close

မလေးရှားရွေးကောက်ပွဲ

close

November 20, 2022

မလေးရှားရွေးကောက်ပွဲ မဟာသီယာ ရှုံးနိမ့်

မလေးရှားနိုင်ငံမှာ နိုဝင်ဘာ ၁၉ ရက်က ကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲမှာ မလေးရှား ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက် အံ့အားသင့်စရာ ရှုံးနိမ့်ခဲ့ပါတယ်။

ဒါဟာ တိုင်းပြည်ရဲ့ စီးပွားရေးကို ပြုပြင်ပြောင်းလဲရာမှာ သူ့ရဲ့အမွေအနှစ်ကို လွှမ်းမိုးသွားနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ လေ့လာသူတွေက ပြောပါတယ်။ 

စိုက်ပျိုးမွေးမြူရေးကို မှီခိုနေရာက မလေးရှားနိုင်ငံရဲ့ စီးပွားရေးကို စက်မှုထွန်းကားရေးနှင့် ကုန်ထုတ်လုပ်ငန်းဆိုင်ရာ နယ်ပယ်တွေမှာ ပိုတိုးတက် ကောင်းမွန်လာစေဖို့ အားထုတ်ခဲ့တဲ့ အသက် ၉၇ နှစ်အရွယ် မဟာသီယာကို ပညာရှင်တွေက အသိအမှတ်ပြုခဲ့ကြပါတယ်။

ဒါပေမယ့် ဒီနေ့မလေးရှားမှာ အကျင့်ပျက်ခြစားမှု အခြေအနေတွေ လှိုင်းထနေတဲ့  အာဏာရ ပါတီဟောင်းရဲ့ ခေါင်းဆောင်မှုမှာ စုစည်းထားတဲ့ အာဏာကို ကျင့်သုံးရင်း လူမျိုးရေးအခြေခံတဲ့ မူဝါဒတွေ ချမှတ်ရင်း သဘောထားကွဲလွဲနေတဲ့ ပုဂ္ဂိုလ်တဦးအဖြစ် မဟာသီယာကို ကျွမ်းကျင်သူ တွေက ထောက်ပြခဲ့ပါတယ်။

မလေးရှားနိုင်ငံရဲ့ ၁၅ ကြိမ်မြောက် အထွေထွေရွေးကောက်ပွဲမှာ (GTA) ညွန့်ပေါင်းအဖွဲ့ကို ဦးဆောင်ခဲ့တဲ့ ဒေါက်တာ မဟာသီယာဟာ သူ့ရဲ့ လန်ကာဝီ ထိုင်ခုံကို ကာကွယ်ဖို့ ပျက်ကွက်ခဲ့ပြီး သူ့ရဲ့ ၅၃ နှစ်အတွင်း ပထမဆုံးအနေနဲ့ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပါတယ်။ 

ပေရီကာတန် နာရှင်နယ် ပါတီက မိုဟာမဒ် အယ်လ်ဆူဟိုင်မီ အဗ္ဗဒူလာက မဲ အနိုင်ရခဲ့ပါတယ်။ 

2 hours Ago

November 8, 2022

အန်နဝါအီဘရာဟင်နှင့် လက်တွဲလုပ်ဆောင်ရန် လမ်းဖွင့်ထားဟု မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာပြော

မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်ဟာ အစိုးရဖွဲ့ဖို့ သူ့ပြိုင်ဘက် အန်နဝါ အီဘရာဟင် ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့နဲ့ လက်တွဲလုပ်ဆောင်ဖို့ ဆန္ဒရှိလာနိုင်ကြောင်း နိုဝင်ဘာ ၈ ရက်က ပြောကြားလိုက်ပါတယ်။

ဒါပေမဲ့ သူ့ရဲ့ ကာလကြာရှည် ရန်သူတော်ကြီးကို ဝန်ကြီးချုပ်အဖြစ် လက်ခံမှာလား ဆိုတဲ့အပေါ် သီးသန့်အစီအစဉ်တွေ ရှိမယ်လို့လည်း ထုတ်ဖော်ပြောဆိုပါတယ်။

မလေးရှားကို နှစ် ၂၀ ကျော်ကြာ ဦးဆောင်ခဲ့တဲ့ အသက် ၉၇ နှစ်အရွယ် မဟာသီယာ ဟာ လာမယ့် နိုဝင်ဘာ ၁၉ ရက် အထွေထွေရွေးကောက်ပွဲမှာ လက်ရှိဝန်ကြီးချုပ် အစ္စမေးလ် ဆာဘရီ ယာကော့ဘ် ဦးဆောင်တဲ့ ကာလရှည် အာဏာရ ဘီအန်ပီပါတီကို ဖြုတ်ချဖို့ ကြိုးစားနေတဲ့ အတိုက်အခံ ညွန့်ပေါင်း ၃ ခုထဲက ၁ ခုကို ဦးဆောင်နေတာပါ။

ဝန်ကြီးချုပ်ဖြစ်ဖို့ကို စွဲလမ်းနေတယ်လို့ အန်နဝါကို အရင်က စွပ်စွဲခဲ့ဖူးတဲ့ မဟာသီယာက ပါတီတွေဟာ ဝန်ကြီးချုပ်ဖြစ်လာမယ့်သူအရေး ဆွေးနွေးဖို့ လိုအပ်ပေမဲ့လည်း သူက အန်နဝါရဲ့ မဟာမိတ်တွေနဲ့ လက်တွဲလုပ်ဆောင်ဖို့ လမ်းဖွင့်ထားတယ်လို့ ပြောဆိုခဲ့ပါတယ်။

ရွေးကောက်ပွဲရလဒ်တွေ မထွက်လာခင်မှာ ဝန်ကြီးချုပ်ရာထူးအတွက် ကိုယ်စားလှယ်လောင်းအဖြစ် တောင်းဆိုမှုကို သဘောမတူကြောင်းလည်း မဟာသီယာက ပြောပါတယ်။

အန်နဝါကတော့ ပြီးခဲ့တဲ့တပတ်က ရိုက်တာနဲ့ အင်တာဗျူးတခုမှာ မဟာသီယာနဲ့ တခြားမဟာမိတ်အဖွဲ့တွေနဲ့ လက်တွဲလုပ်ဆောင်ဖို့ကို ငြင်းဆိုထားပြီး အခြေခံကျကျ ကွဲပြားမှုတွေ ရှိနေတယ်လို့ အခိုင်အမာ ပြောကြားထားတာပါ။

ဒီရွေးကောက်ပွဲဟာ အစိုးရဖွဲ့ဖို့ လိုအပ်တဲ့ အမြင့်ဆုံးမဲအရေအတွက်ကို ရနိုင်ခြေရှိတဲ့ ပါတီတခုတည်း သို့မဟုတ် အစုအဖွဲ့တခုခု မရှိကြတာကြောင့် အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့်ပွဲ ဖြစ်နိုင်ကြောင်း လေ့လာသုံးသပ်သူတွေနဲ့ သဘောထားစစ်တမ်းတွေက ဆိုပါတယ်။

2 weeks Ago
Up