close

မသီတာ(စမ်းချောင်း)

close

May 26, 2022

ပြည်သူလူထုဟာ ဘာလဲ… စတေးခံလား၊ လိုရာသုံးလား၊ အဆုံးဖြတ်ပေးနိုင်သူလား

နိုင်ငံရေးအကျပ်အတည်းတကာ့ အကျပ်အတည်းအားလုံးထဲမှာ နိုင်ငံရေးအရွေ့တွေကို ဦးဆောင်နိုင်သူ အစုအဖွဲ့တွေအနေနဲ့ ပြည်သူလူထုအများအပေါ် ဘယ်လိုသဘောထားပြီး နိုင်ငံရေးအရွေ့တွေကို တွန်းကြမလဲဆိုတဲ့ အဆုံးအဖြတ်ပဲ ဖြစ်မယ်လို့ ထင်ပါတယ်။ ပြောရရင် လူထုကို စတေးခံလို သဘောထားမလား၊ လိုရာသုံးလို့ ယူဆထားလား၊ ဒါမှမဟုတ် အဆုံးအဖြတ်ပေးနိုင်သူလို့ ရှုမြင်လား ဆိုတာပေါ့။

စစ်ကောင်စီဟာ နိုင်ငံရေးအရွေ့အတွက် လူထုကို ‘စတေးခံ’လို သဘောထားတာမြင်ရမှာပါ။ သူ့အာဏာကို လူထုအပေါ်မှာ ကျင့်သုံးနိုင်ဖို့ထက် သူ အာဏာကျင့်သုံးနိုင်ရေးအတွက် လူထုရဲ့ ဆန္ဒမဲတွေကို လျစ်လျူရှုခဲ့သလို လူထုရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်နဲ့ လွတ်လပ်မှုတွေကို စတေးဖို့ကိုသာ ပိုပြီး အားထုတ်နေတာပါ။ စစ်ကောင်စီအနေနဲ့ အာဏာသိမ်းထားတယ်ဆိုတဲ့တိုင် အာဏာကို ကျင့်သုံးနိုင်နေတာမျိုး မရှိတဲ့အပေါ်မှာ အရှက်ရရကောင်းမှန်း မသိဘဲ သူသွားချင် ဖြစ်ချင်တာကို လူထုက လိုက်ပါနိုင်အောင် စည်းရုံးတာမျိုး၊ သူ့အပေါ် လူထုက လက်ခံလာအောင် ကြိုးစားတာမျိုး မလုပ်ပါဘူး။ အဲဒီအစား သူလိုချင်တဲ့ နိုင်ငံရေးအရွေ့ဖြစ်တဲ့ ‘(သူ့ကိုယ်သူ) အာဏာလက်ဝယ်ရှိသူဆိုတဲ့ နိုင်ငံရေးအခင်းအကျင်း’ အတွက် လူထုရဲ့ သဘောဆန္ဒကိုသာမက ဖြစ်တည်ရှင်သန်မှုကိုပါ စတေးလိုက်ပါတယ်။ ဒီတော့ နိုင်ငံရေးအရွေ့ဟာ လူထုစိတ်ကြိုက် မဖြစ်ရသလို သူ့စိတ်ကြိုက်လည်း ဖြစ်မလာတော့ပါဘူး။

နိုင်ငံရေးအီလစ်တချို့ကလည်း ပြည်သူလူထုကို ‘လိုရာသုံး’လို့ မြင်တတ်ကြပါတယ်။ သူတို့ဟာ အမျိုးမျိုး အဖုံဖုံသော နိုင်ငံရေးအရွေ့ အတွေးအကြံ ပေါင်းစုံကို တင်သွင်းကြတဲ့အခါ လူထုကို လိုရာသုံးဖို့ လူထုနေနည်းကားတွေကို လက်ချာတွေ ရိုက်ကြပြန်ပါတယ်။ လူထုအကျိုးအလို့ငှာ လူထုကိုယ်စား ပြောဆိုနေရပါတယ်လို့လည်း လူထုကို အသုံးချတတ်ကြပြန်ပါတယ်။ လူထုက အဲဒီလို မဟုတ်ဘဲ သူတို့ စိတ်ကြိုက် မတုံ့ပြန်ကြရင်တော့ လူထုဟာ ဉာဏ်စဉ်မမှီတော့သယောင် အပြောအဆို ခံကြရပြန်ပါတယ်။ မဲပေးတော့လည်း လူထုက မပျက်ကွက်သင့်၊ တော်လှန်ရေးအတွက် ဆိုလည်း လူထုကပဲ အရိုးကြေကြေ အရည်ခန်းခန်း လုပ်သင့်၊ နိုင်ငံတော်သစ် ပေါ်ဖို့အတွက် အခင်းအကျင်း ပြောင်းရမှာမို့ ပေးထားခဲ့ကြတဲ့ မဲတွေကို လျစ်လျူရှုလိုက်ကြဖို့ကိုလည်း လူထုက သဘောတူသင့်။ အဲဒီလို အမျိုးမျိုး လိုရာသုံး အသုံးတော်ခံဖို့ လူထုကိုပဲ မျက်စပစ်နေကြတဲ့ နိုင်ငံရေးအီလစ်တွေလည်း တွေ့မြင်နေရတာပါပဲ။

