(က)
မြန်မာ့ရာဇဝင်မှာ ‘အခြောက်ကပ်ဆုံး’ ဟု သမိုင်းဝင်သွားခဲ့ပြီဖြစ်သည့် ‘သင်္ကြန်’ကား ပြီးခဲ့ပြီဖြစ်၏။ မြန်မာလူထု၏ ၉၅ ရာခိုင်နှုန်းကျော်ကား သင်္ကြန်ကို ငြင်းဆန်ခဲ့လေပြီ။ လူလိုသိတတ်သူ အများစုကား ကိုယ်ချင်းစာတရားရှေ့ထားကာ သင်္ကြန်မှာ မပျော်ပါးခဲ့ကြ။ မြန်မာပြည်တွင်း ဒေသအသီးသီးရှိ သွေးမြေကျနေရသူအပေါင်းကို ငဲ့ညှာကာ သင်္ကြန်ရေ မထိခဲ့ကြပါ။
လူစိတ်ကင်းမဲ့သူ ၅ ရာခိုင်နှုန်းခန့်လောက်သာ သင်္ကြန်ကို မငြင်းဆန်ဘဲ ပျော်ပျော်ကြီး နွှဲခဲ့ကြပါလေ၏ ခင်ဗျာ။ မအလ နမလ စကစ က ကျင်းပပြုလုပ်သည့်သင်္ကြန်မှာ မအလတို့၏ ပေးကန်းစွန့်ကြဲသော အရိုးအရွတ်ကလေးများကို ကိုက်ကာ မြုံ့ကာ စုတ်ကာ သင်္ကြန်စင်မြင့်များထက်မှာ ပျော်ပျော်ကြီး ‘အူ’ ခဲ့ကြပါလေ၏။
‘အူ’ ရုံသာမက ‘ပရိသတ်’ ကိုပါ ‘ကိုက်’ ခဲ့ကြလေသည့်အတွက် လူထုပရိသတ်တို့မှာ ‘ခွေးရူးပျံကာကွယ်ဆေး’ ထိုးကြရဖို့ကိန်း ဆိုက်ရောက်ခဲ့ပါလေ၏။ ခွေးရူးကြီး မအလကား နောက်ထပ်ခွေးရူးအသစ်များကိုပါ ဖန်တီးကာ စင်တင်၍ ပွဲထုတ်ခဲ့လေသည့်အတွက် အဖိနှိပ်ခံ ပြည်သူလူထုမှာ ‘လဲရာ သူခိုးထောင်း’ ကိန်း ဆိုက်ခဲ့ရပြီ ဖြစ်ပါ၏။
အယုတ်တမာ့ထိပ်ခေါင် မအလ စင်တင်ပွဲထုတ်ခဲ့သည့် အနုပညာရှင်ဆိုသူများမှာလည်း စည်းဝါးကိုက်အောင် ဆိုတတ်ဖို့မဆိုထားနှင့်၊ လေပင် ဖြောင့်အောင်ချွန်တတ်သူများ မဟုတ်ကြလေရာ နဂိုကတည်းကမှ အရှက်နှင့်သိက္ခာမရှိခဲ့သည့် ကြင်စိုး သာဝ မအလမှာ ဖွတ်သထက် ညစ်အဖြစ်သို့ ထပ်မံ၍ ထိုးစိုက်ဆင်းခဲ့ရပြန်ပါလေတော့၏။
တကယ့်အနုပညာရှင် ပြည်သူချစ် အဆိုကျော်တို့ကား မိမိတို့၏ နှုတ်ခမ်းလွှာများကို ခေတ်ပြောင်းတော်လှန်ရေး ကာလအတွင်း အသေပိတ်ထားကြချိန်မှာ သူခိုး ပီဘိ လုဓားပြ မအလဘက်တော်သား အချို့ကား သူတပါး၏ မူပိုင်သီချင်းများကို ရဲရဲတင်းတင်း ဗြောင်ခိုးကာ စင်မြင့်များပေါ်မှာ ကပေါက်တိကပေါက်ချာ ထင်တိုင်းကြဲခဲ့ကြပါလေ၏ ခင်ဗျာ။
“အမေးလိုက်အကား . . . ခွန်အားချိမှ”
