မန္တလေးမြို့ မဟာအောင်မြေမြို့နယ်မှာ ဇွန် ၂၁ ရက် မနက်ပိုင်းက တပ်ကြပ်ကြီးတဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေနတ်နဲ့ပစ်ခတ်ခံရတဲ့ တပ်ကြပ်ကြီး မျိုးထွေးဟာ ရန်ကုန်မြို့ကနေ မန္တလေးမြို့ကို ပြန်လာပြီး အောင်ချမ်းသာရပ်ကွက်မှာရှိတဲ့ မိခင်အိမ်ကို ပြန်လာစဉ် သေနတ်နဲ့ ၅ ချက် ပစ်ခတ်ခံခဲ့ရတာလို့ ဆိုပါတယ်။
တပ်ကြပ်ကြီးရဲ့ မိခင်နဲ့ ရင်းနှီးတဲ့ ဒေသခံတဦးက “ရန်ကုန်မြို့ကနေ မန္တလေးကို ရောက်လာတာ မကြာသေးဘူး။ သူ့အမေအိမ် ဝင်လည်ရင်းနဲ့ မနက် ၇ နာရီလောက်က အပစ်ခံရတာ။ ၅ ချက်လောက်ရှိတယ် ပစ်သွားတာ။ ပွဲချင်းပြီးပဲ။ ဘယ်အဖွဲ့ လုပ်လည်းတော့ မသိဘူး” လို့ ပြောပါတယ်။
တပ်ကြပ်ကြီး မျိုးထွေးကို အမည်မသိ သေနတ်သမားက ပစ်ခတ်လို့ သေဆုံးအပြီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရောက်လာပြီး အောင်ချမ်းသာရပ်ကွက်အတွင်း စစ်ဆေးမေးမြန်း ခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၁ ရက်ကလည်း ချမ်းမြသာစည်မြို့နယ်က ရာအိမ်မှူး တယောက်ကို အမည်မသိ သေနတ်သမားက ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့တယ်။
မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ မဟာအရှေ့ရပ်ကွက်မှာနေထိုင်တဲ့ အန်အယ်လ်ဒီပါတီ ထောက်ခံအားပေးသူ ကိုလင်းကိုနိုင်ရဲ့နေအိမ်ကို မေလ ၂၆ ရက် ည ၈ နာရီလောက်က သွေးသောက်အဖွဲ့က လာရောက်ရိုက်နှက်ဖမ်းဆီးသွားပြီး မနက်မှာအလောင်းလာ ပစ်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
သေဆုံးသွားသူ ကိုလင်းကိုနိုင်ဟာ အသက် ၃၅ နှစ်ဝန်းကျင်ရှိပြီး သူ့ရဲ့ရုပ်အလောင်းကို ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက် ၂၆ လမ်း ၂၇လမ်းကြား ၅၄လမ်းဘေးမှာ မေလ ၂၇ ရက် မနက် ၇ နာရီလောက်က သေနတ်ဒဏ်ရာတွေနဲ့ တွေ့ရှိခဲ့တယ်လို့ ဒေသခံကပြောပါတယ်။
"အရပ်ဝတ်တွေနဲ့ လာဖမ်းသွားတာ။ အဒေါ်ဖြစ်သူက မဖမ်းဖို့တောင်းပန်တာကို ပါးတွေရိုက်ပြီး ခြေထောက်တွေနဲ့ ကန်သွားတယ်တဲ့။ ဒီနေ့ မနက်ရောက်တေ့ာ အလောင်းကို ချမ်းအေးသာစံ မြို့နယ်ထဲမှာ လာပစ် သွားတယ်။ နဖူးမှာ သေနတ်ကျည်ရာတွေနဲ့ ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ကိုလင်းကိုနိုင်ကို သွေးသောက်လူသတ်အကြမ်းဖက်အဖွဲ့က ဘာကြောင့် ဖမ်းဆီးသတ်ဖြတ်ခဲ့တယ် ဆိုတာကိုတော့ အသေးစိတ်မသိရသေးပါဘူး။
သွေးသောက်အဖွဲ့ဟာ မန္တလေးနဲ့ ရန်ကုန်မှာ လူသတ်မှုတွေကျူးလွန်နေတဲ့ အဖွဲ့ဖြစ်ပြီး အန်အယ်လ်ဒီပါတီဝင်တွေ၊ ထောက်ခံဝန်းရံသူတွေကို ပစ်မှတ်ထားပြီး လိုက်လံသတ်ဖြတ်နေတာ ဖြစ်ပါတယ်။
စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူကတော့ သွေးသောက်အဖွဲ့ဟာ သူတို့ဖွဲ့စည်းပေးထားတဲ့အဖွဲ့ မဟုတ်ဘူးလို့ ပြောနေပေမဲ့ အဆိုပါ လူသတ်မှုတွေကို ဖမ်းဆီးအရေးယူတာလည်း တကြိမ်မှ မရှိပါဘူး။