ဒီတော့ လူထုဟာ စတေးခံလား၊ လိုရာသုံးလား၊ အဆုံးအဖြတ်ပေးနိုင်သူလားဆိုတာကို သဲသဲကွဲကွဲ ဖြစ်အောင် ရှုမြင်တတ်ကြဖို့ လိုနေပါတယ်။ တကယ်တော့ နိုင်ငံရဲ့ ပစ္စုပ္ပန်အတွက်ရော အနာဂတ်အတွက်ပါ လူထုဟာ အဆုံးအဖြတ်ပေးနိုင်သူတွေ ဖြစ်နေကြတာကို မြန်မာ့နိုင်ငံရေးမှာ ထဲထဲဝင်ဝင် ပတ်သက်နေကြသူတွေအားလုံးက အသိအမှတ်ပြုပေးကြဖို့ လိုနေပါတယ်။ လူထုဟာ သူတို့ ပါဝင်သင့်တယ်လို့ ယူဆတဲ့ ကမ်ပိန်းနဲ့ လှုပ်ရှားမှုတွေကို အင်မတန် တာဝန်ကျေစွာ ပါဝင်ခဲ့တာတွေ ရှိခဲ့တာကို အသံတိတ်သပိတ်တို့ မြန်မာပလာဇာ မသွားရေးတို့မှာ တွေ့ရပါတယ်။ တခြားလှုပ်ရှားမှုတွေ(ကလေးတွေ ကျောင်းမတက်ရေးလိုမျိုး)ကိုတော့ အားလုံးက တပြေးညီ မတုံ့ပြန်ကြတာဟာ လူထုရဲ့ နိုင်ငံရေးရေချိန် နိမ့်နေတာလို့ ဘာသာပြန်ကြမယ့်အစား လူထုဟာ သူတို့ရဲ့ အဆုံးအဖြတ်ကို သူတို့ကိုယ်တိုင် ချမှတ်ဖို့ အားထုတ်လာနေတယ်လို့ မြင်ကြည့်ပေးနိုင်ကြဖို့ လိုပါမယ်။ (ဒီနေရာမှာ သူတို့ရဲ့ အဆုံးအဖြတ် မှန်လား၊ မှားလား ဆိုတာကို ထည့်မဆွေးနွေးပါဘူး။)

လူထုရဲ့ အတွေးအမြင်အပေါ် ကိုယ့်ဩဇာသက်ရောက်အောင် အားထုတ်ခဲ့ကြတဲ့ထဲမှာ စကစဟာ သူ့အတွက် လိုအပ်တယ်လို့ ယူဆတဲ့ ဝါဒဖြန့်ချိရေးကိုတောင် ရိုးရိုးသားသား မလုပ်နိုင်လို့ လူထုဆီက မယုံကြည်မှုတွေသာ ပြန်ရခဲ့ပါတယ်။ ဒီအဖြစ်ကို သင်ခန်းစာ ယူတတ်ကြမယ်ဆိုရင် လူထုကို လိုရာသုံးအဖြစ် ရှုမြင်ပြီး ကိုယ်က ကောင်းစေချင်လို့၊ ကိုယ်က မှန်တယ် ထင်တာတွေမို့ လူထုက မဖြစ်မနေ လိုက်ပါထောက်ခံသင့်တယ်လို့ တဖက်သတ် မဆုံးဖြတ်လိုက်ကြဖို့ လိုပါတယ်။ လူထုရဲ့ အဆုံးအဖြတ်ကို မှန်မှန်ကန်ကန် ရနိုင်ဖို့ လူထုရဲ့ ဆန္ဒအစစ်အမှန်နဲ့ အတွေးအကြံဟာ ဘာလဲဆိုတာကို သိအောင်၊ နားလည်အောင် ကြိုးစားကြဖို့လည်း လိုပါတယ်။ အနာဂတ်မှာ ပိုပြီးကောင်းတဲ့ နိုင်ငံရေးအရွေ့တစ်ခုအတွက် နိုင်ငံရေးအီလစ်တွေက လော်ဘီလုပ်ကြတာတွေကို လူထုက ဘယ်လောက်ထိ လိုက်ပါစီးမျောနိုင်နေသလဲဆိုတဲ့ မြေပြင်အနေအထားကို ဆန်းစစ်ဖို့လည်း လိုပါမယ်။ 