ကြားရကြားရ နားဝ စိတ်ဆင်းရဲကြရပါလေ၏။ အောက်မှာ ပရိသတ်မရှိသော မဏ္ဍပ်စင်မြင့်တွေပေါ်မှာ ခွေးအတွေ လှည်းနင်းသလို အလျှို အလျှို ခုန်ပေါက်ကာ ဟစ်ကြွေးနေခဲ့ကြပါလေ၏။
ကြင်စိုး သာဝ မအလကား ဘယ်ရေပက်ခံမဏ္ဍပ်အနားသို့မှ မသွားဝံ့ဘဲ မေမြို့ သို့မဟုတ် ပြင်ဦးလွင်မှာ သူ၏ ဒဏ်ရာရလက်ဖဝါးကို အကြီးစား ခွဲစိတ်နေခဲ့ရပါလေ၏ ခင်ဗျာ။
(ခ)
သင်္ကြန်ပြီးတော့ ‘နှစ်ဦးဆွမ်းကျွေး’ အတွက် စိမ်းသရဖူစိမ်းကိုယ်တော်၏ တောင်ကျောင်းမှာ စုဝေးလုပ်ကိုင်နေကြပါလေ၏။ အစိမ်းရောင်ကျောင်းမှာ အဘစိမ်းမောင်တို့ အဘစိမ်းလွင်တို့ ဦးဆောင်သည့် အစိမ်းအုပ်စု လေးငါးခြောက်ယောက် ရောက်ရှိနေပါ၏။
သည်ဘက် အရွှင်အဖွဲ့မှာကား အဘစောမူးသာတို့ အဘလုံးတုံးတို့ အဘထွန်းခင်တို့ အဘရစ်ချတ်တို့ အပါအဝင် ဆယ့်လေးငါးယောက် ရှိပါလေ၏။ ဝက်သားကျွေးမည်ဟုသိရပြီး အုပ်စုလိုက် ရေနွေးအိုးတည်ကြ၊ ဝက်မွေးခြစ်ကြ၊ ဝက်သားတုံးကြ၊ ကြက်သွန်ခွာကြ၊ ငရုတ်သီးထောင်းကြဖြင့် မြိုင်ဆိုင်လှပါလေ၏။
အဘစိမ်းမောင်တို့အုပ်စုဘက်မှာ ဒီနှစ်သင်္ကြန် ဘယ်လိုစည်ကားကြောင်း၊ ဘယ်လို အေးချမ်းသာယာခဲ့ကြောင်း၊ ပြည်သူလူထု ဘယ်လိုပျော်ရွှင်ကာ ဘယ်လိုပါဝင်ဆင်နွှဲခဲ့ကြကြောင်း . မြဝတီက သတင်းတွေပမာ မဟုတ်မဟပ်တွေ လုပ်ဇာတ်တွေ လီဆယ်ကာ အားရပါးရ ပလုပ်ပလောင်း ပြောနေကြလေရာ အဘစောမူးသာက ဖေကြီးတို့အား အဓိပ္ပာယ်ပါပါ ပြုံးပြပါလေ၏။
“အမေးလိုက်အကား . . . ခွန်အားချိ မှ . . . ငပု တံဆိပ်တွေ ယားလိမ့်မယ် . . . . .”
“ဝါး ဟားဟား ဟားဟား ဟားဟား . . . .”
အဘစောမူးသာ၏ ရုတ်တရက်အဆိုကို ကျွန်ုပ်တို့ဘက်မှ ရုတ်တရက် ထရယ်လိုက်ကြပါလေ၏။ အဘစိမ်းမောင်တို့အုပ်စုကား ရှုတည်တည် မျက်နှာကြီးတွေဖြင့်။ ပြီးတော့ သူတို့အဘ မအလအကြောင်းကို အမွှမ်းတင်ကာ ဆက်ပြောနေကြပြန်ပါလေ၏။
“စကစဥက္ကဋ္ဌကြီးက ‘ကိုကိုးကျွန်း’ ကိုသွားလိုက်သေးတယ်ကွ”
“သွားမှာပေါ့ဟ . . . သူ ‘တကျွန်း’ ကျရင် နေရမယ့်နေရာပဲဟာ၊ သေသေချာချာ သွားပြင်ထားမှာပေါ့”
“ဝါး ဟားဟား ဟားဟား ဟားဟား . . . .”
