ဒါရိုက်တာ ကိုပေါက်ရိုက်ကူးတဲ့ “မသောက်မိသော မိုးခါးရေ” ရုပ်ရှင်ကို ကနေဒါနိုင်ငံ၊ အယ်လ်ဘာတာပြည်နယ်၊ အက်မွန်တန်မြို့မှာ ဒေသအချိန် ဒီဇင်ဘာ ၃ ရက်က ပြသခဲ့ရာမှာ အလှမယ် ဟန်လေးအပါအဝင် ကနေဒါရောက် မြန်မာပြည်ဖွားတိုင်းရင်းသားတွေက ရာသီဥတု မကောင်းတဲ့ကြားက လာရောက် ကြည့်ရှုအားပေးခဲ့ကြပါတယ်။
National Unity of Ethnic Groups of Myanmar အဖွဲ့က ဦးဆောင်စီစဉ်ပြသတဲ့ ရုပ်ရှင်ပြပွဲကို ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း၊ ကိုရီးယားမှတက်ကြွလှုပ်ရှားသူ မရွှေမိုး နဲ့ CDM ဗိုလ်ကြီး လင်းထက်အောင်တို့ကလည်း အွန်လိုင်းကနေ အမှာစကားတွေ ပြောကြားခဲ့ပါတယ်။
ကနေဒါနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာအလှမယ်ဟန်လေးကလည်း ဒီပွဲကို ကိုယ်တိုင်လာရောက်ကြည့်ရှုခဲ့ပြီး အားပေးစကားတွေ ပြောကြားသွားခဲ့ပါတယ်။
ရန်ပုံငွေရုပ်ရှင်ပွဲက ရလာတဲ့ အလှူငွေတွေကို မြန်မာနိုင်ငံအနှံ့ အရေးပေါ်လိုအပ်နေတဲ့ နေရာတွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ( MOD) မှတဆင့် ညှိနှိုင်းပြီး အမြန်ဆုံးပေးအပ်လှူဒါန်းသွားမယ်လို့ ပွဲစီစဉ်သူတွေထံက သိရါတယ်။
“မသောက်မိသော မိုးခါးရေ” ရုပ်ရှင်ဇာတ်လမ်းတိုကို CDM စစ်ဗိုလ်တစ်ဦးရဲ့ ဖြစ်ရပ်မှန်ကို အခြေခံပြီး ဒါရိုက်တာ ကိုပေါက်က တောတွင်းတစ်နေရာမှာ ဖုန်းကင်မရာကိုအသုံးပြု ရိုက်ကူးထားတာဖြစ်ပါတယ်။
ဒီရုပ်ရှင်ကို ကနေဒါနိုင်ငံ ဗန်ကူးဗား၊ တိုရန်တိုမြို့တွေမှာပြသခဲ့ပြီးဖြစ်လို ကမ္ဘာတဝန်း မြို့ပေါင်း ၃၀ ကျော်မှာ ပွဲပေါင်း ၅၀ ကျော်ပြသခဲ့ပြီးလည်း ဖြစ်ပါတယ်။
ဒါရိုက်တာကိုပေါက်ရိုက်ကူးထားတဲ့ “မသောက်မိသော မိုးခါးရေ”ရုပ်ရှင်ကို အမေရိကန်ပြည်ထောင်စု၊ ဘတ်ဖဲလိုးမြို့မှာ နိုဝင်ဘာ ၂၆ ရက်က ပြသခဲ့ရာမှာ နွေဦးတော်လှန်ရေး ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၀,၀၀၀ ကျော်ရရှိခဲ့တယ်လို့ ပွဲစီစဉ်သူတွေထံက သိရပါတယ်။
အဆိုပါရုပ်ရှင်ဇာတ်လမ်းတိုကို နွေဦးရုပ်ရှင်ပြသရေး Buffalo NY အဖွဲ့က ဦးဆောင်စီစဉ်မှုနဲ့ မွန်းလွဲ ၁၁ နာရီမှ ညနေ ၆ အထိ ပွဲချိန် သုံးချိန်ခွဲပြီး ပြသခဲ့ရာမှာ ဘတ်ဖဲလိုးမြို့နဲ့ အနီးတဝိုက် နေထိုင်ကြတဲ့ လူဦးရေ ၉၀၀ ဝန်းကျင်ရှိ မြန်မာပြည်ဖွားတိုင်းရင်းသားမိသားစုတွေနဲ့ အမေရိကန်မိတ်ဆွေမိသားစုတွေအားပေးကြည့်ရှုကြပါတယ်။
ရုပ်ရှင်ပြပွဲမှာ ရန်ပုံငွေ တီရှပ်တွေအပြင် ရန်ပုံငွေ အစားသောက်စျေးရောင်းပွဲကိုပါ စီစဥ်ထားပြီး ရရှိလာတဲ့ ရန်ပုံငွေအလှူငွေတွေကို မြန်မာနိုင်ငံအနှံ့ အရေးပေါ်လိုအပ်နေတဲ့ နေရာတွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကနေတဆင့် ညှိနှိုင်းပြီး အမြန်ဆုံး ပေးအပ်လှူဒါန်းမယ်လို့ဆိုပါတယ်။
“မသောက်မိသော မိုးခါးရေ” ရုပ်ရှင်ဇာတ်လမ်းတိုကို ဒါရိုက်တာကိုပေါက်က တောတွင်းတနေရာမှာ ဖုန်းကင်မရာကိုအသုံးပြုကာ CDM စစ်ဗိုလ်တယောက်ရဲ့ ဖြစ်ရပ်မှန်ကို အခြေခံ ရိုက်ကူးထားတာ ဖြစ်ပါတယ်။