အဲဒီထက် အရေးကြီးတာက လူထုအနေနဲ့ သူတို့သာလျှင် အဆုံးအဖြတ် ပေးနိုင်သူလို့ သူတို့ရဲ့ အခန်းကဏ္ဍအပေါ် ယုံကြည်မှု မပျောက်သွားအောင်လည်း ဂရုတစိုက် လုပ်ပေးကြဖို့ လိုပါတယ်။ ကြီးမားတဲ့ နိုင်ငံရေးအရွေ့အတွက် အခုချက်ချင်း စိတ်ကူးပုံဖော်၊ အခုချက်ချင်း ဆွေးနွေးငြင်းခုန်ပြီး၊ အခုချက်ချင်း အကောင်အထည်ဖော်ဖို့ ခက်ပါမယ်။ အထူးသဖြင့် အဆုံးအဖြတ် ပေးနိုင်တဲ့ လူထုဆီက ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု ရဖို့အတွက် လူထုကို အချိန်ပေးကြဖို့လည်း လိုပါတယ်။ သူတို့ကိုယ်သူတို့ ယုံကြည်မှု မပျောက်ဆုံးအောင် သူတို့ရဲ့ အဆုံးအဖြတ်ဟာ အခရာ ကျတယ်ဆိုတာကို အားလုံးက လက်ခံအသိအမှတ် ပြုပေးဖို့အတွက် စဉ်းစားကြရပါမယ်။ 

ဒီကနေ့ နိုင်ငံရေးအရွေ့အတွက် ကတိကဝတ်တွေအကြောင်း ပြောကြတဲ့အခါ နိုင်ငံရေးအီလစ်တွေကြားက ကတိကဝတ်ကိုချည်း ဦးစားပေး ပြောဆိုနေကြတာကို မြင်တွေ့ရပါတယ်။ လူထုဟာ အဆုံးအဖြတ် ပေးနိုင်သူသာ ဖြစ်စေရမယ်ဆိုတဲ့ ကတိကဝတ်ကို နိုင်ငံရေးအီလစ်တွေက အာမ မခံပေးနိုင်ရင် လူထုရဲ့ သူ့အခန်းကဏ္ဍအပေါ် ယုံကြည်ချက်ဟာ အားနည်းလာနိုင်တာကို သတိချပ်ကြစေချင်ပါတယ်။ လူထုဆိုတာ စကစအတွက် စတေးခံဖြစ်ရသလို နိုင်ငံရေးအီလစ်တွေ လိုရာသုံးဖို့ ဖြစ်တည်နေရတာမျိုးလည်း မဖြစ်သင့်ပါဘူး။ 

ရွေးကောက်ပွဲရလဒ်ကို မပစ်ပယ်ဖို့ ပြောတာဟာ ရွေးကောက်ပွဲမှာ အနိုင်ရသူတွေ (ရွေးကောက်ခံတွေ) အာဏာကျင့်သုံးနိုင်ဖို့ ပြောတာလို့ပဲ နားလည်နေကြတာကလည်း မဲဆန္ဒရှင်လူထုရဲ့ အခန်းကဏ္ဍကို ပစ်ပယ်လျစ်လျူရှုရာ ရောက်နေတာလို့ နားလည်ကြစေချင်ပါတယ်။ မဲဆန္ဒရှင်လူထုကို အနိုင်ပေးလိုက်ဖို့ နိုင်ငံရေးအီလစ်တွေကိုယ်တိုင်က ဝန်လေးနေကြတာမျိုးတော့ မဖြစ်သင့်ပါဘူး။ 

လက်ရှိ တော်လှန်ရေးအဆုံးအဖြတ်အရ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကို တည်ထောင်ကြဖို့ ဆိုတဲ့ နိုင်ငံရဲ့အရွေ့ကြီးအတွက် စကစ ပြုတ်ကျပြီးပြီးချင်း ဖက်ဒရယ်ဒီမိုကရေစီအစိုးရသစ် ပေါ်ထွက်လာနိုင်မှာ မဟုတ်တာလည်း သေချာနေပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ဆိုတဲ့ ကြားကာလအတွက် အခြေခံရမယ့်မူလည်း ရှိနေပြီးသားပါ။ ဒီတော့ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်တဲ့ အစိုးရဆိုတဲ့ ထွက်ပေါက်မျိုးကို ရွေးကြရင်ပဲ ဖြစ်ဖြစ်၊ အခုလက်ရှိ လူထုက လက်ခံထားတဲ့ အန်ယူဂျီကိုပဲ သဘောတူကြရင်ပဲဖြစ်ဖြစ် ကြားကာလအစိုးရအဖြစ်သာ အချိန်ကာလ အပိုင်းအခြားတစ်ခုအတွင်း (ပုံမှန်အစိုးရသက်တမ်းထက် တိုတောင်းတဲ့ သက်တမ်းမျိုး) တည်ရှိရမှာဖြစ်ပြီး ၂၀၀၈ ခြေဥအရ ဖွဲ့စည်းရမယ့် အစိုးရမျိုး ဖြစ်စရာ မလိုပါဘူး။ (အဲဒီလိုပဲ လွှတ်တော်ဆိုရင်လည်း အစိတ်သား ပါစရာ မလိုတော့တဲ့ ရွေးကောက်ခံများချည်း ရှိတဲ့ လွှတ်တော်မျိုးသာ ဖြစ်ပါမယ်။ လူထုရဲ့ အဆုံးအဖြတ်ကို မပစ်ပယ်သလို အနာဂတ်အတွက် ဘယ်သူမှ မနစ်နာအောင် ရည်ရွယ်ပြီး ကြားကာလအစီအမံကို ခုကတည်းက တင်ကြိုစဉ်းစားတာက ပိုကောင်းပါမယ်။ အနာဂတ် ပိုကောင်းအောင် လူထုရဲ့ အဆုံးအဖြတ်ကို စတေးလိုက်သင့်တယ်ဆိုတာဟာ စကစတွေးနည်းကားမျိုး ဖြစ်နေတာကိုလည်း သတိချပ်ကြရမှာပါ။)