အဘစိမ်းမောင့်အပြောကို အဘစောမူးသာက ဝင်ထောက်လိုက်ချိန်မှာ ကျွန်ုပ်တို့ဘက်က ထရယ်မိကြပြန်ပါလေ၏ ခင်ဗျာ။ အဘစိမ်းမောင်မှာ သူတို့အဘကိုထိတော့ ခံနိုင်ပုံမရ။ နောက်တနည်း ဆက်ပြောပြန်ပါလေ၏။
“ဘာပဲဖြစ်ဖြစ်ကွာ၊ နစကဥက္ကဋ္ဌကြီးဟာ အခုနှစ် Times မဂ္ဂဇင်းကရွေးချယ်တဲ့ ကမ္ဘာ့ကျော်ကြားသူ ၁၀၀ ထဲမှာ ပါတယ်ကွ . . . ဟ ဟ”
“အေးလေ . . . အဲဒါတော့ မှန်သဟ၊ ကျန်တဲ့ ၉၉ ယောက်က ‘အကောင်း’ နဲ့ ကျော်ကြားတာ၊ မအလက ‘အဆိုး’ နဲ့ ကျော်ကြားတာ”
“ဝါး ဟားဟား ဟားဟား ဟားဟား . . . .”
အဘစိမ်းမောင်မှာ တော်တော့်ကို ‘တင်း’ နေသည့် မျက်နှာကြီးနှင့်ပါ။ သူဘာပြောပြော အဘစောမူးသာက ရအောင် လိုက် ‘ထောက်’ပြီး ကျန်အဘ ထွန်းခင်တို့၊ အဘရစ်ချတ်တို့၊ ကျွန်ုပ်နှင့် အဘလုံတုံးတို့က ‘အုံးအုံးထ’ ရယ်ချမိကြလေရာ ‘စိမ်းသရဖူစိမ်း’ အုပ်စုမှာ မျက်နှာကြီးတွေ မည်းပုပ်လာပါလေ၏။
(ဂ)
အဘစိမ်းမောင်က လေချိုသွေးကာ နောက်ထပ်တမျိုး ချိုးလာပြန်ပါလေ၏။ အဓိကအချက်ကား သူတို့အဘဟာ ဘယ်လောက်အထိ နေ့မအိပ်ညမအိပ် အလုပ်လုပ်ကြောင်း၊ ဘယ်လောက်အထိ တိုင်းပြည်နဲ့လူထုအပေါ် စေတနာရှိကြောင်း၊ မြန်မာ့သမိုင်းမှာ ဒီလောက်အထိ အလုပ်လုပ်တဲ့မင်း မတွေ့ဘူးသေးကြောင်း . . တံတွေးတွေ ပလုပ်ပလောင်းနှင့် ပြောနေပြန်ပါလေ၏။
အဘစောမူးသာက ကျွန်ုပ်တို့အား အဓိပ္ပာယ်ပါပါ ရယ်ပြပါ၏။ ပြီးတော့ သူ့ခေါင်းမှာပေါင်းထားသည့် တဘက်ကိုချွတ်ကာ အရှည်လိုက်ခေါက်ပြီး သူ့လက်ဖဝါးကို ပတ်တီးစည်းသလို ချည်နှောင်နေတာ တွေ့ရပါလေ၏ ခင်ဗျာ။
ရုပ်ရှင်သဘောနှင့်ဆိုပါက အနှီ ‘နိမိတ်ပြ’ လေးမှာ နောက်လာမည့်ဇာတ်ကွက်အတွက် ကြိုတင်ချိတ်ဆက်ထားတာဟု ယူဆရပါ၏။
ဤမှာတင် အဘစိမ်းမောင်ထံမှ မအလကြီး၏ စေတနာတွေ မေတ္တာတွေကို ဆက်ကြားကြရပါလေ၏။
“အခုလည်းကြည့်ကွာ၊ နေ့မအား ညမအား အလုပ်တွေ တအားများနေတော့ သင်္ကြန်တွင်းကျကာမှပဲ ပြင်ဦးလွင်ကိုသွားပြီး သူ့လက်က ဝေဒနာကို ခွဲစိတ်ဖြစ်တော့တယ်”
အဘစိမ်းမောင့်စကားကိုကြားတော့ အဘစောမူးသာက တဘက်စည်းထားသည့် သူ့လက်ဖဝါးကို ဖြဲစပ်စပ်နှင့် ထောင်ပြပါလေ၏။
“အဲဒါ ဘာဖြစ်တာလဲ သိလား စိမ်းမောင်”
“အဲ . . . အဲ . . . အဲဒါတော့ မသိဘူး . . .”
