အီရန်မင်းသမီး တာရာနာ အလီဒူးစတီဟာ မြို့တော် တီဟီရန်က အကျဉ်းထောင်တခုကနေ အာမခံနဲ့ လွတ်မြောက်လာပြီလို့ မီဒီယာတွေက ထုတ်ပြန်ပါတယ်။
‘The Salesman’ ရုပ်ရှင်ရဲ့ ကြယ်ပွင့်နဲ့ အကယ်ဒမီဆုရှင် မင်းသမီးဟာ နိုင်ငံတဝန်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ထောက်ခံတယ်လို့ ထုတ်ဖော်ပြောဆိုပြီးတဲ့နောက် ဒီဇင်ဘာ ၁၇ ရက်မှာ အီရန်အာဏာပိုင်တွေရဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။
အလီဒူးစတီဟာ လမ်းတွေပေါ်က ဆန္ဒပြသူတွေရဲ့ အဓိကဆောင်ပုဒ်ဖြစ်တဲ့ “အမျိုးသမီး၊ ဘဝ၊ လွတ်လပ်မှု” လို့ ရေးထားတဲ့ ခေါင်းအုပ်ပဝါမပါတဲ့ ဓာတ်ပုံကို နိုဝင်ဘာလတုန်းက အင်စတာဂရမ်မှာ တင်ခဲ့တာပါ။
အလီဒူးစတီဟာ အာမခံပြီးတဲ့နောက် ထောင်ကနေထွက်သွားပြီလို့ မင်းသမီးရဲ့ရှေ့နေ ဇာဟရာ မီနောင်အီကို ကိုးကားပြီး အီရန်ကျောင်းသားများ သတင်းအေဂျင်စီ (IRNA) မှာ ဖော်ပြပါတယ်။
ဆန္ဒပြသူတွေကို လုံခြုံရေးတပ်တွေက ဖြိုခွင်းမှုအပေါ် ဆန့်ကျင်ပြောဆိုလို့ လွန်ခဲ့တဲ့ သုံးလအတွင်း ထိန်းသိမ်းခံခဲ့ရတဲ့ ဒါဇင်နဲ့ချီတဲ့ အနုပညာရှင်တွေ၊ သတင်းထောက်တွေနဲ့ ရှေ့နေတွေထဲမှာ အလီဒူးစတီလည်း ပါဝင်ခဲ့ပါတယ်။
အီရန်နိုင်ငံမှာ အမျိုးသမီးတွေအတွက် တင်းကျပ်တဲ့ အစ္စလာမ် ဝတ်စားဆင်ယင်မှုအောက်မှာ မသင့်လျော်တဲ့ ဝတ်စားဆင်ယင်မှုကြောင့် အဖမ်းခံရတဲ့ အသက် ၂၂ နှစ်အရွယ် မာဆာ အာမီနီဟာ စက်တင်ဘာ ၁၆ ရက်က သေဆုံးခဲ့ပြီး အီရန်မှာ ဆူပူအုံကြွခဲ့ကြပါတယ်။
ဆန္ဒပြပွဲတွေဟာ ၁၉၇၉ အစ္စလာမ္မစ်တော်လှန်ရေးနောက်ပိုင်း အီရန်မှာ ဘာသာရေး ဆရာတွေရဲ့ အုပ်ချုပ်ရေးအတွက် အကြီးမားဆုံးစိန်ခေါ်မှုတွေထဲက တခုဖြစ်လာပါတယ်။
အီရန်အမျိုးသမီး Mahsa Amini သေဆုံးပြီးနောက် အီရန်နိုင်ငံရှိ ဆန္ဒပြသူတွေနဲ့ တစည်းတလုံးတည်းရှိကြောင်း ပြသတဲ့အနေနဲ့ ထောင်နဲ့ချီတဲ့ သြစတြေးလျနိုင်ငံသားတွေဟာ အောက်တိုဘာ ၁ ရက်က ဆစ်ဒနီနဲ့ မဲလ်ဘုန်းတို့မှာ စုဝေးဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြသူတွေဟာ ကြွေးကြော်သံတွေကို ဟစ်ကြွေးခဲ့ပြီး နဖူးစည်း စာတန်းတွေကိုလည်း ကိုင်ဆောင်ပြီးတော့ အီရန်က အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေနဲ့ တညီတညွတ်တည်း ရပ်တည်နေကြောင်း ပြသခဲ့ပါတယ်။
လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်က အာမီနီသေဆုံးမှုဟာ အီရန်နိုင်ငံတစ်ဝှမ်းမှာ အစိုးရ ဆန့်ကျင်ရေးဆန္ဒပြပွဲများ ဖြစ်ပွားစေခဲ့ပြီး နှစ်ပေါင်း ၄၀ ကျော်ကြာ အစ္စလာမ္မစ် ဘာသာရေးဆရာ တွေ အာဏာထူထောင်ထားမှုကို အဆုံးသတ်ဖို့ ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။
စက်တင်ဘာ ၁၃ ရက်က အစ္စလာမ့်သမ္မတနိုင်ငံရဲ့ ကျင့်ဝတ်ထိန်းသိမ်းရေး ရဲတပ်ဖွဲ့က အသက် ၂၂ နှစ် အရွယ် အာမီနီကို မသင့်လျော်စွာ ၀တ်စားဆင်ယင်မှုနဲ့ ဖမ်းဆီးခံခဲ့ရပြီးနောက်မှာ ထိန်းသိမ်းထားချိန်အတွင်းမှာပဲ အာမီနီ သေဆုံးခဲ့ရမှုကြောင့် အဲဒီနောက်ပိုင်း နိုင်ငံတစ်ဝန်းရှိ မြို့ပေါင်း ၈၀ ကျော်မှာ ဒေါသထွက်နေတဲ့ ဆန္ဒပြပွဲတွေ ပျံ့နှံ့ခဲ့ပါတယ်။
အီရန်အစိုးရက ဆန္ဒပြပွဲတွေကို ဖြိုခွင်းခဲ့ရာမှာ လူပေါင်း ၅၂ ဦးထက်မနည်း သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရရှိခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က စက်တင်ဘာ ၃၀ ရက် သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။