အဲဒီကြားကာလအစိုးရရဲ့ တာဝန်ဟာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်အဖြစ် ကျင့်ကြံဆောင်ရွက်ရေး မဟုတ်ပါဘူး။ သူ တာဝန်ယူထားတဲ့ကာလအတွင်း ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် ပေါ်ပေါက်လာရေးအတွက် လိုအပ်တဲ့ အရေးအရာ မှန်သမျှကို ဆောင်ရွက်ရေးသာ ဖြစ်ပါမယ်။ ပြည်ထောင်စု စုဖွဲ့မလား၊ သီးခြားရပ်တည်ကြမလားဆိုတဲ့ အငြင်းအခုံများကို စိုးရိမ်ကြောင့်ကြမှုမရှိ ဆောင်ရွက်နိုင်တဲ့ အခင်းအကျင်းမျိုးကို ဖန်တီးပေးရမယ်၊ အဲဒီအဆုံးအဖြတ်ပေါ် မူတည်တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်တွေ(ပြည်ထောင်စုနဲ့ ပြည်နယ်များ)ကို ရေးဆွဲပြီး လူထုဆန္ဒခံယူပွဲ လုပ်ပေးရမယ်၊ အဲဒီခြေ/ဥနဲ့ ကိုက်ညီတဲ့ ရွေးကောက်ပွဲဥပဒေသစ်ကို ပြဋ္ဌာန်းပေးရမယ်၊ ရွေးကောက်ပွဲကော်မရှင်အသစ် ဖွဲ့ပေးရမယ်၊ တပြိုင်တည်းမှာပဲ လက်နက်ကိုင်အစုအဖွဲ့တွေနဲ့ ပတ်သက်တဲ့ ရေရှည်အစီအမံတွေကို ဆောင်ရွက်ရမယ်။ အဲဒီလို ကြားကာလအုပ်ချုပ်မှုဆိုင်ရာ တာဝန်တွေကိုသာ ဆောင်ရွက်ရမှာပါ။ အဲဒီအလွန်ကျမှသာ တကယ့်နိုင်ငံရေးအရွေ့က ဖြစ်လာမှာပါ။

ဒီတော့ ဒီကြားကာလတာဝန်တွေ ထမ်းဆောင်ရမှာမို့ မဲဆန္ဒရှင်ပြည်သူလူထုရဲ့ ရွေးကောက်ပွဲ အဆုံးအဖြတ်ကို အသိအမှတ်ပြုပေးတဲ့အ‌နေနဲ့ ရွေးကောက်ပွဲရလဒ်အတိုင်း အစိုးရနဲ့ လွှတ်တော်ကို ဖွဲ့စည်းတာဝန်ယူစေရမယ် ဆိုရင်လည်း (အထက်မှာ ပြောခဲ့သလို စီမံထားနိုင်တာမို့) နိုင်ငံနဲ့ လူထုအတွက် ဘာမှ ကြီးကြီးမားမား နစ်နာစရာ မရှိနိုင်ဘူးလို့ မြင်ကြစေချင်ပါတယ်။ တော်လှန်ရေး ပြီးတာနဲ့ ဖက်ဒရယ်ဒီမိုကရေစီအစိုးရသစ် ချက်ချင်းမပေါ်ထွက်နိုင်သေးမှာက လက်တွေ့ အမှန်တရားပါပဲ။ ဒီတော့ တဆင့်ချင်း လှမ်းရမယ့် ခြေလှမ်းတွေကြားမှာ လူထုကို လိုရာသုံးကြမယ့်အစား သူတို့ရဲ့ အဆုံးအဖြတ်ကို အနိုင်ပေးလိုက်ဖို့ ထည့်သွင်းစဉ်းစားကြရမှာပါ။ လူထုက သူတို့ရဲ့ အဆုံးအဖြတ်ပေးနိုင်သူဆိုတဲ့ အခန်းကဏ္ဍကို သူတို့ကိုယ်တိုင် လက်ခံယုံကြည်ဖို့ အင်မတန် အရေးကြီးပါတယ်။ ဒီယုံကြည်မှုကို မပေးနိုင်ရင် နောင်မှာ နိုင်ငံရေးအီလစ်တွေ အပါအဝင် နိုင်ငံရေးလှုပ်ရှားကြသူတွေရဲ့ လူထုအပေါ် ဩဇာသက်ရောက်နိုင်မှုဟာလည်း ထိခိုက်လာစရာပဲ ရှိပါတယ်။ 