“အေး . . . မသိရင်မှတ်ထား . . . မအလကြီး ‘လက်ဖဝါးကင်ဆာ’ ဖြစ်နေလို့ဟ”
“ဟေ . . . ‘လက်ဖဝါးကင်ဆာ’ ဟုတ်လား၊ ငါတော့ တသက်နဲ့တကိုယ် တခါမှ မကြားဖူးဘူး”
“အေး . . . တကယ်ဖြစ်နေတာကွ”
ရှင်းပြပါလေ၏။ နိုင်ငံတခုမှာ တိုင်းပြည်တပြည်မှာ ‘စစ်တပ်’ ဆိုတာ ရှိရမှာဖြစ်ပြီး အဲသည်စစ်တပ်ဟာ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ရမှာဖြစ်ကြောင်း၊ အဲသည်လိုမဟုတ်ဘဲ စစ်တပ်ကို ‘မောင်ပိုင်’ စီးကာ ‘ကိုယ်ပိုင်တပ်’ လုပ်ပြီး လူထုကို နှိပ်စက်သတ်ဖြတ်ဖို့ ခိုင်းစေနေရင်၊ ခိုင်းစေခံရတဲ့ စစ်တပ်ကလည်း အဲသည်လို ‘အဓမ္မကောင်’ ရဲ့ အခိုင်းခံလုပ်နေရင် အဲသည်တိုင်းပြည်နဲ့ လူထု ဒုက္ခရောက်ကြောင်း အသေအချာကို ရှင်းပြပါလေ၏။
“အခု မင်းတို့အဘ ကြင်စိုး သာဝ မအလဟာ အိမ်ကြက်ချင်း အိုးမည်းသုတ်ပေးပြီး ခွပ်ခိုင်းနေသူ လူယုတ်မာကြီးလေ . . .”
“- - - - - -”
“ဒီလို နေ့စဉ်နဲ့အမျှ အိုးမည်းသုတ်ပေးနေတဲ့ သူ့လက်ဖဝါးတွေဟာ အခုအခါမှာတော့ ‘လက်ဖဝါးကင်ဆာ’ နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီတဲ့ကွ . . . အာဟ . . . အာဟ . . . အာဟ”
ဖေကြီး (လေရှီး)
(က)
ရွာတောင်ဘက်အစွန်က ဘုန်းကြီးကျောင်းကို လိုက်ခဲ့ဦးဟ ဆိုတော့လည်း ထုံးစံအတိုင်း မျက်ခုံးခပ်လှုပ်လှုပ် မျက်နှာခပ်ပူပူနဲ့ပဲ လိုက်ခဲ့ရပြန်တာပါပဲခင်ဗျာ။ နှစ်သစ်ကူး သင်္ကြန်ကာလ အထူးတရားပွဲအတွက်ဆိုလား ဘာလား၊ အဲသည်ကိစ္စအတွက် အစည်းအဝေးဆိုလား ဘာလားပါပဲ။
မြန်မာပြည်မှာ ရှာမှရှားလေမယ့် ဘုန်းကြီးကျောင်းအုတ်တံတိုင်း အစိမ်းရောင်ကြီးက ခပ်လှမ်းလှမ်းကနေပြီး ခပ်စိမ်းစိမ်းကြီးနဲ့ ကြိုဆိုနေပါသဗျ။ ကျောင်းခေါင်မိုးအစိမ်းရောင်ကြီးကတော့ အစိမ်းဆရာတော် ဦးအစိမ်းတရဲ့ တပည့်သာဝကတွေဖြစ်တဲ့ စိမ်းသရဖူစိမ်း အဘစိမ်းမောင်နဲ့ အဘစိမ်းလွင်တို့ အမြဲအစိမ်းတပ်ဖွဲ့ရဲ့ အလှူရေစက်တွေ ဖြစ်ပါသတဲ့။
“စိမ်းသရဖူစိမ်း . . . စိမ်းသရဖူစိမ်းရယ် .. . အစိမ်းမှာသတင်းကြီးတဲ့ အစိမ်းရောင်အစွဲကြီး ‘မောင့်ဘဘစိမ်း’ ရယ် . . . .”
