ရပ်ဆိုင်းထားတာကို ဖေဖော်ဝါရီ လထဲမှာ ပြန်ပြီး ရုပ်သိမ်းခဲ့ပါတယ်။ ဒါပေမယ့် အလုပ်သမား အကာအကွယ်ပေးရေးအတွက် အင်ဒိုနီးရှားနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရတွေနဲ့ နှစ်ရှည်လများ စေ့စပ်ညှိနှိုင်းနေပေမယ့် မလေးရှား အစိုး်ရဲ့ ခွင့်ပြုချက်တွေ နှေးကွေးနေတာတွေကြောင့် ရွှေ့ပြောင်းအလုပ်သမားတွေ သိသိသာသာ ပြန်မလာကြသေးဘူးလို့ စက်မှုအသင်းအဖွဲ့တွေ၊ ကုမ္ပဏီတွေနဲ့ သံတမန်တွေက ပြောခဲ့ကြပါတယ်။ 

5 mins Ago

January 20, 2022

ပွဲစားခဘတ် ၅ သောင်းစီပေးပြီး ထိုင်းဘက်ခိုးဝင် မြန်မာ ၃၀ ကျော်ကို ကင်းလှည့်တပ်ဖွဲ့ ဖမ်းဆီး

ထိုင်းနိုင်ငံကတဆင့် မလေးရှားနိုင်ငံဆီ အလုပ်သွားရောက်လုပ်ကိုင်ဖို့ တရားမဝင်နယ်စပ် ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၃၁ ယောက်ကို ဆာဒေါင်ခရိုင်နယ်စပ်မှာ ကင်းလှည့်တပ်ဖွဲ့က ဖမ်းမိခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

ဖမ်းမိခဲ့သူတွေထဲမှာ အမျိုးသား ၂၅ ယောက်နဲ့ အမျိုးသမီး ၆ ယောက်ပါဝင်ပြီး မြောင်းတခုထဲ ပုန်းနေချိန်မှာ စစ်သားတွေ၊ ရဲတွေနဲ့ ဒေသတွင်း တာဝန်ရှိသူတွေ ပူးပေါင်းပါဝင်တဲ့ ကင်းလှည့်တပ်ဖွဲ့က ဇန်နဝါရီ ၁၉ ရက် ည ၁၀ နာရီခွဲလောက်မှာ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

ရဲစခန်းကို ပို့ဆောင်စစ်ဆေးမှုတွေ လုပ်ဆောင်ချိန်မှာတော့ သူတို့ဟာ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ကနေ မလေးရှားနိုင်ငံမှာ အလုပ်ရမယ်ဆိုတဲ့ ကတိနဲ့ မဲဆောက်ဘက်ကို တောလမ်းကနေ ဖြတ်ကူးခဲ့တာဖြစ်ကြောင်း၊ အဲဒီကနေတဆင့် ပစ်ကပ်ကားတစီးနဲ့ ထိုင်းတောင်ပိုင်း၊ ဟတ်ရိုင်မြို့ဆီ ပို့ဆောင်ခဲ့တာလို့ ပြောပါတယ်။

အဲဒီနောက်မှာတော့ ဟတ်ရိုင်ကနေ နောက်ထပ်ကားတစီးနဲ့ ဆာဒေါင်နယ်စပ်ကို ပို့ဆောင်ခဲ့ပြီး မလေးရှားနိုင်ငံထဲ ဝင်ရောက်ဖို့ စောင့်ခိုင်းထားခဲ့တာလို့ ဆိုပါတယ်။

ခုလိုသွားရောက်နိုင်ဖို့အတွက် တယောက်ကို ပွဲစားခဘတ် ၅ သောင်းစီ ပေးခဲ့ကြရပြီး စား သောက်ဆိုင်တွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ အလုပ်လုပ်ကိုင်ရမယ်လို့ ပြော ထားခဲ့တာလို့ ဆိုပါတယ်။

လတ်တလောမှာတော့ ရဲတွေက သူတို့ကို လူကုန်ကူးမှု ကွင်းဆက်သံသယနဲ့ ဖမ်းဆီးထိန်း သိမ်းထားပြီး ဒီဖြစ်စဉ်မှာ ထိုင်း၊ မလေးရှားနဲ့ မြန်မာတာဝန်ရှိသူတွေ ပါဝင်နိုင်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေကို ဉပဒေအရ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ပြီး နေရပ်ပြန်ပို့တာတွေ မလုပ်ဆောင်ခင် ကိုဗစ်-၁၉ ရောဂါရှိမရှိ စစ်ဆေးတာတွေကိုလည်း လုပ်ဆောင်သွားမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

5 months Ago
Up