တကယ်တမ်း ရွေးကောက်ပွဲတွေမှာ အမတ်ဆိုတာ ရွေးကောက်ခံရသူသာ ဖြစ်ပြီး အနိုင်ရသူဟာ မဲဆန္ဒရှင်လူထုသာ ဖြစ်ပါတယ်။ သူ့အဆုံးအဖြတ်ဟာ အတည်ဖြစ်တယ်၊ သူ့အဆုံးအဖြတ်ကို အသိအမှတ်ပြုတယ် ဆိုတာရဲ့ (အနိုင်)ရလဒ်အဖြစ်သာ ရွေးကောက်ခံတွေက သက်ဆိုင်ရာ တာဝန်တွေကို ထမ်းရွက်ခွင့် ရကြရတာပါ။ ရွေးကောက်ခံတွေကလည်း ငါတို့က အနိုင်ရလို့ လူထုအပေါ်  အာဏာကျင့်သုံးခွင့်ရတာလို့ တွေးနေကြရင် ဒီမိုကရက်တစ်လူ့အဖွဲ့အစည်း ဖြစ်ဖို့ ခက်ခဲသွားမှာပါ။ လူထုကို အနိုင်မပေးနိုင်သရွေ့ ဘယ်နိုင်ငံရေးသမားမှ လူထုရဲ့ အခက်အခဲကို ဖြေရှင်းမပေးနိုင်သလို လူထုရဲ့ ယုံကြည်စွာ ပူးပေါင်းဆောင်ရွက်မှုကိုလည်း မရနိုင်ပါဘူး။ 

ဒီတော့ လူထုကို အဆုံးအဖြတ်ပေးနိုင်သူအဖြစ် အနိုင်ပေးနိုင်ကြပါစေလို့သာ ဆုတောင်းပါတယ်။

မသီတာ(စမ်းချောင်း)

14 mins Ago

December 9, 2021

ပြည်သူကို ရန်သူလုပ်နေသရွေ့

ကြည့်မြင်တိုင်ဖြစ်ရပ်အပေါ်မှာ စကစဘက်ကနေ ခံစားတုံ့ပြန်ပုံတချို့ကို တွေ့ရတော့ မကြာသေးခင်က ပေါ်ထွက်လာတဲ့ Hit List ထဲ ပါနေလို့ ကယ်ကြပါဦးဆိုတဲ့ သဘောဆန်ဆန် စာတစောင်ကို သတိရမိပါတယ်။ (တကယ်တမ်းမှာ အဲဒီလို ရှင်းပစ်ရမယ့်လူစာရင်းရယ်လို့ မရှိဘူးဆိုတာကို အန်ယူဂျီဘက်က ပြောပြရှင်းပြတာကိုလည်း တွေ့ရတယ်။) ပြောရရင် စကစကို ထောက်ခံသူနဲ့ နားလည်စာနာပေးသူတွေရဲ့ အသိုင်းအဝိုင်းမှာ ငါတို့ဟာ ပြည်သူတွေရဲ့ အမုန်းကို ခံယူရနိုင်တဲ့သူတွေဆိုတာကို နားလည်လက်ခံထားပြီးဖြစ်နေတယ်ဆိုတဲ့ စိတ်အခြေအနေပဲ။ 

သဘောကတော့ ‘နွေဦးတော်လှန်ရေးသမားဆိုတာ ပြည်သူတရပ်လုံးနီးပါးပဲ၊ သူတို့ကြောင့် ငါတို့ အရင်လို လူပေါ်လူဇော်လုပ်လို့ ခက်သွားပြီ၊ အမုန်းတွေ အာဃာတတွေကို ခံစားလာရပြီ၊ ငါတို့ အဆင်ပြေဖို့ဆိုရင် သူတို့ အဆင်မပြေမှ ဖြစ်မယ်၊ သူတို့တွေ ဘာဆို ဘာမှ ပြန်မတုံ့ပြန်နိုင်တော့လောက်အောင် ဖိနှိပ်တာ၊ နှိမ်နင်းတာ အားလုံးဟာ ဖြစ်သင့်တယ်၊ အဲဒီလိုအထိ ဖြစ်သွားမှ ငါတို့ဘဝတွေ လုံခြုံမယ်’လို့ တွေးတောပြီး ကိုယ့်ဉာဏ် ရှိသလို ကိုယ် တုံ့ပြန်ကြတာမျိုးပေါ့။ 

လက်နက်မပါဘဲ ဆန္ဒပြကြတဲ့လူငယ်လေးတွေကို ကားနဲ့ တိုက်၊ သေနတ်နဲ့ ပစ်သတ်တဲ့ စစ်ဆင်ရေးကို လုပ်ကြသူတွေရဲ့ပုံတွေ၊ နာမည်နဲ့ ရာထူး၊ ကိုယ်ပိုင်နံပတ်တွေ တက်လာတယ်။ သူတို့လည်း လူငယ်အရွယ်တွေပဲ။ ဝတ်ဆင်ထားပုံက ကမ္ဘာစစ်ကို ဆင်နွှဲတော့မတတ်။ ကမ္ဘာ့ရန်ကို ချေမှုန်းရမယ့် ဟန်ပန်တွေနဲ့။ သပိတ်မှောက်လူငယ်လေးတွေကို ကြည့်လိုက်တော့ ဒဏ်ရာရသွားလို့ မပြေးနိုင်တော့တဲ့ သူငယ်ချင်းနဲ့အတူ အဖမ်းခံဖို့ ဆုံးဖြတ်လိုက်တာက ငယ်ငယ်နုနု လုံမလေးတွေ။ အဖမ်းခံရရင် အသက်ခန္ဓာကို ထိခိုက်နာကျင်အောင် ဖျက်ဆီးနှိပ်စက်ညှဉ်းပန်းကြလိမ့်မယ်ဆိုတာ မသိကြလို့မှ မဟုတ်ဘဲ။ သိသိကြီးနဲ့ ရဲဘော်ရဲဘက်စိတ် လူသားဆန်တဲ့စိတ်တွေနဲ့ ထွက်မပြေးဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ 