အဘစောမူးသာက တွံတေးသိန်းတန်ကီးနဲ့ အသံနေအသံထားနဲ့ ဋ္ဌာန်ကရိုင်းကျကျ မေးလေးများရိုက်ရိုက်ပြီး ဟစ်လိုက်ပါတယ်ခင်ဗျ။ ကျောင်းထဲရောက်နေနှင့်သူတွေအကုန်လုံး ကောင်းကောင်းကြီး ကြားရမှာပါ။
“တမင်စိမ်းချင်လို့များ ပင်စိမ်းပင်မှာ မွေးလေသလား . . . အား ဟာ . . .”
“လုပ်ထားကွ . . ‘တွံတေးမူးသာ’ ကွ”
“ဟား ဟား ဟား ဟား ဟား ဟား . .”
ပြောရင်း ဆိုရင်း ရယ်ရင်း ဟားရင်းကနေ ကျောင်းထဲကို ခြေအချမှာတော့ ကျောင်းဇရပ်ဘေး ခရေပင်ကြီးအောက်က စိမ်းစိမ်းကြီး လှမ်းကြည့်နေကြတဲ့ စိမ်းသရဖူစိမ်း ဆရာတော်နဲ့ စိမ်းသဖူစိမ်း ဒကာကျော်တို့ကို မြင်ကြရပါတယ်။
“မူးသာတို့ နောက်ကျနေပါလားဟ . .”
“တင်ပါ့ . . . နောက်ကျဆို မြဝတီ TV သတင်းတွေ ကြည့်နေလို့ပါ ဘုရာ့”
“ဟေ . . .”
‘မြဝတီ’ဆိုတာနဲ့ ဆရာတော်နဲ့အဖွဲ့မှာ အံ့သြတဲ့မျက်နှာတွေနဲ့အတူ ကျေနပ်သွားကြတဲ့ မျက်လုံးတွေကိုပါ မြင်လိုက်ရပါတယ်။ ဆရာတော်က မြဝတီကြည့်ဖို့ အမြဲတမ်း တိုက်တွန်းတတ်တာကိုး ခင်ဗျ။
“အေးကွ မူးသာတို့ လုံးတုံးတို့ရ . . . မင်းတို့ စလောင်းက သတင်းတွေချည်း ကြည့်မနေဘဲ အခုလို မြဝတီပါကြည့်တော့ ‘အမှန်တရား’ ကို သိရတာပေါ့ကွ”
“တင်ပါ့ဘုရား . . အခု လာသာလာရတာ၊ ကိုယ်တော် ပြန်မှရောက်သေးရဲ့လားလို့ တွေးနေခဲ့ကြတာ ခင်ဗျ”
“အမ် . . . ငါက ဘယ်သွားနေလို့လဲဟ”
“သိဘူးလေဘုရာ့ . . နေပြည်တော်ကိုဖိတ်ကြားခံရလို့ စစ်ရေးပြကွင်းမှာ စစ်သမီးတွေကို အမွှေးနံ့သာရည်တွေ ဖျန်းလိုက်၊ ပန်းကုန်းတွေစွပ်လိုက် လုပ်နေကြတဲ့ ကိုယ်တော်တွေကြားမှာ များလားလို့ပါ”
“အမ် . . . . . .”
