ရာသီဥတုပူပြင်းမှုကြောင့် မလေးရှားမှာကျောင်းတွေပိတ်ထားရတယ်လို့ ပညာရေးဒုဝန်ကြီး လင်ဟူရင်းက မေလ ၃ ရက်မှာ ပြောကြားခဲ့ပြီး New Straits times အရဝန်ကြီးဌာနက ကျောင်းပြင်ပလှုပ်ရှားမှုအားလုံးကို ယာယီရပ်ဆိုင်းထားဖို့ အမိန့်ထုတ်ထားပါတယ်။
ကျောင်းအုပ်ချုပ်သူတွေဟာ ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ထားပြီး နေ့စဉ် ရာသီဥတုအခြေအနေကိုလည်း ဆက်တိုက်စောင့်ကြည့်နေရမယ်လို့ သူကဆိုပါတယ်။
"ကျနော်တို့ရဲ့လမ်းညွှန်ချက်တွေအရ အပူချိန် ၃၇ ဒီဂရီ စင်တီဂရိတ် သုံးရက်ဆက်တိုက် ကျော်လွန်နေသမျှ ကာလပတ်လုံး ပြည်နယ်ပညာရေးဌာနက ကျောင်းတွေကို စောင့်ကြည့်ပြီး ပိတ်ပေးမယ်" လို့ ပညာရေးဒုဝန်ကြီးက ပြောကြားခဲ့ပါတယ်။
ပညာရေးဝန်ကြီးဌာနဟာ နေ့စဉ်အပူချိန်ကို စောင့်ကြည့်တာအပြင် ဘေးကင်းရေး အစီအမံ လမ်းညွှန်ချက်တွေကိုလည်း ချမှတ်ထားပြီးဖြစ်ကြောင်း ဒေသတွင်းမီဒီယာတွေက ဖော်ပြပါတယ်။
မလေးရှားနိုင်ငံ ဒေသတချို့မှာ ကာလကြာရှည် ရာသီဥတုပူပြင်းနေချိန်မှာ ကျောင်းသားနဲ့ဆရာတွေကို အားကစားဝတ်စုံတွေ ဝတ်ဆင်ဖို့ ပညာရေးဝန်ကြီးဌာနက ခွင့်ပြုပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က မလေးရှားကျန်းမာရေးညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မိုဟာမက်က နိုင်ငံတွင်း အပူနဲ့ဆက်နွှယ်တဲ့ ဖျားနာမှု စုစုပေါင်း ၅ ခုကို တွေ့ရှိထားကြောင်း ပြောကြားခဲ့ပါတယ်။
မလေးရှားနိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းမှာ မေလ ၁ ရက်က ဂါဘွန်နိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ ရေနံတင်သင်္ဘော မီးလောင်ခဲ့ပြီးတဲ့နောက် အမှုထမ်းသုံးဦး ပျောက်ဆုံးနေတယ်လို့ မလေးရှား ရေကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
ဒီရေနံတင်သင်္ဘောဟာ အမှုထမ်း ၂၈ ဦးနဲ့အတူ တရုတ်နိုင်ငံကနေ စင်ကာပူကို လာတာလို့ မလေးရှား ရေကြောင်းထိန်းသိမ်းရေးအေဂျင်စီ (MMEA) က ပြောပါတယ်။
သင်္ဘောသား ၂၃ ဦးကို MMEA နဲ့ အနီးနားက ရေယာဉ်တွေက ကယ်ဆယ်နိုင်ခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။ သင်္ဘောပေါ်မှာ သင်္ဘောသားတွေ ကျန်မကျန် ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ဒေသစံတော်ချိန် ညနေ ၄ နာရီလောက်မှာ ရေနံတင်သင်္ဘော မီးလောင်မှုနဲ့ ပတ်သက်ပြီး သတိပေးချက် ရရှိပြီးတဲ့နောက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို စတင်ဆောင်ရွက်ခဲ့တယ်လို့ MMEA က ပြောပါတယ်။
အခင်းဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေတယ်လို့ ရေကြောင်း အေဂျင်စီက ပြောပါတယ်။
သီးခြားထုတ်ပြန်ချက်တစ်ရပ်မှာ စင်ကာပူရေကြောင်းနဲ့ ဆိပ်ကမ်းအာဏာပိုင်တို့က မီးလောင်ခံ သင်္ဘောနာမည်ကို ပါဘလိုလို့ ဖော်ပြထားပါတယ်။
သင်္ဘောရဲ့ သတင်းအချက်အလက်တွေအရ မာရှယ်ကျွန်းစုမှာ အခြေစိုက်တဲ့ Pablo Union Shipping ဟာ သင်္ဘောပိုင်ရှင်လို့ သိရပြီး မှတ်ချက်ပေးဖို့ ဆက်သွယ်လို့ မရသေးပါဘူး။ သင်္ဘောရဲ့ အာမခံ ကုမ္ပဏီ ဘယ်သူဘယ်ဝါဆိုတာ မသိရသေးပါဘူး။