တကယ်တမ်း စကစရဲ့ တပ်သားတွေလက်ထဲမှာ Hit List လို့ ခေါ်တဲ့ ရှင်းပစ်ရမယ့်လူစာရင်းက ရှိနေပြီးသား။ ဝါကျတကြောင်း စာတလုံးထဲရယ်။ အဲဒါကတော့ ‘ပြည်သူ’။ လုလင်လေးတွေ လုံမလေးတွေဟာ ‘ပြည်သူ’ဖြစ်ရုံနဲ့ ရှင်းပစ်ခံရမယ့်သူတွေ ဖြစ်နေတာကို သိကြတာပဲ။ အဲဒီလို သိသိကြီးနဲ့ပဲ ‘ဆန္ဒပြပြည်သူ’တွေအဖြစ် ရဲဝံ့ခဲ့ကြတာပါ။ ‘ငါတို့တွေတော့ ရှင်းပစ်ခံရမယ့်သူစာရင်းမှာ ပါနေပြီ၊ ကယ်တော်မူကြပါဦး’လို့တော့ သူတို့ ဘယ်သူ့ကိုမှ အားကိုးတကြီး မတိုင်တည် မတိုင်တန်း မတိုင်တောခဲ့ကြဘူး။ ဘာလို့လဲဆိုတော့ သူတို့က သူတို့ကိုယ်တိုင်ကို ယုံကြည်လို့ပဲ။ သူတို့ ကိုယ်တိုင်ရဲ့ တော်လှန်ရေးစိတ်ဓာတ်နဲ့လုပ်ရပ်ကသာ သူတို့ရဲ့ စိတ်ဝိညာဉ်ကို သန့်စင်လုံခြုံမှုတွေ ပေးနိုင်မယ်ဆိုတာ သူတို့ သိကြတယ်။ 

စကစတပ်သားလူငယ်တွေကျတော့ရော၊ ရှင်းပစ်ခံရမယ့်စာရင်းထဲ ငါတို့ ပါနေပြီ ကယ်ကြပါဦးလို့ အော်ခဲ့ကြသူတွေကျတော့ရော။ သူတို့ရဲ့ အကြမ်းဖက်မှုတွေနဲ့ အကြောက်တရားတွေဟာ ဘယ်မှာ အခြေတည်မလဲ။ ပီဒီအက်ဖ်တွေရဲ့ ပစ်မှတ်တွေအဖြစ် သတ်မှတ်ခံရရင် အသက်အန္တရာယ် ရှိနေလို့ဆိုတာ ဖြစ်မှာ‌‌ပေါ့။ စစ်နဲ့ ရဲယူနီဖောင်းတွေကတော့ ပီဒီအက်ဖ်တွေရဲ့ ပစ်မှတ်တွေ ဖြစ်နေတာပဲ။ ဒီလိုဖြစ်တာဟာ အသားလွတ်ဖြစ်တာ မဟုတ်ဘူးဆိုတာကိုတော့ မမေ့ကြဖို့ လိုပါတယ်။ ဖေဖေါ်ဝါရီမှာ သပိတ်တွေကို ငြိမ်းငြိမ်းချမ်းချမ်း ဆင်နွှဲကြတုန်းက ပြည်သူ့ရဲ၊ ပြည်သူ့ရဲလို့ဆိုပြီး လူထုက တော်လှန်ရေးဘက်ကို ပူးပေါင်းဖို့ ဆွဲဆောင်စည်းရုံးခဲ့ကြတာ အထင်အရှားပါ။ ဒါပေမဲ့ ရဲအများစုက စစ်အာဏာရှင်အလိုကျ ခိုင်းတာ လုပ်ပြီး လူထုကို ရန်သူလို သဘောထားခဲ့ကြတာပါပဲ။ ပိုဆိုးတာက တာဝန်ကျေရုံမကတဲ့ နိုင်ထက်စီးနင်းလုပ်ရပ်တွေဟာ နေရာတိုင်းမှာ ပေါ်ထွက်ခဲ့တာပါ။ 