“ခုနက မြဝတီ TV သတင်းမှာတောင်မှ တပည့်တော်တို့ ရှာကြည့်ကြပါသေးတယ်။ ငါတို့ကိုယ်တော် ဘယ်နေရာမှာလဲလို့”
“- - - - - -”
အဘစောမူးသာကတော့ တကယ်ပါပဲဗျာ။ ရောက်တဲ့နေရာကနေ ရတဲ့အခြေအနေကနေပြီး ရအောင်ပြောတတ်ပါပေရဲ့။ ဆရာတော်ကား နှုတ်ဆွံ့တော်မူသွားပြီးသကာလ ခဏလေးအတွင်းမှာ ကိုယ်ပါပျောက်သွားပါလေတော့၏ ခင်ဗျာ။
(ခ)
တောင်ကျောင်းကိုယ်တော်မှာ ကုဋီပဲသွားတက်သလိုလို ရေပဲသွားချိုးတော်မူသလိုလို ဆွမ်းပဲ သွားဘုဉ်းပေးသလိုလို အထာမျိုးနဲ့ ကိုယ်ဖျောက်သွားတာပါ။
အဘစိမ်းမောင်တို့ သူ့သားကြီး လေမောင်တို့ အဘစိမ်းလွင်တို့နဲ့ ဆက်လက်၍ စခန်းသွားကာ လာရင်းကိစ္စကို ပြောကြဆိုကြ တိုင်ပင်ကြဖို့ပဲ ရှိတော့တာပေါ့ ခင်ဗျာ။
“ဒါနဲ့ စိမ်းမောင်ရေ . . . TV ထဲမှာ တော်လှန်ရေးနေ့ ပရိတ်လျှောက်တာ မိန်းမတွေ ပိုများနေသလိုပဲကွ”
“‘မိန်းမ’ မဟုတ်ဘူး၊ ‘စစ်သမီး’ လို့ခေါ်ရတယ်ဟ”
အဘစောမူးသာ့စကားကို အဘစိမ်းမောင်က ဤကဲ့သို့ တုံ့ပြန်ပါလေ၏။ စစ်ပြန်ကြီး အဘလုံးတုံးကား ပြုံးတုံးတုံးကြီး ခင်ဗျ။ အဘလုံးတုံး တပ်ကြပ်ကြီးလူထွက်ကား အနှီကဲ့သို့ တော်လှန်ရေး Parade ကို ကိုယ်တိုင်ပါဝင်လျှောက်ဖူးသူဟု ကြားသိဖူးပါ၏။
“ဟုတ်တယ်ကွ မူးသာရ။ စိမ်းမောင်ပြောသလိုပဲ ‘စစ်သမီး’ လို့ ခေါ်ဟ”
“အေးပါကွာ . . . ငါ TV ထဲမှာ သေသေချာချာကြည့်မိတော့ ‘စစ်သမီး’ တွေဟာ ထူးခြားနေတာ တွေ့ရတယ်ကွ”
“ဘယ်လိုထူးခြားနေတာလဲဟ မူးသာရ”
အဘစောမူးသာက ပြောသည်မှာ အနှီ ‘စစ်သမီးတွေ’ ဟာ တကယ့်စစ်သမီးက နည်းနည်းလေးဖြစ်ပြီး တပ်တွင်း နောက်တန်းက စစ်သားမိန်းမတွေက များများဖြစ်လိမ့်မယ်လို့ သူတို့တွေရဲ့ ပုံပန်းတွေကို ကြည့်ရှုလေ့လာပြီး မှတ်ချက်ပေးနေတာပါ။
အဲဒါကို စစ်ပြန်ကြီး အဘလုံးတုံးကလည်း ‘အမှန်ပဲ’ လို့ ထောက်ခံချက် ပေးပါသဗျ။ အဲဒါနဲ့ဆက်စပ်ပြီး စစ်တပ်မှာ တော်လှန်ရေးပရိတ် လျှောက်ဖို့တောင်မှ လူအင်အား နည်းပါးနေပြီဖြစ်လို့ တပ်ထဲက ဇနီးမယားတွေ၊ ရဲမေတွေကိုတောင်မှ အစားထိုးကာ အသုံးပြုနေရပြီဖြစ်တဲ့ အခြေအနေလို့ မှတ်ချက်ပေးပါတယ်။ အဘစိမ်းမောင်တို့ကတော့ သိပ်ပြီးလက်မခံတဲ့ အနေအထားပါ။
“ဘာပဲဖြစ်ဖြစ်ကွာ . . . ၇၈ နှစ်မြောက် တပ်မတော်နေ့ကြီးဟာ သိပ်ကို စည်စည်ကားကား အောင်အောင်မြင်မြင်ကြီးပါ”
“အောင်မြင်မှာပေါ့ဟ . . . မင်းတို့ ငါတို့လို ပြည်သူတွေရဲ့ ဘဏ္ဍာငွေတွေကို စိတ်ကြိုက်သုံးပြီး ‘ဝုန်း’ ထားတာကိုးဟ”
“ဟားဟား ဟားဟား ဟားဟား . . . .”
ထရယ်ကြတော့ ဘဘစိမ်းတွေက သိပ်ကြည်ပုံမရ။ မျက်မှောင်တွေကြုတ်ကာ ခပ်တင်းတင်း ကြည့်ကြ၏။ ဆရာတော်ကား ပြန်လည်၍ ကိုယ်ထင်ပြတော်မမူသေး။
“ဒါနဲ့ လုံးတုံးရ . . မင်းတို့တွေ ရန်ကုန်က တော်လှန်ရေးပန်းခြံမှာ Parade လျှောက်ခဲ့ကြတုန်းက သတိရစရာလေးတွေရှိရင် ပြန်ပြီး ပြောပြပါအုံးဟ”
“အေး . . . ရှိတာပေါ့ မူးသာရ၊ ဟိုးအရင်က တော်လှန်ရေးနေ့ Parade လျှောက်ရင် ‘ဗိုလ်ရွေးအဖွဲ့’ လာပြီး ပန်းကုန်းစွပ်ခဲ့ကြတာကွ”
“ဘယ်လို . . . . ‘ဗိုလ်ရွေးအဖွဲ့’ လာကြတယ် . . . ဟုတ်လား”
“ဟား ဟား ဟား ဟား ဟား ဟား . . . အခုလို စစ်သမီးတွေကို ရေမွှေးဖျန်း၊ ပန်းကုန်းစွပ်ကြတဲ့ ‘ဘုန်းဘုန်း’ တွေနေရာမှာ ဟိုတုန်းကတော့ စစ်ဗိုလ်ချုပ်သမီးတွေ၊ တူမတွေ၊ ညီမတွေ၊ ခယ်မတွေ အပြည့်ပေါ့ဟာ”
အဘလုံးတုံးက ပြောပြသည်မှာ အဲသည်နေ့ဆို ခုနကပြောတဲ့ မာတုကာမတွေဟာ သူတို့မျက်စိကျရာ ‘အရာရှိငယ်’ ကို ပန်းကုန်းစွပ်ကာ ရွေးကြပါသတဲ့။ အနှီ အရာရှိလေးတွေကို ဤကဲ့သို့ ‘စွပ်’ ခြင်းကို ‘ဗိုလ်ရွေးသည်’ ဟုဆိုတာဖြစ်ကြောင်း ခပ်ရွှင်ရွှင် ပြောပြပါလေ၏။
“အခု တော်လှန်ရေးနေ့မှာတော့ ‘အတုတွေ’ အများကြီး မြင်တွေ့ခဲ့ရသဟ”
“ဘာ ‘အတုတွေ’ လဲဟ လုံးတုံးရ”
“ဘာအတုတွေဖြစ်ရမလဲ မူးသာရ၊ ‘စစ်သမီးအတု’ နဲ့ ‘ဘုန်းကြီးအတု’ တွေပေါ့ ဟကောင်တွေရ”
“ဟားဟား ဟားဟား ဟားဟား . . . .”
(ဂ)
အဘစိမ်းမောင်တို့ အစွန်းရောက်အစိမ်းအုပ်စုကား မကြည်မလင် မျက်နှာများနှင့်။ ချေပဖို့ရာ စကားလုံး ဝါကျများ ရှာနေသလို ပုံစံတွေပါ။ ခဏအကြာမှာ စကားစလာပါလေ၏ ခင်ဗျာ။
“ဘာပဲဖြစ်ဖြစ်ကွာ . . . ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တုံးတိုက်တိုက် ကျားကိုက်ကိုက် စိတ်ဓာတ်နဲ့ ခေါင်းဆောင်ကွ”
“ဝါး ဟားဟား ဟားဟား ဟားဟား . .”
“မင်းတို့ ဘာရယ်တာလဲ . . . အခုဆို သူ တပ်မတော်နေ့မိန့်ခွန်းမှာ ရဲရဲတောက်ကို ပြောချသွားတာ မင်းတို့အမြင်ပဲမဟုတ်လား”
“ဘာကိုလဲ ဟကောင် စိမ်းမောင်ရ . . .”
“ဘာရမလဲဟ . . . မင်းတို့ PDF နဲ့ တိုင်းရင်းသားအဖွဲ့တွေကို အပြတ်ချေမှုန်းပစ်မယ်လို့ ကမ္ဘာသိ ပြောသွားတာလေ”
“ဝါး ဟားဟား ဟားဟား ဟားဟား . .”