စကစအားပေးတွေက ‘မသေချင်ရင် အိမ်ထဲမှာ နေပေါ့၊ အိမ်ထဲကို မပစ်ပါဘူး’လို့ ပြောတတ်ကြပါတယ်။ ဒါပေမဲ့ အိမ်ထဲမှာ အဖေ့ရင်ခွင်ကြားထိုင်နေတဲ့ ခုနစ်နှစ်သမီးလေး၊ ခြံဝင်းထဲ ကစားနေတဲ့ ငါးနှစ်အရွယ်ကလေးလေးတွေ သေဆုံးခဲ့ရတာ စစ်ယူနီဖောင်းဝတ်တွေ ရဲယူနီဖောင်းဝတ်တွေကြောင့်ပဲလေ။ ဒါတွေ ဖြစ်ခဲ့လို့သာ  စစ်နဲ့ ရဲယူနီဖောင်းတွေဟာ ပီဒီအက်ဖ်တွေရဲ့ ပစ်မှတ်တွေ ဖြစ်လာရတာပါ။ ပြည်သူအချင်းချင်း သတ်ဖြတ်နေတဲ့အကြောင်း ပြောလာကြတဲ့အခါမှာလည်း ‘ဥပဒေကြောင်းအရ တရားစွဲဆို စီရင်ဆုံးဖြတ်မှုမဟုတ်တဲ့ အသက်သေဆုံးစေရန် ပြစ်ဒဏ်ချမှတ်ခြင်း’ဆိုတာ လူ့အဖွဲ့အစည်းမှာ လက်သင့်ခံစရာ လုပ်ရပ် မဟုတ်တာ သိပ်သေချာပါတယ်။ ဒါပေမဲ့ ပြည်သူကို အကာအကွယ်ပေးရမယ့် တာဝန်ကို (လခ၊ ရိက္ခာ၊ အထောက်အပံ့တွေ စားပြီးတော့ကို) ယူထားကြတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကိုယ်တိုင်က ‘ဥပဒေကြောင်းအရ တရားစွဲဆို စီရင်ဆုံးဖြတ်မှုမဟုတ်တဲ့ အသက်သေဆုံးစေရန် ပြစ်ဒဏ်ချမှတ်ခြင်း’ဆိုတာကို နောင်တ မရှိ၊ တာဝန်ယူ တာဝန်ခံမှု မရှိ လုပ်ဆောင်ခဲ့ကြပါတယ်။ အဲဒီလို လုပ်ချင်ရင် လုပ်နိုင်တယ်၊ လုပ်လို့ရတယ်လို့ သဘောသက်ရောက်အောင် သူတို့က ရှေ့ဆောင်လမ်းပြလုပ်ခဲ့တဲ့ သဘောပါပဲ။ အဲဒီလိုလုပ်ပြခဲ့တဲ့ ဖြစ်ရပ်တွေက ရေးပြရရင်   များလွန်းလှပါတယ်။ တကယ်တော့ အဲဒီလိုတွေ တရားမဲ့ပြုကျင့်မှုတွေအပေါ် စကစကိုယ်တိုင်ကရော၊ စကစအဖွဲ့ဝင်/စကစအား စာနာနားလည်သူ ပညာတတ်ဆိုသူများကရော၊ တရားရေးဘက်က တာဝန်ရှိသူတွေရော ဘယ်သူ့ဘယ်သူကမှ တားမြစ်ဟန့်တားတာမျိုး မရှိခဲ့ကြပါဘူး။ အဲဒီလိုတားမြစ်ဖို့ မပြောနဲ့၊ တရားလက်လွန်ပြီးကာမှ နောက်ကြောင်းပြန် အရေးယူပြခြင်းဖြင့် ဒီလိုတရားမဲ့လုပ်ရပ်မျိုး ဆက်လက်မဖြစ်အောင် အားထုတ်ဖို့ကိုတောင် မကြိုးစားခဲ့ကြပါဘူး။ 

ဒါကြောင့်သာ တရားမဲ့ပြုကျင့်မှုတွေဟာ လုပ်ကောင်းတယ်ဆိုတဲ့ သတင်းစကားဟာ ဖိနှိပ်ခံပြည်သူတွေကြားထိ ရောက်ရှိသွားခဲ့ပါတယ်။ ဒါကြောင့် လူထုကမတရားမှန်း သိရက်နဲ့ လက်ပိုက်ခေါင်းငုံ့မနေနိုင်တော့ဘူးဆိုကာ ရရာလက်နက် စွဲကိုင်တော်လှန်တော့မယ်လို့ ဆုံးဖြတ်လိုက်ကြပါတော့တယ်။ အဲဒီလို လူထုရဲ့ ပိုင်းဖြတ်မှုနောက်ကို နိုင်ငံရေးသမားတွေကပါ ပြန်လိုက်ခဲ့ကြရတာမျိုးပါ။ ဒါကြောင့်လည်း စကစကို သတင်းပေးတဲ့၊ ပြည်သူကို ဖိနှိပ်ထိခိုက်အောင် လုပ်ရာမှာ အားပေးကူညီတဲ့ ဒလန်တွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေကို တရားမဲ့ပြုကျင့်မှုထဲ အကျုံးဝင်သွားမှာစိုးရိမ်ကြလို့ သဘောမကျနိုင်တဲ့သူတွေ ရှိလာကြပါတယ်။ ဒါပေမဲ့ အဲဒီဒလန်ဆိုသူတွေရဲ့ တရားမဲ့ပြုကျင့်မှုတွေကိုယ်တိုင်က ဆိုးကျိုးသက်ရောက်မှုကြီးတွေ ဖြစ်ခဲ့တာကို မျက်မြင်တွေ့ကြရတဲ့အခါမှာတော့ အဲဒီလူတွေကိုယ်တိုင် ဘာပြောရမှန်း မသိဖြစ်ပြီး ဆွံ့အကုန်ကြရတာမျိုးပါ။ ဒီနေရာမှာ အန်ယူဂျီအနေနဲ့ လက်နက်ကိုင်ခုခံမှု ဆောင်ရွက်ရာမှာ တရားမဲ့ပြုကျင့်မှု မဖြစ်ဖို့အတွက် တရားဝင် စာထုတ်တာ၊ ကျင့်ဝတ်တွေ ထုတ်ပြန်တာ စတဲ့    လုပ်သင့်လုပ်ထိုက်တဲ့ တုံ့ပြန်မှုတွေ လုပ်ခဲ့ပါတယ်။ နိုင်ငံတော်အာဏာဟာ ငါတို့လက်ထဲမှာ ရှိနေတယ်လို့ ထင်နေတဲ့ စကစကသာ (အစိုးရဖြစ်ချင်သလောက်) အစိုးရတစ်ရပ်အနေနဲ့ လုပ်ရမယ့် အလုပ်တွေကို ဘာမှ မလုပ်ခဲ့တာပါ။

ဒီလိုဖြစ်စဉ်ဖြစ်ရပ်တွေကို ပြန်လည်သုံးသပ်မှု မရှိဘဲ ပြည်သူဟာ ငါတို့ကို မုန်းနေ အာဃာတ ထားနေတယ်၊ ဒါကြောင့် ငါတို့ မလုံခြုံဘူး၊ ငါတို့ လုံခြုံအောင် ငါတို့ကို သဘောမကျ မုန်းနေတဲ့ ပြည်သူတွေ မရှိမှ အေးမယ်လို့  တွေးနေကြတာကြောင့်သာ စကစနဲ့ အားပေးသူတွေဟာ ထွက်ပေါက်မဲ့နေရဆဲ ဖြစ်ကြရတာပါ။ ပီဒီအက်ဖ်က ခြိမ်းခြောက်လို့ အသက်အန္တရာယ် ရှိတာ မဟုတ်ဘဲ ပြည်သူကို ရန်သူလို သဘောထား နှိမ်နင်းဖို့ ကြိုးစားနေလို့သာ ပီဒီအက်ဖ်က ခုခံစစ်ကို ရွေးချယ်နေရတာလို့ သဘောပေါက်ကြဖို့ လိုပါတယ်။ ပြည်သူချင်း သတ်နေကြတာလို့ မြင်ပြီး စိတ်ပျက်လက်ပျက်နဲ့ ပြည်သူကို အပြစ်တင်နေကြမယ့်အစား ပြည်သူအများစုရဲ့ ခံယူချက်၊ သဘောထားနဲ့ လုပ်ရပ်တွေကို ဘယ်အရာတွေက ပုံသွင်းပေးလိုက်တာလဲဆိုတာကို အဖြေရှာနိုင်ဖို့ လိုပါတယ်။

ခုအချိန်မှာ ပြည်သူ့စစ်သားဆိုပြီး တော်လှန်ရေးဘက်ကို ပူးပေါင်းလာတဲ့ စစ်သားတွေ ရဲသားတွေ ရှိဖို့ လိုအပ်တာ အမှန်ပါ။ အဲဒီထက် ပိုလိုအပ်နေတာက စစ်သားပဲဖြစ်ဖြစ် ရဲသားပဲဖြစ်ဖြစ် ပညာတတ်ပဲဖြစ်ဖြစ် ပြည်သူ့အကျိုးကို လျစ်လျူမရှုဘဲ ပြည်သူအများစုရဲ့ စိတ်ဆန္ဒကို နားလည်သဘောပေါက်ပြီး ပြည်သူကို အကာအကာကွယ်ပေးဖို့ စိတ်ပိုင်းဖြတ်နိုင်မှုပါပဲ။ ဒီလိုမှ မလုပ်နိုင်ရင် တပ်မတော်၊ ရဲဆိုတဲ့ အင်စတီကျူးရှင်းသာမက အဲဒီအင်စတီကျူးရှင်း ဘာလုပ်လုပ် စာနာနားလည်ထောက်ခံပေးနေတဲ့ လူတစုအပေါ်မှာပါ ပြည်သူလူထုအများစုရဲ့ ဒဏ်ခတ်မှုဆိုတာ နည်းလမ်းအဖုံဖုံနဲ့ ဆက်ရှိနေဦးမှာပဲဖြစ်ပါတယ်။ အသက်သေမှ ထောင်ကျမှ ဥစ္စာပစ္စည်း ဆုံးရှုံးမှ နစ်နာကြရတာ မဟုတ်ဘဲ ပြည်သူလူထုရဲ့ အော့နှလုံးနာမှုကို ခံယူရတာဟာလည်း အနစ်နာကြီး နစ်နာရမှုပါပဲလို့ နားလည်လာနိုင်မှ ပြည်သူတွေလည်း အော့နှလုံးနာစရာဘေးကနေ လွတ်ရမယ် ထင်ပါရဲ့။

မသီတာ (စမ်းချောင်း)

6 months Ago
Up