အရွှင်အဘတွေက ဝါးကနဲ ထရယ်ကြပြန်ပြီး အဲသလိုပြောလာတာ ၂ နှစ်တောင်မှ ရှိပြီဖြစ်ကြောင်းနဲ့ သူမိန့်ခွန်းပြောနေချိန်မှာပဲ သူ့ဖက်ဆစ်တပ်စခန်းတွေကို ပြည်သူ့ကာကွယ်ရေးတပ် PDF တွေက နေရာအနှံ့မှာ သိမ်းပိုက်နေပြီး ဖက်ဆစ်အလောင်းတွေ မြင်မကောင်းအောင် များပြားလှကြောင်း ပြောပြကြပါ၏။ ပြီးတော့ ဖက်ဆစ်တပ်တွေ လှူဒါန်းတဲ့ လက်နက်ခဲယမ်းတွေဆိုတာလည်း တောင်ပုံရာပုံဟု ဆိုကြပါ၏။
ကမ္ဘာမှာကော အာဆီယံမှာပါ လူရာမဝင်တဲ့ ‘တိုက်တိုင်းရှုံး’ ကြင်စိုး သာဝ မအလဟာ ‘စောက်ပြောကြီး ငပု’ ဖြစ်ပုံ၊ သူနဲ့ သူ့ရဲ့ခါးပိုက်ဆောင် ဖက်ဆစ်တပ်ဟာ သုံးလေးလ အတွင်းမှာပင် ဇာတ်သိမ်းတော့မယ့်အကြောင်းကို လက်ရှိ မြေပြင်အခြေအနေနဲ့ ထင်ဟပ်ကာ သေသေချာချာ သုံးသပ်ပြီး ကောက်ချက်ဆွဲပြကြပါတယ် ခင်ဗျ။
“မဖြစ်နိုင်ပါဘူးကွာ”
“အေးလေ . . . မင်းတို့ မအလဘောမတွေ မယုံရင် စောင့်ကြည့်ကြ။ မအလနဲ့ အပေါင်းပါတွေ ဘယ်လိုဘယ်ပုံ နိဂုံးချုပ်မလဲဆိုတာ မကြာခင် တွေ့ကြရမှာ”
ငြင်းသာငြင်းနေရတယ် . . မအလဘောမ ဘဘစိမ်းတို့တွေရဲ့ မျက်လုံးတွေထဲမှာလည်း သူတို့အဘ မအလကြီးရဲ့ အခြေအနေမကောင်းတော့ပုံကို သိနေကြသလိုလို ပုံစံအနေအထား အရိပ်အရောင်တွေနဲ့ပါ။
ဒီနေ့ ကျောင်းကိုလာပြီး ‘သင်္ကြန်’ တရားပွဲကိစ္စလည်း မဆွေးနွေးဖြစ်ခဲ့ကြပါဘူး။ ဒါပေမယ်လို့ ပြန်ခါနီးကျမှ ‘သင်္ကြန်’ နဲ့ ပတ်သက်တာလေး ပြောဖြစ်ပါတော့တယ်။
“ဒီမယ် စိမ်းမောင် . . မင်းတို့အဘ မအလ ဆိုတဲ့အကောင်ဟာ ‘လေ’ သမားကွ။ သူ့မှာ ‘လေ’ ပဲရှိတယ်။ ‘လေသံ’ ပဲရှိတော့တယ်။ ‘သင်္ကြန်အမြောက်’ ဆိုတဲ့ ဗမာစကား ကြားဖူးတယ် မဟုတ်လား”
“- - - - - - - -”
“မအလမှာ ‘အသံ’ ပဲရှိတယ်။ ‘အဆံ’ မရှိဘူး။ အသံကတော့ ကျယ်မယ်။ ‘အဆံ’ ကတော့ ဗလာနတ္ထိပဲ”
“- - - - - - - -”
“အေး . . . ခွေးလို ချောင်ပိတ်မိနေပြီဖြစ်တဲ့ ကြင်စိုး သာဝ မအလဟာ ခွေးကျ ကျပြီး ခွေးလိုအူကာ ခွေးရူးဇာတ်သိမ်းတော့မယ်ဆိုတာ ကမ္ဘာ့ TV ဖန်သားပြင်တွေပေါ်မှာ များမကြာခင် မြင်ကြရတော့မှာကွ . . . အာဟ . . . အာဟ”
ဖေကြီး (လေရှီး)